သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းအများစုကို AA ရက္ခိုင့်တပ်တော်ထိန်းချုပ်ထား


ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (ဇန်နဝါရီ၊ ၂၀၂၄)
ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (ဇန်နဝါရီ၊ ၂၀၂၄)

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တော်တော်များများကို ရက္ခိုင့်တပ်တော် AA က ထိန်းချုပ်ထားပြီးနောက်ပိုင်း ရခိုင်တောင်ပိုင်းမှာ မြို့နယ်တချို့မှာ တိုက်ပွဲတွေ ပြင်းထန်လာနေပါတယ်။ ကျောက်ဖြူမြို့နယ်မှာ သုံးရက်ဆက်တိုက် စစ်ကောင်စီဘက်က လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူမြို့နယ်အတွင်းက ကုလဘာကျေးရွာ အနီးမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA ကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် ဒီကနေ့အထိ အနီးအနားကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်တာတွေလုပ်နေတယ်လို့ ကုလဘာကျေးရွာသားတဦးကပြောပါတယ်။

“တိုက်ပွဲကတော့ ၁၂ နေ့ တရက်ပဲ ဖြစ်တယ်။ ဒါပေမယ့် စစ်ကောင်စီက မနေ့ကအထိ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ လေယာဉ်နဲ့လာပြီးတော့ အတွဲလိုက်ဗုံးတွေ ချတာတွေ ရှိတယ်။ ဒီနေ့လည်း တိုက်ပွဲဖြစ်တာတွေ မရှိဘဲနဲ့ မနက် ဆယ်နာရီကျော်လောက်ကစပြီးတော့ သူတို့ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်၊ နောက်ပြီးတော့ နေဗီ (ရေတပ်) ကလည်း ပစ်တယ်။ အမှတ် ၃၂ ရဲတပ်ရင်းကလည်း ပစ်တယ်။ ၅၄၂ တပ်ရင်းအနားက တောင်ပေါ်လက်နက်ကြီးတပ်ကလည်းပစ်တယ်။”

အခုလို ပစ်ခတ်မှုတွေကြောင့် ကျေးရွာသုံးရွာလောက်က ဒေသခံထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သူကပြောပါတယ်။

“လက်နက်ကြီးသံတွေ၊ လေယာဉ်သံတွေ၊ ဗုံးချတဲ့အသံတွေဆိုတော့လေ ဘယ်လို ပြောမလဲ။ မြေကြီးပါတုန်ခါသလိုဖြစ်တော့ မနေရဲတော့လို့ တရွာလုံး ထွက်ပြေးလာကြတာ စဖြစ်တဲ့နေ့ကတည်းက၊ မနက်ပိုင်းဖြစ်တယ်၊ နေ့လည်ပိုင်းလည်း ဖြစ်တော့ ညပိုင်း ထွက်ပြေးလာကြတာ။”

ကုလဘာကျေးရွာကနေ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကတည်းက ထွက်ပြေးလာတဲ့ဒေသခံတဦးကတော့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှာ စိုးရိမ်တာကြောင့် ထွက်ပြေးလာရတာဖြစ်တယ်လို့ ပြောပါတယ်။

“လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတော့ ရွာတွေက ဒေသခံတွေကတော့ ကြောက်ပြီးတော့ ထွက်ပြေးနေကြတယ်။ အဲဒီနားမှာရှိတဲ့ ကုလဘာရွာကဆိုရင်လည်း တော်တော်များများ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ နောက်ပြီးတော့ တခြား ပြိုင်းစေ့ကေတို့၊ ပြင်ရှည်ကျေးရွာတို့ အဲဒီရွာတွေကလည်း ထွက်ပြေးတိမ်းရှောင်နေကြတာတွေရှိတယ်။”

ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်မှာလည်း စစ်ကောင်စီက ဆက်တိုက် လေကြောင်းကနေ တိုက်ခိုက်နေပြီး ရမ်းဗြဲမြို့ပေါ် ရပ်ကွက်တော်တော်များများ မီးလောက်ပျက်စီးနေတယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာတော့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပေါက်တောမြို့နယ်တွေကို ရက္ခိုင့်တပ်တော်က AA က အပြီးထိန်းချုပ်ထားပြီးဖြစ်သလို မြေပုံမြို့နယ်က စစ်ကောင်စီတပ်တွေလည်း မြို့ကိုစွန့်ခွာသွားကြတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဒီလအတွင်း စစ်ကောင်စီ ရေတပ်သင်္ဘော ၅ စီးကို AA ဘက်က တိုက်ခိုက်ဖျက်စီးနိုင်ခဲ့သလို မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေက တပ်စခန်းတော်တော်များများကိုလည်း ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီလို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

လက်ရှိမှာတော့ ရခိုင်မြောက်ပိုင်းက မြို့နယ်တချို့နဲ့တပ်စခန်းတွေ အားလုံးနီးပါးဆုံးရှုံးနေတဲ့ စစ်ကောင်စီအနေနဲ့ ရခိုင်တောင်ပိုင်းမှာ အင်အားဖြည့်တင်းတာတွေရှိနေတာကြောင့် ရခိုင်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ ဒေသခံနိုင်ငံရေးသမားတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG