သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တိုက်ပွဲတွေကြား ဒေသခံတချို့ ထိခိုက်သေဆုံး


စစ်တွေမြို့ (ယခင်မှတ်တမ်းပုံ)
စစ်တွေမြို့ (ယခင်မှတ်တမ်းပုံ)

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။ ဒီကနေ့မနက်ပိုင်းကလည်း စစ်တွေမြို့မှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁ ဒါဇင်ထက်မနည်း သေဆုံးပြီး ၃ဝကျော်ဒဏ်ရာရရှိခဲ့တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကိုပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစံကျော် တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြို့တော်စစ်တွေမှာ ဒီကနေ့မနက်ပိုင်း ၈နာရီကျော်လောက်က လက်နက်ကြီး ထိမှန်ရာက အရပ်သား ၁၂ ဦးသေဆုံးပြီး ၃ဝ ကျော်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA ကပြောပါတယ်။ ကုလားတန်မြစ်ထဲကနေ စစ်ကောင်စီ ရေတပ်သင်္ဘောက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ လူစည်ကားတဲ့ စစ်တွေမြို့ ကိုးရီးယားဆိပ်ကမ်းဈေးကို ကျရောက်ပေါက်ကွဲခဲ့ရာက ထိခိုက်သေဆုံးရတာလို့လည်း AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ အဲဒီဖြစ်စဉ်မှာ ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ လက်ရှိအချိန်အထိ အပြစ်မဲ့ပြည်သူ ၁၂ဦး သေဆုံးပြီးတော့ ၃၁ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ သိရတယ်၊ ဒဏ်ရာရတဲ့ သူတွေက တော့ အခုထိ သေသေချာချာတော့ စာရင်းအတိအကျထွက် လာတာမရှိသေးဘူး၊ ဒါပေမယ့် ၃၁ဦးကတော့ ဒဏ်ရာ ပြင်းထန်တဲ့အတွက် ဆေးရုံမှာ ရောက်နေပြီလို့ သိရတယ်။ နောက်ထပ် မစိုးရိမ်ရ ဒဏ်ရာရတဲ့သူဆယ်နဲ့ချီရှိပြီးတော့ရှိသေးတယ်လို့ သိရတယ်ဗျ။ ဒါ့ကြောင့် သေဆုံးတဲ့ ဦးရေလည်း ဆက်ပြီးတော့ တိုးလာနိုင်သလို ဒဏ်ရာရတဲ့ ဦးရေကလည်း ဆက်ပြီးတော့ တိုးလာနိုင်တယ်လို့ သိရတယ်။”

စစ်တွေမြို့မှာ ဘာတိုက်ပွဲမှဖြစ်ပွားတာမရှိပဲနဲ့ လူစည်ကားတဲ့ဈေးအတွင်းကို စစ်ကောင်စီက အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ ဒီလူမျိုး အပြစ်မဲ့ပြည်သူတွေ ဈေးရောင်းဈေးဝယ်လုပ်တဲ့ ဈေးထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာကတော့ အလွန်ဆိုးရွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တခုဖြစ်တယ်၊ တဘက်ကပြောရမယ်ဆိုလို့ရှိရင်တော့ ဒါဟာ မြန်မာနဲ့ အရှေ့တောင် အာရှသမိုင်းမှာ အဆိုးရွားဆုံးအကြမ်းဖက် တိုက်ခိုက်မှုတွေထဲက တခုဖြစ်တယ်လို့ ပြောလို့ရတယ်။ ဒီလိုမျိုး အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီအဖွဲ့ရဲ့ အပြစ်မဲ့ပြည်သူတွေကို ဦးတည် ပစ်မှတ်ထားပြီးတော့ ဆိုးရွားလှတဲ့ အကြမ်းဖက်လုပ်ရပ်မျိုးကို အိမ်နီးချင်း နိုင်ငံတွေ အပါအဝင် အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွေ အနေနဲ့ ဝိုင်းဝန်းကန့်ကွက် တားစီးကြဖို့ လိုတယ်လို့ ကျနော်တို့ပြောချင်ပါတယ်။”

လက်ရှိမှာတော့ သေဆုံးသူတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို စစ်တွေဆေးရုံကို ပို့ဆောင်ထားသလို စစ်ကောင်စီက ဆေးရုံအဝင်အထွက်တွေကိုလည်း ပိတ်ထားတယ်လို့ စစ်တွေဒေသခံ တွေက ပြောပါတယ်။ အခုလို အရပ်သားတွေကို ဦးတည်ပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့မှာ နေထိုင်တဲ့ ဒေသခံတွေ ကြောက်လန့်နေကြရတယ်လို့ စစ်တွေဒေသခံတဦးကပြောပါတယ်။

“ ပြည်သူတွေက အကြောက်တရားနဲ့ နေရတဲ့ အနေအထားမှာကျတော့ လုံခြုံမှုတော့ မရှိဘူး ပေါ့နော်၊ လူတိုင်းကတော့ ကြောက်စိတ်တွေနဲ့ ကျနော်တို့ စစ်တွေမှာနေတဲ့သူတွေက ဘယ်လိုမျိုးစစ်တွေမြို့ကထွက်ရမလဲ။ ကိုယ့်အသက်အန္တရာယ်လုံခြုံဖို့အတွက် လုံခြုံတဲ့နေရာ ကို ဘယ်လိုသွားရမလဲ စဉ်းစားနေကြတာပေါ့၊ အခုလို လက်နက်ကြီးကျည် ကျတော့ ကိုယ့်ကိုကိုယ်မလုံခြုံဘူးလို့ခံစားရတယ်။”

ရခိုင်စစ်ပြည်နယ်က တိုက်ပွဲတွေအတွင်း တပ်စခန်းတွေ လက်လွတ်ဆုံးရှုံးနေပြီး အထိနာနေတဲ့ စစ်ကောင်စီဟာ အရပ်သားတွေနေထိုင်တဲ့ မြို့ပေါ်ရပ်ကွက်နဲ့ လူနေကျေးရွာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို တိုက်ခိုက်တာတွေ ရှိနေတယ်လို့လည်း AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီကတော့ စစ်တွေမြို့၊ မြို့မဈေးမှာ အရပ်သားတွေ သေကျေထိခိုက်တဲ့ ပစ်ခတ်မှုဟာ AA အဖွဲ့ရဲ့ လက်ချက်အဖြစ် ဒီကနေ့ပဲ သတင်းထုတ်ပြန်ထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ မင်းပြားမြို့နယ် မင်းဖူးဆေးရုံကို စစ်ကောင်စီလေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ဆေးရုံတခုလုံး ပျက်စီးသွားသလို ဆေးကုသခံယူနေသူတွေ ဆေးရုံဝန်ထမ်းတွေအများအပြားဒဏ်ရာရရှိခဲ့တယ်လို့ AAဘက်က ထုတ်ပြန်ထားပါတယ်။ တဆက်တည်းမှာပဲ မင်းပြားမြို့နယ်သေကံကျေးရွာအတွင်းက စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် စစ်ဘေးဒုက္ခသည် အများအပြားလည်း ဒဏ်ရာရခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG