သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် မင်းပြားမှာ လေကြောင်းတိုက်ခိုက်မှု အရပ်သား ၂၀ ကျော်သေဆုံး


 မင်းပြားမြို့နယ် အတွင်းက မင်းဖူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ပျက်စီးခဲ့ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)
မင်းပြားမြို့နယ် အတွင်းက မင်းဖူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံရပြီး ပျက်စီးခဲ့ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၄)

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီတပ်တွေနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေပြင်းထန်နေပြီး အရပ်သားထိခိုက်သေဆုံးမှုတွေလည်း တိုးလာနေပါတယ်။ ရခိုင်မြောက်ပိုင်း မင်းပြားမြို့နယ်မှာ မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းက လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၂ဝ ကျော်သေဆုံးပြီး ၂ဝ ထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်တောမြို့နယ်မှာလည်း မတ်လ ၁၇ ရက်နေ့က လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ပါတယ်။ သတင်းအပြည့်အစုံ ရန်ကုန်ကပေးပို့ထားတာကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရက္ခိုင့်တပ်တော် AA သိမ်းပိုက်ထားတဲ့မြို့တွေထဲကတခုဖြစ်တဲ့ မင်းပြားမြို့နယ် သာဒေ မွတ်ဆလင်ကျေးရွာကို မတ်လ ၁၈ ရက်မနက်ပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ဝ ကျော်သေဆုံးပြီး ၂ဝ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သာဒေကျေးရွာ ဒေသခံမွတ်ဆလင်တဦးက ပြောပါတယ်။

“သေသူက ၂၁ ယောက်၊ ဒဏ်ရာရရှိသူက ၂၃ ယောက်၊ ပေါင်း ၄၄ ယောက်ရှိတယ်ခင်ဗျာ။ ဒဏ်ရာပြင်းထန်တဲ့သူ တော်တော်များများကိုတော့ ကျနော်တို့ အရေးပေါ်ဆေးပေးခန်းကို ပို့ထားတယ်ခင်ဗျာ။”

သေဆုံးသွားသူတွေထဲမှာ ဆင်ကြီးပြင် မွတ်ဆလင်ကျေးရွာကနေ ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ပါဝင်တာပါ။ ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာကိုပြေးနေကြရပေမဲ့ အချိန်မရွေးလေကြောင်းတိုက်ခိုက်လာနိုင်တာကို စိုးရိမ်နေကြရတယ်လို့လည်း အဲဒီ ဒေသခံမွတ်ဆလင်က ပြောပါတယ်။

“ညရောက်လာလို့ရှိရင် စစ်ကောင်စီတပ်က ဘယ်အချိန် ဘယ်နေရာ လာလို့ ဘယ်လိုပစ်သွားမှာလဲ ဆိုတာကို ကျနော်တို့ ပြည်သူလူထုတွေက စိုးရိမ်ကြောင်းကြပ် မှုတွေ တအားဖြစ်နေပါတယ်ခင်ဗျာ။”

AA သိမ်းပိုက်ထားတဲ့ ပေါက်တောမြို့နယ်က ကျေးရွာတချို့ကိုလည်း စစ်ကောင်စီက ဒီရက်ပိုင်းအတွင်း လက်နက်ကြီးတွေနဲ့ဆက်တိုက်ဆိုသလို ပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ မတ်လ ၁၇ ရက်နေ့က ပေါက်တောမြို့နယ် မနော်သီရိကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့တယ်လို့ ပေါက်တောဒေသခံတဦးကပြောပါတယ်။

“ကြိမ်ခွေမော်ကိုကျတော့ လက်နက်ကြီး ရွာထဲကျနေတာ ၃ ရက်လောက်ရှိပြီ။ ဒါပေမဲ့ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ မနေ့ကတော့ မနော်သီရိကိုကျတယ်။ နောက် အဲဒီနားကပဲ လက်ပန်ပြားရွာထဲကို ကျတယ်။ အဲဒီမှာ ၄ ယောက် သေတယ်၊ ကိုယ်ဝန်ဆောင်အမျိုး သမီးတယောက်ပါတယ်၊ နောက် ကလေးတယောက်ပါတယ်၊ သက်ကြီး အမျိုးသားတယောက်ပါတယ်။ နောက်လူငယ်တယောက်ပါတယ်။ ၄ ယောက်သေတယ်။ နောက် ဒဏ်ရာရတာလည်း ၂ ယောက်ရှိတယ်ဗျာ။ ကောင်မလေး ကလေးတယောက်နဲ့ နောက်တယောက် ပေါ့နော် ဒဏ်ရာရတာ။”

စစ်ကောင်စီတပ်ဟာ လူနေကျေးရွာတွေ၊ မြို့တွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ တိုးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူနေကျေးရွာအနီးမှာ ထောင်ထားတဲ့ စစ်ကောင်စီရဲ့မြေမြှုပ်မိုင်းတွေကြောင့်လည်း အရပ်သားထိခိုက်ဒဏ်ရာရမှုတွေရှိနေတယ်လို့ AA က ထုတ်ပြန်ပါတယ်။

အခုလို ပစ်ခတ်တာတွေကြောင့် ရခိုင်ပြည်နယ်ကဒေသခံတွေဟာ စိုးရိမ် ကြောက်လန့်နေကြရတယ်လို့လည်း ရခိုင်ဒေသခံတက်ကြွလှုပ်ရှားသူ ကိုထွန်းကြည်က ပြောပါတယ်။

“တိုက်ပွဲမရှိတဲ့ ဧရိယာတွေကိုလည်း စကစဘက်က လေယာဉ်နဲ့လာပြီး ဗုံးကြဲတာကတော့ အခုမှ မဟုတ်ပါဘူး၊ အရင်ကလည်း ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေက တောက်လျှောက် ရှိနေတယ်။တိုက်ပွဲနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက်တယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ အရမ်းခက်ခဲတဲ့သဘောမှာရှိတယ်၊ ကျီးလန့်စာစားဘဝနဲ့နေရတဲ့သဘောမှာရှိတယ်။”

မြန်မာစစ်ကောင်စီဘက်ကတော့ မင်းပြားမြို့နယ်လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာမျိုးမရှိပါဘူး။ ဒါပေမဲ့ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်မှုပျက်ပြားအောင် AA ဘက်က မြို့တွေ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်ပြီး သူတို့ကို လူထုအထင်အမြင်လွဲအောင်လုပ်နေတယ်လို့ မကြာခဏ ထုတ်ပြန်ခဲ့ဖူးပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ ရမ်းဗြဲမြို့နယ်တွေကို ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားပြီးဖြစ်သလို ရသေ့တောင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

အခုလက်ရှိမှာလည်း ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွင်း စစ်ကောင်စီတပ်စခန်းတွေကို AA ဘက်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တခြားမြို့နယ်တချို့မှာလည်း ကြိုကြားကြိုကြား ပစ်ခတ်မှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG