သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"သတင်းသမားများဖမ်းဆီးခံရမှု ဒုတိယအများဆုံး မြန်မာဖြစ်လာ" CPJ


Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁
Myanmar Now သတင်းထောက် မကေဇွန်နွေးကို ဖမ်းဆီးသွားသည့်မြင်ကွင်း။ ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁

မြန်မာနိုင်ငံဟာသတင်းသမားတွေကို အကျဉ်းချတဲ့ ဒုတိယအများဆုံးနိုင်ငံ ဖြစ်တယ်လို့ CPJ ခေါ် သတင်းသမားများကာကွယ်ရေးအဖွဲ့က ဇန်နဝါရီ ၁၈ ရက် ကြာသပတေးနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ စစ်တပ်အာဏာသိမ်းထားတာ ၃ နှစ်ရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါးကျဆင်းလာသလို သတင်းဌာနတွေနဲ့ သတင်းသမားတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်မှတ်ထား ဖမ်းဆီး အရေးယူမှုတွေ ခံလာရတာပါ။

အခုလို သတင်းမီဒီယာတွေ အဖိနှိပ်ခံလာရချိန်မှာ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာ ကောင်စီ IPCM ကို ဒီဇင်ဘာလထဲမှာ ဗဟိုကော်မတီဝင် ၁၅ ဦးနဲ့ ထိုင်းနိုင်ငံ တနေရာမှာ ဖွဲ့စည်းနိုင်ခဲ့ပြီး ဒီအဖွဲ့ထဲမှာ သတင်းဌာနတာဝန်ရှိသူတွေ၊ သတင်းမီဒီယာဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ရှေ့နေတွေသာမက CJ ခေါ်အရပ်ဘက် သတင်းထောက်တွပါ ပါဝင်နေတာကြောင့် ဒါဟာ မြန်မာသတင်းလောကအတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုလို့ သုံးသပ်ကြပါတယ်။

ကရင်သတင်းဌာန KIC ရဲ့ အယ်ဒီတာချုပ် နန်းဖော့ဂေကို IPCM အဖွဲ့က ဥက္ကဋ္ဌ အဖြစ်ရွေးချယ်လိုက်ပါတယ်။ မြန်မာသတင်းမီဒီယာတွေဟာ သတင်းမှားတွေ ဖြန့်နေတယ်ဆိုတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စွပ်စွဲမှုခံနေရချိန်မှာ မြန်မာသတင်းမီဒီယာကောင်စီလိုအဖွဲ့မျိုး လိုအပ်တယ်လို့ IPCM ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။ ဒီအဖွဲ့ထဲမှာ အစိုးရအရာရှိတွေဖြစ်စေ၊ နိုင်ငံရေးပါတီဝင်တွေဖြစ်စေ ဝင်ရောက်ခွင့်ကိုလည်း တားမြစ်ထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၃ နှစ်တာကာလအတွင်း သတင်းသမားတွေ အဖိနှိပ်ခံ နေရသလို သတင်းလွတ်လပ်ခွင့်လည်းဆုံးရှုံးနေချိန်မှာ အခုလို လွတ်လပ်တဲ့ သတင်းကောင်စီ ပေါ်ပေါက်လာတာဟာ သိပ်ကောင်းတယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ RSF ရဲ့ အရှေ့အာရှဆိုင်ရာ ဒါရိုက်တာက VOA ကို ပြောပါတယ်။ ဒီလဆန်းပိုင်းမှာ အာဏာသိမ်းစစ်တပ်က သတင်းသမား ရှင်ဒေဝီကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ်ချတာအတွက် IPCM က ရှုတ်ချလိုက်ပြီး အကျဉ်းချခံနေရဆဲဖြစ်တဲ့ သတင်းသမားအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG