သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရ


မီးရှို့ဖျက်ဆီးခံခဲ့ရသည့် သရက်ခေါင်းရွာ မြင်ကွင်း (ဇန်နဝါရီ ၁၁၊ ၂၀၂၄)
မီးရှို့ဖျက်ဆီးခံခဲ့ရသည့် သရက်ခေါင်းရွာ မြင်ကွင်း (ဇန်နဝါရီ ၁၁၊ ၂၀၂၄)

ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကျေးရွာတချို့မှာရှိတဲ့ ဘုန်းကြီးကျောင်း​တွေနဲ့ လူနေအိမ်တွေကို စ်စကောင်စီဘက်က ၅ ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူခရိုင်မှာ စစ်ကောင်စီတပ်တွေက ဇန်နဝါရီလအတွင်းမှာ အင်အား အလုံးအရင်း ဖြည့်တင်းနေပြီး နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေလည်း ရှိနေသလို ကန့်ဘလူနဲ့ ကျွန်းလှမြို့က အထိုင်စခန်းတွေမှာ အင်အား အများအပြား ချထားတာတွေရှိနေပါတယ်။ ဒီအခြေအနေတွေကြောင့် ကန့်ဘလူနဲ့ ကျွန်းလှက ကျေးရွာအတော်များများ စစ်ရှောင်နေကြရတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မခင်ဖြူထွေးက ပြောပြပါမယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့က ကန့်ဘလူမြို့နယ် မြောက်ခြမ်းကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တံတားဦးလေတပ်က တက်လာတဲ့ တိုက်ခိုက်ရေး ဂျက်လေယာဥ်ဟာ မနက် ၁၁ နာရီဝန်းကျင်ကနေ ညနေ ၄ နာရီခွဲ အထိ​ လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့တာဖြစ်ပြီး ဇော်ချောင်း၊ သင်တော၊ ပင့်သာ(တည်ပင်)၊ မကျီးကုန်း၊ ဇီးကုန်း၊ ညောင်ကုန်း စတဲ့ကျေးရွာတွေက ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တွေကို ဗုံးကြဲခဲ့တာဖြစ်တယ်လို့​ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူ မြောက်ခြမ်းဘက်ကို စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်း ဝင်လာနိုင်တာကြောင့် ကြိုတင်စစ်ဘေးရှောင်ကြတဲ့ ကိုးထောင်ဘို့ရွာနဲ့ အနီးတဝိုက်ကျေးရွာတချို့က ဒေသခံတွေက ဒီဘုန်းကြီးကျောင်းတွေမှာ တည်းခို စစ်ရှောင်နေကြတာပါ။ ဒီတိုက်ခိုက်မှု​ကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး သေဆုံးမှု ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့လည်း စစ်ဘေးရှောင်ကူညီသူတွေက ပြောပါတယ်။

"အခြေအနေကတော့ မနက်က ၁၁ နာရီ ၁၀ မိနစ်က နေပြီးတော့မှ ဂျက်ဖိုက်တာနဲ့ ဘုန်းကြီးကျောင်းကိုပဲ ပစ်သွားတာ။ ဇော်ချောင်း ဘုန်းကြီးကျောင်းကို အရင်ပစ်၊ နောက်တစ်ပတ်ပတ်ပြီးတော့မှ သင်တောရွာကို တခါပစ် နှစ်ကြိမ်ပစ်သွားတာပေါ့။ အပျက်အစီးကတော့ ဘာတခုမှ မကောင်းတော့ဘူးလေ အကုန်လုံး စုတ်ပြတ်သွားပြီ။ လက်ရှိက လူအပျောက်ကလေးတွေ စုံစမ်းတုန်း ရှိနေသေးတယ်။ အသေအပျောက်ကတော့ ကျွန်တ်ောတို့ ကောင်းကောင်းတော့ အတည်ပြုလို့မရသေးဘူး။ ဒဏ်ရာ ရတဲံသူတွေကိုတော့ ကျွန်တော်တို့ အကုန်လုံး ကယ်ထုတ်နိုင်လိုက်ပါတယ်။ ကုတင်အောက်ကို ပိသွားတဲ့ ဆရာတော်လဲအဆင်ပြေပါတယ်။ ဆေးကုသမှုတွေရော အကုန်လုံး ပေးပြီးပြီဗျ။"

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်မှာလည်း စစ်ဘက်သုံး ရဟတ်ယာဥ်တွေ ကျေးရွာအပေါ်ကနေ ဖြတ်သန်းပျံနေတာတွေ ရှိတာကြောင့် ဒေသခံတွေက စိုးရိမ်ပြီး စစ်ရှောင်နေကြပြိလို့ ပြောပါတယ်။ ဗုံးကြဲတိုက်ခိုက်မှု မတိုင်မီ မနက် ၈ နာရီဝန်းကျင်ကတည်က ကန့်ဘလူမြို့နယ်မှာ ဖုန်းဆက်သွယ်ရေး လိုင်းတွေအားလုံးကို ဖြတ်တောက်လိုက်တာကြောင့် ဒေသခံတွေက စိုးရိမ်ပြီး သတိနဲ့ နေကြတာဖြစ်တယ်လို့ ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက်နေ့ကတည်းကစတင်ပြီး စစ်ကောင်စီနဲ့ ပျူစောထီးပူးပေါင်း တပ်တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းစထိုးခဲ့တာကြောင့် စစ်ကြောင်းတလျှောက်က ကျေးရွာဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။ ဒီတစ်လအတွင်းမှာ ကန့်ဘလူမြို့နယ်အတွင်း ဒေသခံ တစ်သိန်းကျော် စစ်ရှောင်ရတယ်လို့ ကာကွယ်ရေးအဖွဲ့ဝင် ကိုဇော်က VOA ကို ခုလိုပြောပါတယ်။

“ဇန်နဝါရီ ၁၂ ရက်နေ့ကနေ စပြီး ထိုးခဲ့တာဆိုတော့ ခုဆို ၃၁ ရက်ရောက်နေပြီလေ။ ရွာပေါင်းကတော့ ၂၅ ရွာလောက်ရှိတယ်ဗျ၊ အကုန်ရှောင်နေရတာ။ လူအရေအတွက်ကတော့ တစ်သိန်းကျော်လောက်ပေါ့။ တစ်လျှောက်လုံးရှောင်ရတာ ကျွန်းလှနဲ့ ကန့်ဘလူနယ်နဲ့ ကောလင်းနယ် အဲ့တစ်လျှောက်က အကုန်ရှောင်နေရတယ်။”

စစ်ကောင်စီစစ်ကြောင်းတွေက ဒီနယ်မြေရှင်းလင်းရေးအတွင်းမှာ ဒေသခံတချို့ကို ဖမ်းဆီးခဲ့တာတွေ ရှိပေမယ့် ရက်ပိုင်းအတွင်း ပြန်လွတ်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်းက နယ်မြေရှင်း စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တို့ ဇီးဖြူကုန်းကျေးရွာအနီးမှာ ပစ်ခတ်မှု ဖြစ်ခဲ့ကြပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက အိမ်ချေ ၄၀ ဝန်းကျင်သာရှိတဲ့ ဇီးဖြူကုန်းကျေးရွာက နေအိမ် ၁၃ လုံးကို မီးရှို့ခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ကန့်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းမှာ အင်အား ရာချီတပ်ဖြည့်ထားပြီး အဲ့ဒီကနေတစ်ဆင့် ကျွန်းလှမြို့ ပေကုန်းကျေးရွာကို အင်အား အနည်းဆုံး ၅၀၀ ဝန်းကျင် ပို့ထားပြီး လက်နက်အပြည့်အစုံနဲ့ တပ်စွဲနေပြီး ကောလင်းမြို့ဖက်ကို ဆက်ပြီး တက်သွားနိုင်မယ်လို့ ကန့်ဘလူမြို့နယ် ဒေသကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

“အခုသူတို့က ကျွန်တော်တို့ ဒီဖက်ကိုတော့ သိပ်မမဲလောက်ဘူးဗျ။ ဟိုဖက်ကို သူတို့ အင်အား အလုံးအရင်းနဲ့ သွားမယ်ပေါ့ ကောလင်းဖက်ကို၊ အခုလောလောဆယ်တော့ ဒီကောင်တွေ ကျွန်းလှမြို့နယ် ပေကုန်းရွာမှာ အင်အားအလုံးအရင်းနဲ့ တပ်စွဲနေတယ်ဗျ။ အင်အား ၅၀၀ ကျော်လာက်ရှိတယ်ဗျ။ မနေ့က(၃၀ ရက်နေ့) ၃နာရီခွဲ ၄ နာရီဝန်းကျင်လောက်ကပေါ့ ဒီကောင်တွေ ကား ၁၃ စီး အင်အား အပြည့်နဲ့ သူတို့ ကျွန်းလှကို သွားတယ်။ ကျွန်းလှကနေ တစ်ဆင့်မှ အခု ပေကုန်းရွာကို ရောက်နေတယ်။ အခု လောလောဆယ်က ဒီကောင်တွေ ပေကုန်းရွာမှာပဲစခန်းချနေတာပေါ့၊ လက်နက်ခဲယမ်း အပြည့်အစုံနဲ့ တစ်ကိုယ်ရည်ပစ္စည်းတွေကအစ လက်နှိပ်ဓာတ်မီး၊ ဒန်အိုးဒန်ခွက်တွေကအစ ဝယ်သွားကြတယ်လို့ ကြားတယ်။ အပြောင်းအရွေ့လုပ်တာတွေက ကျွန်တော်ကြားတာက သူတို့ ကောလင်းဖက်ကို ပြန်သိမ်းမယ်လို့ သတင်းရထားတယ်ဗျ။”

ကန့်ဘလူမြို့နယ်တောင်ဖက်ခြမ်းကနေ မြောက်ဖက်ခြမ်းကို ဦးတည်ပြီး စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး စစ်ကြောင်းထိုးနေတာတွေလည်း ဒီရက်ပိုင်းမှာ ရှိနေပါတယ်။ ကန့်ဘလူတောင်ဖက်ခြမ်းက သပြေသာ၊ မင်းဘာ၊ ညောင်ကိုင်း၊ မင်းရွာ၊ ကြာဘက်ကံ၊ မောင်းတိုင်၊ ဆင်နင်း၊ ဆူးတပ်၊ ဘုတ်ကုန်း၊ ယော၊ စတဲ့ ကျေးရွာပေါင်း များစွာက ဒေသခံတွေ စစ်ဘေးရှောင်နေကြရသလို ကန့်ဘလူမြောက်ခြမ်းကို စစ်ကြောင်းတွေ ဦးတည်လာနေတဲ့အတွက် မြောက်ခြမ်းဖက်မှာ ချောင်းကြားရွာကနေ ကိုးထောင်ဘို့ ကျေးရွာအထိ ကြိုတင်စစ်ဘေးရှောင်နေကြရတယ်လို့ ကာကွယ်ရေး အဖွဲ့တွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောကြပါတယ်။ ဇန်နဝါရီ ၁၂ ရက်နေကတည်းက စစ်ရှောင်နေရတဲ့ ရွာတွေရှိသလို ၂၉ ရက်နေ့မှ စတင်ပြီး စစ်ရှောင်ရတဲ့ ကျေးရွာတွေလည်း ရှိပါတယ်။

ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကန့်ဘလူခရိုင်ရဲ့ တာဝန်ခံ ကိုညီက ဒီ ၂၀၂၃ ခုနှစ်အတွင်းမှာ ကန့်ဘလူမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး စစ်ကြောင်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေနဲ့ တိုက်ပွဲတွေကြောင့် ကျေးရွာကို ပြန်မဝင်နိုင်ဘဲ အမြဲတမ်း စစ်ရှောင်နေကြရတဲ့ စစ်ရှောင်အရေအတွက်က အများဆုံး တိုးလာတယ်လို့ ပြောပါတယ်။ လက်ရှိမှာ ကန့်ဘလူတစ်မြို့နယ်တည်းမှာ အမြဲတမ်း စစ်ရှောင်ဦးရေက ၄ သောင်းကျော်လောက် ရှိနေတယ်လို့ ကိုညီက ပြောပါတယ်။

“တကယ်တမ်းတော့ အဲ့ဒါက ကန့်ဘလူတစ်မြို့နယ်တည်းမှာတင် ၄၀၀၀၀ ကျော်လောက် ရှိတာဗျ။ ဒါတောင်မှ ကျွန်တော်တို့ ခန့်မှန်းရသလောက် ဆိုလို့ရှိရင် တခြားနီးစပ်ရာ ရန်ကုန်တို့၊ မန္တလေးတို့၊. မြစ်ကြီးနားတို့ သူတို့ နီးစပ်ရာ ဆွေမျိုးသားချင်းတွေ ရှိတဲ နေရာဆီကို သွားတဲ့ဟာတွေပါ ပေါင်းလို့ရှိရင် မကဘူးဗျ။ အမှတ်မမှားဘူးဆိုရင်တော့ ၂၀၂၃ ထဲမှာ အများဆုံး တိုးလာတယ် ဖြစ်လိမ့်မယ်။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေ၊ တိုက်ပွဲတွေအပြင် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် စစ်ကိုင်းတိုင်း အတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေတာပါ။ စစ်ကောင်စီကတော့ ဒီဒေသ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ သတင်းထုတ်ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG