သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"စစ်ကောင်စီနဲ့ AA တိုက်ပွဲကြား ထိခိုက်ဒဏ်ရာရသူ အများအပြားရှိ" - MSF


ရခိုင်ပြည်နယ် မောင်းတောမြို့နယ်ဘက်ခြမ်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာတွေ့ရတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တဦး (ဩဂုတ် ၂၄၊ ၂၀၁၈)
ရခိုင်ပြည်နယ် မောင်းတောမြို့နယ်ဘက်ခြမ်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာတွေ့ရတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တဦး (ဩဂုတ် ၂၄၊ ၂၀၁၈)

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်အနီး တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားရာက ထိခိုက်ဒဏ်ရာရသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ဆေးကုသပေးနေရတယ်လို့ အကူအညီပေးရေး အဖွဲ့တွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မနေ့တုန်းက နယ်စပ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားရာက ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား ဆရာဝန်များအသင်း (MSF) ကပြောပါတယ်။

ဒဏ်ရာရသူတွေထဲက အနည်းဆုံး ၁၇ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဆေးရုံမှာ ကုသပေးရကြောင်း ပြောပေမဲ့ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနဲ့ ဘယ်နိုင်ငံသားတွေ ဆိုတာကိုတော့ အသေးစိတ် မပြောပါဘူး။ တိုက်ပွဲတွေအတွင်း ရက္ခိုင့်တပ်တော် (AA) က အသာစီးရလာတာကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၄ ယောက်ထက် မနည်းကိုလည်း စောင့်ရှောက်ထားကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကို ကိုးကားပြီး AFP သတင်းက ဖော်ပြခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် သတင်းဌာန Channel 24 ကတော့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အရေအတွက်ဟာ ဒဏ်ရာရသူ ၁၀ ယောက် အပါအဝင် အနည်းဆုံး ၆၆ ယောက် ရှိတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ AA အဖွဲ့နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ တပ်ဖွဲ့ဝင်တချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ AA အဖွဲ့အပါအဝင် တိုင်းရင်းသား ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ပြီးခဲ့တဲ့နှစ်ထဲ စတင်ခဲ့တဲ့ စစ်ဆင်ရေးတွေ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရပ်ဆိုင်းသွားပေမဲ့ မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG