သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြား ဒေသခံတချို့ သေကျေဒဏ်ရာရ


ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့ကြောင်း AA ကထုတ်ပြန်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ (မတ် ၈၊ ၂၀၂၄)
ပုဏ္ဏားကျွန်းမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့ကြောင်း AA ကထုတ်ပြန်ခဲ့သည့် မှတ်တမ်းဓာတ်ပုံ (မတ် ၈၊ ၂၀၂၄)

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ သေကျေဒဏ်ရာရတာတွေ ရှိနေပါတယ်။ ပြည်နယ်မြို့တော် စစ်တွေမှာ ဆိုရင်လည်း အရပ်သား ၅ ဦးထက်မနည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှာ တနင်္ဂနွေနေ့ညပက လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၅ဦးသေဆုံးပြီး ၁ဝ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတယောက်ကပြောပါတယ်။

“ လက်နက်ကြီးကျတဲ့ အချိန်ကိုတော့ ကျနော်အတိအကျမှတ်မိဘူး ၅ယောက်လောက် တခါတည်း ပွဲချင်းပြီး သေသွားတယ်လို့ ကြားတယ်၊ ပြီးတော့ ၉ ယောက် ၁ဝ ယောက်လောက် ဆေးရုံရောက်တယ်လို့ ပြောသံကြားတယ်။တခြား အသေးစားဒဏ်ရာရတာ တွေလည်း ရှိရင် ရှိမှာပေါ့။”

ဒေသခံတွေ သေကျေထိခိုက်ခဲ့ရတဲ့ လက်နက်ကြီးကျည်ဟာ ဘယ်သူ့လက်ချက် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေတဲ့ ဒေသမှာ အရပ်သား သေဆုံးဒဏ်ရာရမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေအတွက် အပြန်အလှန် စွပ်စွဲလေ့ ရှိတတ်ပါတယ်။

ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း စစ်တွေမြို့ပေါ်က ကိုးရီးယားဆိပ်ကမ်းဈေးအတွင်း လက်နက်ကြီးကျည်ရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၁ဝကျော် သေဆုံးပြီး ၈ဝကျော် လောက်ဒဏ်ရာရရှိခဲ့တာလည်းရှိခဲ့တာပါ။အခုလို မြို့တွင်းကို မကြာခဏလက် နက်ကြီး ကျည်ရောက်ကျရောက်နေတာကြောင့် မြို့တွင်းမှာ ရှိနေတဲ့ ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ဒါ့အပြင် စစ်တွေမြို့တွင်းမှာရှိတဲ့ ဒေသခံတွေ အနေနဲ့စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲနေကြတယ်လို့လည်း စစ်တွေဒေသခံတဦးကပြောပါတယ်။

“ ဘယ်နေ့ဘယ်အချိန် ဘယ်နေရာမှာ လက်နက်ကြီးကျမယ်ဆိုတာ ဘယ်သူမှမပြော နိုင်ဘူးလေ ကိုယ့်ဆီလည်း ရောက်လာနိုင်တာပဲ စိုးရိမ်တာပေါ့အခြေအနေမကောင်း လို့သာနေနေ ရတာ သွားလို့ရရင်တော့ တခြားနေရာတွေကို တိမ်းရှောင်ချင်တာပေါ့။”

ပြီးခဲ့တဲ့ လတွေကတည်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရမ်းဗြဲမြို့မှာ ဒီရက်ပိုင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ်ရှိလုပ်နေတာပါ။ ဒီကနေ့မှာလည်း ရမ်းဗြဲအနီးအနားမှာရှိနေတဲ့ လေတောင်းမြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ ဒီနေ့ နေ့လည် ၁၁နာရီခွဲကဆိုလို့ရှိရင် လေးတောင်မြို့နယ်က ငပီချောင်းဆိုတဲ့ရွာကို Y12ထောက်ပို့လေယာဉ်တစီးကနေပြီးတော့ ဗုံးလာချတယ်၊ အမျိုးသမီးတယောက် ခြေထောက်မှာ ဒဏ်ရာရတယ် ဆေးရုံတင်ထားရတယ်လို့ ပြောတယ်၊ သေဆုံးတာတော့ မကြားဘူး၊ အဲဒီလေးတောင်မှာလည်း ဘာတိုက်ပွဲမှာ ဖြစ်တာမဟုတ်ဘူး ဒီအတိုင်းအသားလွတ်ကြီး ဗုံးလာကြဲတာ။”

တဆက်တည်းမှာပဲ ဇင်ချောင်းတိုက်နယ်ဆေးရုံကို စစ်ကောင်စီရေတပ်က လက်နက်ကြီးတဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေနဲ့ ဆေးရုံဝန်ထမ်းတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရတယ်လို့ သူကဆက်ပြောပါတယ်။

“ လူတွေကတော့ အကုန်လုံးနီးပါးလောက် တိမ်းရှောင်နေကြတယ်။ လူငယ်ပိုင်းတွေ လောက်ပဲကျန်တာပေါ့၊ လူကြီးပိုင်းတွေဆိုရင် ကျနော်တို့ ဇင်ချောင်းနဲ့ ဝေးတဲ့နေရာတွေကို လက်နက်ကြီးပစ်တဲ့အချိန်က စလို့တနေ့လုံးထွက်ပြေးနေကြတာပေါ့။ပြီးတော့ ဆေးရုံမှာလည်း လူလည်းမရှိတော့ဘူး လူနာတွေလည်း အကုန်ထွက်ပြေးကြပြီပေါ့။”

ရခိုင်ပြည်နယ်မှာ မြို့နယ် ၆ ခုလောက်နဲ့ တပ်စခန်းပေါင်း ရာနဲ့ချီလက်လွတ်ဆုံးရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ အရပ်သားတွေ နေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေကို ဦးတည်ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လေကြောင်းတိုက်ခိုက်တာတွေ အခုနောက်ပိုင်း ပိုတိုးလုပ်ဆောင်လာတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။ အခုလို ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးတာ ရာနဲ့ချီရှိနေသလို အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ ၃သိန်းကျော်အထိရှိလာနေတယ်လို့ ရခိုင်ဒေသခံအရပ်ဘက် အဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG