သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ တိုင်းဗဟိုလေ့ကျင့်ရေးစခန်းကို AA သိမ်းပိုက်


မင်းပြားမြို့နယ် တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄)
မင်းပြားမြို့နယ် တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၄)

မင်းပြားမြို့နယ်တွင်း သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ စစ်ကောင်စီရဲ့ တခုတည်းသော အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို မနေ့က ညနေပိုင်းမှာ ရခိုင့်တပ်တော် AA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်းက ရသေ့တောင် ဘူးသီးတောင် မောင်တောနဲ့ ပုဏ္ဏားကျွန်းမြို့ နယ်တွေ မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် AA က ဒီကနေ့အထိ ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော် က တင်ပြပေးပါမယ်။

ရက္ခိုင့်တပ်တော် AA က ရခိုင်ပြည်မြောက်ပိုင်း မင်းပြားမြို့နယ်က စစ်ကောင်စီရဲ့ အမှတ်(၉) တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို မနေ့က ညနေပိုင်းက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန် ထားပါတယ်။ အခုလို တပ်စခန်းတွေ တခုပြီးတခု လက်လွတ်ဆုံးရှုံးခံနေရတဲ့ စစ်ကောင်စီအနေနဲ့ လူနေ ကျေးရွာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို လေကြောင်းက တိုက်ခိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေတယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့ကလည်း မင်းပြားမြို့နယ်က မင်းဖူး ဆေးရုံနဲ့ သေကံ ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ကြတာပါ။ မနေ့က ည၁ဝနာရီ လောက်မှာလဲ သေကံ ကျေးရွာအနီးအနားကို လေယာဉ်နဲ့ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ မနေ့ညက ဆယ်နာရီခွဲလောက်က ဖြစ်မယ်၊ လေယာဉ်နဲ့ လာပစ်တယ်။​ရာမောင်တံတားဘေးက စခန်းတွေကို ပစ်သွားတယ်။ ပြီးတော့ သေကံ ကို လာပစ်သွားတယ်၊ အဲလိုမျိုး အရပ်သားတော့ ထိခိုက်မှု မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ စာသင်ကျောင်းကို ပစ်လိုက်တော့ ရွာတွေမှာ မနေကြတော့ဘူး၊ ရှောင်နေကြတယ်။ အိမ်တွေမှာ ဘယ်သူမှမရှိဘူး။ အဲဒါကြောင့် အထိအခိုက်တော့ မရှိဘူး။”

စစ်ကောင်စီက အခုလို လူနေကျေးရွာတွေကို ဦးတည် ပစ်ခတ်နေတာတွေကြောင့် သေကံ ကျေးရွာအပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတဦးက ပြောပါတယ်။

“ ရွာတွေကိုပဲ ပစ်နေတာကို သူတို့က။ အဲဒါကြောင့် ကျနော်တို့ ရွာထဲမှာ မနေဝံ့တော့ဘူး။ အဲဒါကြောင့် လယ်ကွင်းတွေမှာ ထွက်ပြီးတော့ ရှောင်နေကြရတယ်။”

ရခိုင်မြောက်ပိုင်းက ကျောက်တော် မြောက်ဦး မင်းပြား၊ မြေပုံနဲ့ ပေါက်တော မြို့နယ်တွေကို ရက္ခိုင့်တပ်တော် AA က အပြီးပိုင် သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ မြောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ ရသေ့တောင်၊​ ဘူးသီးတောင်၊ မောင်တောနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက တပ်စခန်းတွေကိုတော့ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေးလေ့လာနေသူတဦးဖြစ်တဲ့ ကိုထွန်းကြည် ကပြောပါတယ်။

“ အခုကာလမှာတော့ AA ဘက်က ကျန်တဲ့ မြို့နယ် တချို့ဖြစ်တဲ့ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောရယ် ဒီဘက်မှာဆိုရင်တော့ ရမ်းဗြဲမြို့နယ်ကို ထိုးစစ်ဆင်နေတာ တွေ့ရတယ်။ နောက်တခုကတော့ ကျောက်ဖြူမှာ ဆိုလို့ရှိရင်လည်း စစ်ကောင်စီဘက်ကနေ တော်တော်လေး လူသားဒိုင်းကာအဖြစ် ပြုလုပ်နေတာတွေကို တွေ့ရတယ်။ ကျောက်ဖြူက ပင်လယ်ကမ်းစပ်နားမှာ စက်လှေတွေကို လုံးဝ ထားခွင့်မရှိဘူး၊ စက်လှေတွေကို အိမ်နားကိုတင်ထားရမယ် ဆိုတဲ့ဟာမျိုးအထိ တင်းတင်းကြပ်ကြပ် လုပ်လာတမျိုးတွေ ရှိတယ်။ လောလောဆယ်အခြေအနေထိကတော့ AA ဘက်လည်း ထိုးစစ်အရှိုန်ကို မြင့်ထားတာရှိသလို စစ်ကောင်စီ ဘက်ကလည်း တော်တော်လေး အလူးအလဲ ခံနေရတဲ့ အခြေအနေရှိ တယ်လို့ ပြောလို့ရတယ်။”

အခုလို တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ သိန်းနဲ့ချီ ရှိနေတာပါ။ ဒါ့အပြင် ရခိုင်ပြည်တွင်း ကုန်လမ်း၊ ရေလမ်းတွေကို စစ်ကောင်စီက ပိတ်ဆို့ထားသလို ကုန်စည်စီးဆင်းမှုတွေကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေကြရတာပါ။ ရခိုင်လက်နက်ကိုင် AA ကတော့ ရခိုင်ပြည်နယ်အတွင်းက စစ်ကောင်စီတပ်စန်းအားလုံးကို တခုမကျန် တိုက်ထုတ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG