သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ပြေးဒုက္ခသည် တိုးများ၊ အကူအညီတွေလိုအပ်


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

မြို့ပေါ်တိုက်ပွဲတွေပြင်းထန်လာနေဆဲဖြစ်တဲ့ ရခိုင်ဒေသမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံစစ်ဘေးဒုက္ခသည်တွေ တနေ့ထက်တနေ့များပြားလာနေတာပါ။ လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေအတွက် နေရာထိုင်းခင်းအခက်အခဲရှိနေသလို လူသားချင်းစာမှုအကူ အညီတွေလည်းအရေးပေါ် လိုအပ်နေတယ်လို့ ဒေသတွင်းကူညီပေးနေသူတွေက ပြောဆိုကြပါတယ်။ သတင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့သတင်းကို ကိုဇော်မိုးကျော်ပြောပြပါမယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AAအဖွဲ့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ပြည်တွင်းအိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေ တနေ့ထက်တနေ့ များပြားလာနေပြီး စားဝတ်နေ ရေးအပြင် ကျန်းမာရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒုက္ခသည်တွေဟာ မကြာခဏဆိုသလို ဘေးကင်းလုံခြုံမယ့်နေရာတွေကို ရွှေ့ပြောင်းနေကြရတာကြောင့် နေထိုင်ဖို့ပါ ခက်ခဲနေကြ တာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ခံထားရတာကြောင့်လည်း နိုုင်ငံတကာ လူသားချင်းစာမှုအကူအညီတွေ မရသလိုဒေသတွင်း ကူညီပေးနေသူတွေအနေနဲ့ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ပေးဖို့ အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်ကူညီပေးနေသူတဦးကပြောပါတယ်။

“ စားဝတ်နေရေးကတော့ မလုံလောက်မှုကတော့ တော်တော်လေးများတယ်လို့ ပြောလို့ရ ပါတယ်။ မြေပြင်မှာက ကျနော်တို့ လုပ်နိုင်တာထက် ကျော်လွန်ပြီးတော့ လိုအပ်ချက်တွေ အများကြီးရှိနေတယ်။ ဥပမာ ကျနော်တို့ လုပ်နိုင်တာ ၂ရွာဆိုရင်လိုအပ်နေတာက ၁၀ ရွာလောက်ဖြစ်နေတယ်ဆိုတော့ စားဖို့သောက်ဖို့ တွက် ဆန်ရိက္ခာတခုတည်းတောင်မှ တော်တော်လေး အခက်အခဲဖြစ်နေတဲ့ အနေအထားမှာရှိတယ်ဗျ။ ”

လက်ရှိထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ဒေသခံကျေးရွာသားတွေရဲ့ ထောက် ပံ့မှုလောက်နဲ့သာစားဝတ်နေရေးကို ဖြေရှင်းနေကြရတယ်လို့ ရမ်းဗြဲမြို့နယ်က စစ်ဘေး ဒုက္ခသည်တဦးကပြောပါတယ်။

“ ဆီလည်းမရှိဘူး၊ ဆန်လည်းမရှိဘူး၊ ပိုက်ဆံလည်းမရှိဘူး၊အကုန်လုံးမရှိဘူး၊ ဘာလို့စားသောက်နေကြလဲဆိုတော့ ရွာတွေကနေပြီးတော့ အလှူရှင်တွေ လာပြီးတော့ ရတယ်ဆို လို့ရှိရင်တော့ စားရတာပေါ့နော်။ ကယ်ဆယ်ရေးလို့တော့ မဟုတ်တော့ဘူး။”

စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေးအပြင် ဆေးဝါးမလုံလောက်တာတွေ ဆေးရုံ၊ ဆေးခန်းတွေမရှိတာကြောင့် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေလည်း ရှိနေကြတာပါ။ ဒါ့ကြောင့် နိုင်ငံတကာအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသတွင်း စစ်ဘေးဒုက္ခသည် ကူညီနေသူတဦးကပြောပါတယ်။

“ အဓိကတော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အဆင်ပြေရင်ပြေသလို ပုံစံမျိုးနဲ့ မြေပြင်မှာ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံး ထောက်ပံ့ပေး ဖို့လိုတာပေါ့နော်၊ ဒီလမ်းက အဆင်မပြေဘူးဆိုရင် နောက်တလမ်းကပေါ့၊ လိုအပ်ချက်တွေက တော်တော်လေး လိုအပ်နေတယ် အဖွဲ့အစည်းတွေလည်း အများကြီးဝင်လာဖို့ လိုတယ်။”

ရခိုင်မှာ ဒီကနေ့အထိ တိုက်ပွဲတွေကြောင့် ရခိုင်မှာနေရပ်စွန့်ခွာ ထွက်ပြေးနေရ ခန့်မှန်းခြေ ၃၅ဝ ဝဝဝ ကျော် အထိရှိလာနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဒေသခံအရပ်ဘက် အဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။ အခြေအနေတွေ ပိုဆိုးလာနေတဲ့ ရခိုင်အပါအဝင် နိုင်ငံအနှံ့မှာ နေရပ်စွန့်ခွာရသူ အရေအတွက်ဟာလည်း အခုဆိုရင် ၂ သန်း ၇ သိန်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးကခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစ တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာတဲ့ ရခိုင်ပြည်နယ်မှာ ရေလမ်း၊ ကုန်းလမ်း သွားလာမှုတွေ ကန့်သတ်ထားတာကြောင့် စားနပ် ရိက္ခာနဲ့ အခြေခံပစ္စည်းတွေ ရှားပါးလာနေတယ်လို့လည်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက ဒီတပတ်ထဲမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG