သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA နဲ့ တိုက်ပွဲကြား စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေး


ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ဘင်္ဂလား‌ဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) နဲ့ ညှိနှိုင်းပြောဆိုနေတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့ (BGP) (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှာ ဘင်္ဂလား‌ဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) နဲ့ ညှိနှိုင်းပြောဆိုနေတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တချို့ (BGP) (ဖေဖော်ဝါရီ ၅၊ ၂၀၂၄)

AA ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားရာက စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးနေကြပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်စခန်းတချို့ကို AA အဖွဲ့က သိမ်းပိုက်နိုင်တဲ့အထိ အသာစီးရလာတာကြောင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးနေကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူကတင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ တောင်ပြိုလက်ဝဲနဲ့ တောင်ပြိုလက်ယာစခန်းတွေကို AAရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ တောင်ပြို လက်ယာစခန်းကို မနေ့က ညနေ၆နာရီလောက်မှာ သိမ်းပိုင်နိုင် ခဲ့ပြီး ရန်သူ့အလောင်းအမြောက်အများနဲ့ လက်နက်ခဲယမ်းတွေ သိမ်းစီးရမိတာရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထွက်ပြေးသွားတာ ရှိတယ်လို့ AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာရှိပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း တောင်ပြိုလက်ဝဲ စခန်းကို AA တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ထပ်မံထွက် ပြေးလာတယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံရောက် ရိုဟင်ဂျာတဦးကပြောပါတယ်။

“ တောင်ပြိုလက်ယာ နယ်ခြားစောင့်စခန်းမှာ အပြင်းအထန်တိုက်ပွဲဖြစ်တော့ သူတို့မနိုင်လို့ ဘင်္ဂလားဖက်ကို ဝင်လာတယ်၊ ဘင်္ဂလားဘက်က တောင်ပြိုပေါ့ ဂူနာပါရာ ကော့စတောင်း စျေးကိုဝင်လာတယ်၊ အဲတာကို ဒေသခံတွေက BGB တွေကို သတင်းပေးလိုက်တာနဲ့ BGB က သူတို့လက်နက်တွေကို သိမ်းပြီးတော့ သူတို့ကိုလည်း အဲမှာ ထိန်းချုပ်ထားတယ်။ ပထမတကြိမ်က ၁၄ယောက် နောက်သူတို့စုစုပေါင်း ၆၈ယောက် ဒီနေ့မနက်လည်း ၄၁ယောက်ထပ်ရောက်လာတယ်လို့ သတင်းကြားတယ်။”

တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်က နယ်စပ်ခြံစည်းရိုးအနီးမှာ ရှိတဲ့ ကျေးရွာတချို့ကဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရသလို လက်နက်ကြီး ကျည်ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံရိုဟင်ဂျာနှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ ဘင်္ဂလားဒေရှ့်နိုင်ငံသားတွေည်း ထွက်ပြေးနေရတယ်၊ နယ်စပ်က ရွာတွေရွာလုံး ကျွန်တိမ်း ရှောင်ပြီးတော့ နေရတယ်။ ရွာက ဘင်္ဂလာဖက်က ဇော်လဖိုက်ဒေါ်လီနဲ့ ဂီလာဒေါ်လီ ရွာနီး ကပ်ပေါ့ အဲရွာမှာ အိမ်တွေ ဆောက်ထားတာပေါ့ ပစ္စည်းတွေ သယ်တဲ့အချိန် ရိုဟင်ဂျာ အသက် ၅၅နီးပါး နောက် ဘင်္ဂလားဒေသခံ အသက် ရဝကျော်အဘွားတယောက် အိမ်ပေါ်ကို လက်နက်ကြီးကျပြီးတော့ သေသွားတာရှိတယ်။”

စစ်ကောင်စီက လေကြောင်းကနေပါ တိုက်ခိုက်တာကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ စိုးရိမ်နေကြရတယ်လို့လည်း ရိုဟင်ဂျာတဦးကပြောပါတယ်။

“ ကျနော်တို့နေတာနဲ့ တိုက်ပွဲဖြစ်တဲ့နေရာက တမိုင်ခွဲပေါ့။ ကျနော်တို့ မနေ့ညကလည်း တညလုံး အိပ်လို့မရဘူး ဒီနေ့လည်း တော်တော်စိုးရိမ်စရာပဲ အပြင်းအထန်တိုက်တယ်၊ နောက်ကလေးတွေ ဘာတွေ ကြောက်တာတွေရှိသေးတယ်။ အဲဒီမှာ ဒီနေ့မနက်လည်း ၉နာရီ ကနေပြီးတော့ ၁၁နာရီအထိ အပြင်းအထန်တို်က်တယ်၊ မြန်မာဘက်က ရဟတ်ယာဉ်နဲ့ နာရီဝက်လောက် ပစ်တာပေါ့။”

ဒါ့အပြင် ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြောက်ဦး မင်းပြား မြို့နယ်တွေမှာလည်း စစ်ကောင်စီတပ်စန်းတွေကို AA ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တို်က်ပွဲတွေဒီကနေ့ အထိပြင်းထန်နေတာလည်းဖြစ်ပါတယ်။ မင်းပြားမြို့နယ်ဆိုရင်လည်း တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေသလို ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီက ကြည်း၊ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေတယ်လို့ အနီးအနားက ဒေသခံတဦးကပြောပါတယ်။

“ မင်းပြားကတော့ တော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ သိရတာပေါ့နော်၊ စစ်တွေကနေ နေဗီနဲ့ ရေကြောင်းပစ်ကူသွားတယ်၊ မနေ့ညကနေ ဒီနေ့အချိန်ထိ ဂျက်ဖိုက်တာရော တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေရော တောက်လျောက်သွားနေတာ အကြိမ် ၂ဝကျော် ၃၀ ဝန်းကျင်လောက်တော့ ရှိပြီထင်တယ် တောက်လျောက် သွားလိုက်ပြန်လိုက်နဲ့ အကုန်လုံးကို မင်းပြားကိုပဲ သွားတာလို့ယူဆယ် ဒေသခံတွေကလည်း အဲလိုပြောတယ်။”

ဒါ့ပြင် လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မြောက်ပိုင်းမှာ သိန်းနဲ့ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာပါ။ ဒါ့အပြင် ဖုန်းနဲ့အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေသလို စစ်ကောင်စီက ကုန်စည်စီးဆင်းမှုနဲ့ ကုန်းလမ်းရေလမ်းအားလုံးကို ပိတ်ဆို့ထားတာကြောင့် သေခံတွေအခက်ကြုံနေကြရတာပါ။

စစ်ရေးအရ အသာစီးရနေတဲ့ AAရက္ခိုင့်တပ်တော်အနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းရာနဲ့ချီ သိမ်းပိုက်ထားနိုင်သလို ပေါက်တောနဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေအားလုံးကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တယ်လို့ AAရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန် ချက်မှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG