သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခဒေသမှာ ဆက်သွယ်ရေးနဲ့သွားလာမှုခက်ခဲ


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA တပ်ဖွဲ့အကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးလာကြသူများကို ယာယီစစ်ရှောင်စခန်းမှာတွေ့ရစဉ် (နိုဝင်ဘာ ၂၃၊ ၂၀၂၃)

စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ သိန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည် စားနပ်ရိက္ခာအခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည် တွေကပြောပါတယ်။ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရသလို ကုန်လမ်းရေလမ်းတွေကို ပိတ်ထားတာ ကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေအနေနဲ့လည်း ကူညီ ထောက်ပံ့ပေးဖို့ ခက်ခဲနေကြတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော်တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တကြော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ ရခိုင်ဒေသခံတွေဟာလည်း ဒီကကနေ့အထိ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာပါ။

ဒါ့အပြင် တိုက်ပွဲပြင်းထန်နေဆဲ ရခိုင်မှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေသလို စစ်ကောင်စီက ကုန်းလမ်း ရေလမ်းတွေ အားလုံးကိုပိတ်ပြီး ကုန်စည်စီးဆင်းမှုတွေကိုပိတ်ပင်ထားတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာရှားပါးတာတွေအပြင် သိန်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာအခက်ကြုံနေကြရတယ်လို့ ဒုက္ခသည် အရေးကူညီ ဆောင်ရွက်နေသူတဦးကပြောပါတယ်။

“ စစ်ဘေးဒုက္ခသည်တွေကို ဒီဘက်က လူသားချင်းစာနာကူညီကယ်ဆယ်ရေးအဖွဲ့တွေက မထောက်ပံံ့တော့တဲ့အခါကျတော့ သူတို့က စားဝတ်နေရေးကတော့ အတော်အခက် အခဲဖြစ်တယ်၊ အခုကလည်း စစ်ဘေးဒုက္ခသည်တွေက ပိုများလာတာဆိုတော့ သူတို့ရဲ့ စားဝတ်နေ ရေး လုံခြုံရေးတွေကအစ တော်တော်အခက်ကြုံနေကြတာတွေ့ရတယ်။”

လက်ရှိမှာတော့ စစ်ဘေးဒုက္ခသည်တွေဟာ နေရာအတည်တကျနေထိုင်လို့မရသလို အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးလာရသူတွေဖြစ်သလို ကူညီထောက်ပံ့မယ့်သူတွေလည်းမရှိတာကြောင့် စားဝတ်နေရေး အခက်အခဲတွေ ရှိနေကြရတယ်လို့လည်း ရမ်းဗြဲမြို့ပေါ်ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခ သည်တဦး ကပြောပါတယ်။ စစ်ဘေးဒုက္ခသည်အသံ။

“ညီမတို့ မိသားစုအပါအဝင် ဒုက္ခသည်တွေကတော့ အများကြီးရှိတာပေါ့၊ အကုန်လုံးက အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရတာဆိုတော့ ဘာတခုမှမရခဲ့ဘူးလေ။ မြို့တွင်း ဝင်လို့ရတဲ့ သူတွေဆိုလည်း ပြန်ဝင်ပြီး ယူကြတာပေါ့၊ အခက်အခဲတွေကလည်း အများကြီး ရှိကြ တယ်၊ အိမ်ကိုပြန်ချင်နေကြပြီ။ အခုဆိုရင် တလကျော် နှစ်လနီးပါးရှိနေပြီ၊ စားနပ်ရိက္ခာလည်း အခက်အခဲရှိနေ အကုန်လုံးခက်ခဲနေကြတာပေါ့။”

ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေးအဖွဲ့တွေအနေနဲ့ စစ်ကောင်စီရဲ့ ပိတ်ဆို့မှုတွေအပြင် လမ်းပမ်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ဒုက္ခသည်ကူညီမှုဆိုင်ရာ လုပ်ငန်းတွေကို ရပ်ဆိုင်းထားရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေ သူတဦးကပြောပါတယ်။

“လက်ရှိအခက်အခဲဖြစ်နေတာကတော့ ကူညီကယ်ဆယ်ရေးလုပ်ဖို့ စစ်ဘေးဒုက္ခသည်စခန်းတွေနဲ့လည်း အဆက်အသွယ်မရဘူးပေါ့နော်။ နောက်တခုက မြေပြင်ကိုလည်း ကျမတို့ သွားလို့မရတဲ့ အနေအထားရှိတယ်။ ကုန်းလမ်း၊ ရေလမ်းအပါအဝင်ပေါ့လေ၊ တဘက်မှာလည်း လက်တွဲလုပ်နေတဲ့ အလှူရှင်အဖွဲ့အစည်းတွေနဲ့လည်း အဆက်အသွယ်မရဘူးလေ၊ အင်တာနက်လိုင်းတွေလည်း ပိတ်ထားတဲ့အခါကျတော့ ရှိနေတဲ့ ငွေကြေးတွေကိုလည်း ကျမတို့ ထုတ်ယူလို့မရဘူး။ အဲလို အခက်အခဲဖြစ်နေတယ်။”

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက ရမ်းဗြဲမြို့ပေါ်မှာဆိုရင် သိန်းနဲ့ ချီတဲ့ မြို့ခံတွေ ထွက်ပြေးနေကြရသလို စားနပ်ရိက္ခာ ပြတ်လပ်တာတွေ ရှိနေတာကြောင့် ကူညီပေးကြဖို့လည်း ဒုက္ခသည်အမျိုးသမီးကပြောပါတယ်။

“ရှိတဲ့ သူတွေကနေပြီးတော့ ရမ်းဗြဲမြို့နယ်က လူတွေပဲ ဖြစ်ဖြစ်၊ တခြားလူတွေကပဲ ဖြစ်ဖြစ် ကူညီချင်တယ်ဆိုလို့ရှိရင် လာပြီးတော့ ကူညီပေးကြပါအုံး၊ ဘာလို့လဲဆိုတော့ ဒုက္ခသည်တွေက ရှေ့လျှောက် ဘာတွေ ဖြစ်လာမလဲမသိဘူး၊ နောက်ပြီးတော့ အိမ်ပြန်ရမယ့် အခြေအနေကလည်း မသေချာဘူးလေ၊ အခုတောင် ဒိုင်းဒိုင်း...ဒုန်းဒုန်းနဲ့ ပစ်နေတာဆိုတော့ အိမ်ကို ဝင်ရရင်တောင် အကြာကြီးနေရမယ်လို့မထင်ဘူး၊ တိုက်ပွဲတွေက ပြန်ပြီးတော့ ဖြစ်နေအုံးမှာလေ၊ အဲဒါကြောင့် ကူညီပေးကြပါလို့။ ”

ရခိုင်ပြည်နယ်က မြို့နယ် ၁၃ ခုမှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအကုန်ပိုင်းအထိ ၃ သိန်းကျော်ရှိနေတယ်လို့ ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း မြေပြင်မှာ ထွက်ပြေးတိမ်းရှောင်နေရသူတွေ ဒီထက်မကများနိုင်တယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေလည်း ရှိနေတာပါ။ AA ရက္ခိုင့်တပ်တော်ဘက်ကလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက် သွားမယ်လို့ ပြောဆိုထားတာတွေလည်းရှိနေပြီး လာမယ့် လတွေမှာ ဒီထက်မကတိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့လည်း AA ရက္ခိုင့်တပ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG