သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ AA ရဲ့ နယ်မြေသိမ်းတိုက်ပွဲ စစ်ကောင်စီအပြင်းအထန် ခုခံနေ


ရမ်းဗြဲမြို့အနီးတိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများကို ရခိုင့်တပ်တော် AA ကထုတ်ပြန် (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄)
ရမ်းဗြဲမြို့အနီးတိုက်ပွဲမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများကို ရခိုင့်တပ်တော် AA ကထုတ်ပြန် (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄)

ရခိုင်ပြည်နယ်က မြို့နယ် တော်တော်များများမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ ရမ်းဗြဲမြို့မှာဆိုရင်လည်း ဒီကနေ့အထိ တိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် တမြို့လုံး နီးပါးပျက်စီးနေတာပါ။ မနေ့ကလည်း ရမ်းဗြဲမြို့ကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီ တပ်ကို AAက ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၆ဝ လောက် သေဆုံးပြီး လက်နက်ခဲယမ်းတွေ အမြောက်အများသိမ်းဆည်းရမိတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သတင်းအပြည့်အစုံကို ကိုစံကျော် ကပြောပြမှာပါ။

ရခိုင်ပြည်နယ်ထဲက ရသေ့တောင် ဘူးသီးတောင် မောင်တော မင်းပြား၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့နယ်တွေမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရက္ခိုင့်တပ်တော် AA ကအင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ ဒီကနေ့အထိ ပြင်းထန် နေတာပါ။ မင်းပြားမြို့နယ်မှာ ကျန်ရှိနေသေးတဲ့ တိုင်းဗဟို(၉) သင်တန်းကျောင်းကို AAဘက် ကထိုးစစ်ဆင် တိုက်ခိုက်နေသလို အမ်းမြို့နယ်ဘက်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါးပစ်ခတ်နေတယ် လို့ ရခိုင်စစ်ရေးလေ့လာသူ ကိုထွန်းကြည် ကပြောပါတယ်။

“ ဒီနေ့အချိန်ထိတော့ တိုက်ပွဲတွေကတောက်လျောက် ပြင်းထန်နေဆဲဖြစ်တယ်၊ ရက္ခိုင့်တပ်တော် AA ဘက်ကလည်းဘူးသီးတောင် မောင်တော၊ ရသေ့တောင် နောက်ပြီးတော့ မင်းပြား တိုင်းဗဟိုပေါ့နော်။ တောင် ဘက်ပိုင်းမှာဆိုရင် ရမ်းဗြဲပေါ့နော် အဲဒီ ဧရိယာဝန်းကျင်ကို တောက်လျောက် ထိုးစစ် အကြီး အကျယ်ဆင်နေတာ တွေ့ရတယ်၊ အမ်းမြို့နယ် ဖက်မှာ လည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်နေတာကတော့ နေ့တိုင်း လိုလိုရှိတယ်။”

ဒါ့အပြင် လနဲ့ချီတိုက်ပွဲပြင်းထန်နေတဲ့ ရမ်းဗြဲမြို့မှာဆိုရင်လည်း ဒီရက်ပိုင်းအတွင်းစစ်ကောင်စီက နေ့ရော ညပါ လေကြောင်းကနေအပြင်းအထန် ခုခံတိုက်ခိုက်နေတယ်လို့ ရမ်းဗြဲမြို့အနီးမှာ ရှိနေတဲ့ ဒေသခံတဦး ကပြောပါတယ်။

“ ရမ်းဗြဲအခြေအနေကတော့လေ နေ့တိုင်းလို့ပြောလို့ရတယ် ဒီရက်ပိုင်းတွေဆိုရင် မနက်ကတည်းကနေ Y12တွေလာတယ်၊ပြီးတော့ ဂျက်ဖိုက်တာတွေ၊ ဟတ်စကီးတွေ အဲဒီလို တောက်လျှောက် ဟတ်စကီးပြန်သွားလို့ရှိရင် Y12 ပြန်လာတယ်၊ ကောင်းကင်ဓာတ်ပုံရိုက်တယ် ကင်းထောက်တယ် ဗုံးကြဲတယ်၊ သူပြန်သွားရင် ဂျက်ဖိုက်တာနဲ့ လာပြီးတော့ ဗုံးကြဲတယ်၊ တို်က်ပွဲကတော့ တနေကုန် ပြင်းထန်နေတဲ့ အနေအထားရှိတယ်။”

အခုလို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရမ်းဗြဲမြို့ပေါ်က ဆေးရုံတွေ စာသင်ကျောင်းတွေ ဘာသာရေး အဆောက်အဦးတွေနဲ့ နေအိမ်တွေတော်တော်များများ မီးလောင် ပျက်စီးသွားတယ်လို့ သူကဆက်ပြောပါတယ်။

“ မြို့ပေါ်ကိုတော့ တမင်ဖျက်စီးတဲ့ အနေအထားလို့ ပြောလို့ရတယ်၊ သူတို့ပစ်ခတ်တဲ့ နေရာ တွေကတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာမဟုတ်ပဲနဲ့ မြို့ပေါ်ကလူတွေ စွန့်ခွာနေတဲ့ မြို့ပေါ် ရက်ကွက်တွေပေါ့၊ အဲတာကို သူတို့က မီးလောင်ဗုံးတွေနဲ့ ပစ်တယ်၊ ဒီ ဂျက်ဖိုက် တာတို့ ကဆိုရင် ပေါင် ၅၀၀ ဗုံးကြီးတွေနဲ့ ပစ်တော့ တမြို့လုံးနီးပါးပျက်စီး ဆုံးရှုံးသွားတယ်လို့ ပြောရမယ်၊ ရခိုင်နှုန်းနဲ့ တွက်ရင် ၇၅ရာခိုင်းနှုန်းလောက်တော့ ပျက်စီးသွားပြီ ရက်ကွက်တချို့ မီးလောင်ပျက်စီးတာတွေရှိတယ်၊ နောက်ပြီးတော့ ဘုရားပုထိုးစေတီ ဘုန်ကြီးကျောင်းတွေက ပျက်စီးတာတွေများတယ်။”

မနေ့ကလည်း ရမ်းဗြဲမြို့ပေါ်ကို လေကြောင်းကနေစစ်ကူချပေးတဲ့ စစ်ကောင်စီတပ်သား ၁ဝဝ ကျော်လောက်ကို ရက္ခိုင့်တပ်တော် AA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီ တပ်သား ၆ဝ လောက်သေဆုံးခဲ့ပြီး ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံတိုက်ခိုက်နေသလို လက်နက်ခဲယမ်းတွေ အမြောက်အများသိမ်းဆည်းရမိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လက်ရှိမှာတော့ ရက္ခိုင့်တပ်တော် AA အနေနဲ့ ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မြေပုံနဲ့ ပေါက်တောမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်ထားပါတယ်။ ဒါ့အပြင် မင်းပြားမြို့နယ်ရဲ့ သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ တိုင်းဗဟို(၉) သင်တန်းကျောင်းကို ၈ရက်မြောက်နေ့အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေသလို တခြားသော မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမှာ စစ်တပ်က ရဟတ်ယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက်မှုမှာ တက္ကသိုလ်ကျောင်းသားတဦး သေဆုံးတဲ့သတင်းမှန်ကန်မှုမရှိကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့က ဒီကနေ့ တုံ့ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG