သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ တိုက်ပွဲပြင်းထန်၊ ရမ်းဗြဲကို စစ်ကောင်စီ လေကြောင်းကတိုက်ခိုက်


ရမ်းဗြဲမြို့ဝန်းကျင်တနေရာ မီးလောင်ကျွမ်းနေသည့်မြင်ကွင်း​(Photo-CJ)
ရမ်းဗြဲမြို့ဝန်းကျင်တနေရာ မီးလောင်ကျွမ်းနေသည့်မြင်ကွင်း​(Photo-CJ)

ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပါတယ်။ ရမ်းဗြဲမြို့ပေါ်ဆိုရင်လည်း ဒီရက်ပိုင်း စစ်ကောင်စီတပ်က ၃ရက်ဆက်တိုက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့တွင်း မီးလောင်တာတွေ တွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မင်းပြား၊ ရသေ့တောင်၊ ကျောက်တော် နဲ့ တခြားမြို့နယ်တွေမှာလည်း တိုက်ပွဲ အပြင်းအထန်ဖြစ်နေပြီး အရပ်သား သေဆုံး ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ AA ဘက်ကထုတ်ပြန် ထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ရခိုင်တောင်ပိုင်းက ရမ်းဗြဲမြို့နယ်မှာ စစ်ကောင်စီနဲ့ AAရက္ခိုင့်တပ်တော်ကြား ဒီရက်ပိုင်း အတွင်း နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက နေ့ရောညပါ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတယ်လို့ တိုက်ပွဲတွေကြောင့် ရမ်းဗြဲမြို့အနီးထွက်ပြေးနေရတဲ့ ဒေသခံတဦး ကပြော ပါတယ်။

“ လေယာဉ်ကတော့ နေ့တိုင်းပေါ့နော် ၃ရက်ရှိပြီး လာလာပစ်နေတာ တရက်ကို ၆စီး ၇စီးလောက်ရှိတယ်၊ ဒီနေ့လည်း ၁ဝနာရီကျော်ဝန်းကျင်ကနေ ၁ နာရီကျော်အထိ ၃စီးလာပြီးတော့ ပစ်တယ်၊ မြို့ပေါ်မှာ ဒေသခံပြည်သူတွေ မရှိတော့တာက တလကျော်ပြီ တိုက်ပွဲဖြစ်တဲ့ ဒီဇင်ဘာလ ၁၈ရက်နေ့ကတည်းက အကုန်လုံးထွက်ပြေးနေကြတာ။”

အခုလို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် မြို့တွင်းရပ်ကွက်တချို့ မီးလောင်တာတွေကို တွေ့မြင်ရတယ်လို့လည်း အဲဒီဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။

“ ညီမတို့နေတာက ၃မိုင်ဝန်းကျင်မှာ နေတာဆိုတော့လေ ပစ်တာခတ်တာတွေ အကုန်လုံး လက်နက်ကြီး လက်နက်ငယ် ပစ်တာတွေ အကုန်လုံးကြားတယ်၊ ပြီးတော့ မီးလောင်တာတွေ မီးခိုးထွက်တာတွေအကုန်လုံး၊ မြင်နေရတယ်၊ လေယာဉ်နဲ့ သုံးရက်ဆက်တိုက်ပစ်နေတာ ဆိုတော့ စိုးရိမ်မှုတော့ ရှိတာပေါ့ အဲမှာလည်း အကုန်လုံးပျက်စီးနေပြီဆိုတော့ စျေးလည်း မီးလောင်တယ်လို့ ကြားတယ် သွားကြည့်လို့တော့မရဘူး ဒီကတော့ မြင်နေရတယ်၊ တချို့ အမှတ် ၅ရပ်ကွက်က အိမ်တွေလည်း ပျက်စီးနေကြတယ် မီးလောင်ကြတယ်၊ အမှတ်၄ ရပ်ကွက်လည်း မီးလောင်တယ်ကြားတယ်။”

ရမ်းဗြဲမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့က နှစ်ဖက်တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပြီး သောင်းနဲ့ချီတဲ့ ရမ်းဗြဲမြို့ခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်း ရှောင်နေကြရတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ရခိုင်မြောက်ပိုင်းက မင်းပြား မြောက်ဦး ကျောက်တော် နဲ့ ရသေ့တောင် စတဲ့မြို့နယ် တွေမှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ AA ရက္ခိုင့်တပ်တော်က ထုတ်ပြန် ထားပါတယ်။ မနေ့က ညနေပိုင်းကဆိုရင်လည်း မင်းပြားမြို့နယ်က သဲတန်းကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့သလို ဇီးပင်ကြီးကျေးရွာမှာလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ AAရက္ခိုင့်တပ်တော်ရဲ့ မနေ့ကထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းက မြို့နယ်တော်တော်များများက စစ်ကောင်စီတပ်စခန်းတွေကို AAဘက်ကထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်တာတွေရှိနေတာပါ။ လက်ရှိမှာလည်း AA ဘက်စစ်ရေးအသာစီးရနေတာကြောင့် မကြာခင်မြို့တွေ ကို သိမ်းပိုက်လာနိုင်တယ်လို့ ရခိုင်အရေးလေ့လာသူ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကပြောပါတယ်။

“ ခြုံပြောရရင်တော့ တိုက်ပွဲက ULA/ AA ဘက်က ဖော်တယ်။ စစ်ကောင်စီဘက် ခုခံစစ်ပေါ့ အဲလို အနေအထားနဲ့ AAဘက်ကတော့ နေရာတိုင်းမှာ အရေးသာနေတာတွေ့ရတယ်၊ စစ်တပ်ဘက်ကတော့ အဓိက လေကြောင်းအားကိုးနဲ့ ပြန်ပြီးတော့ ပစ်ကူတွေပေး နေတာပေါ့နော်၊ ဆိုတော့ နောက်တပတ်လောက်အတွင်းမှာဆိုရင် သိသိသာသာမြို့ နယ်တွေကို သိမ်းပိုက်နိုင်တဲ့ အနေအထား ရှိလာနိုင်တယ်လို့ မြင်ပါတယ်ခင်ဗျာ။”

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ AAရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေ စတင်ခဲ့တာပါ။ လက်ရှိတိုက်ပွဲကာလ ၃လကျော်အတွင်းမှာ ပလက်ဝမြို့နဲ့ ပေါက်တောမြို့နယ် AAဘက်က အပြီးပိုင်ထိန်းချုပ်ထားနိုင်ပြီးဖြစ်တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ရာနဲ့ချီတဲ့ စစ်ကောင်စီတပ်စခန်းတွေ ဗျူဟာကုန်းတွေကိုလည်း AAဘက်က သိမ်းပိုက်ထားသလို လက်နက်ခဲယမ်းတွေနဲ့အများအပြားကိုလည်း သိမ်းစည်းရရှိထား တာပါ။စစ်မြေပြင်မှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်သားတွေအနေနဲ့ လက်နက်ချ တာတွေအများအပြားရှိနေပြီး တဖက်နိုင်ငံတွေကို အုပ်စုလိုက်ထွက်ပြေးတာ တွေရှိ တယ်လို့လည်း AAရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG