သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်နဲ့ မင်းပြားက စစ်ကောင်စီစခန်းတချို့ AA သိမ်းပိုက်


ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (ဇန်နဝါရီ၊ ၂၀၂၄)
ကျောက်တော်အခြေစိုက် စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့ကြောင်း AA ထုတ်ပြန်ခဲ့ (ဇန်နဝါရီ၊ ၂၀၂၄)

ရခိုင်ပြည်နယ်က မြို့နယ် ၆ ခုလောက်မှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား တိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို ကျောက်တော်နဲ့ မင်းပြားမြို့နယ်က စစ်ကောင်စီ တပ်ရင်း တချို့ကို ဒီရက်ပိုင်းအတွင်း သိမ်းပိုက်ထားနိုင်တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။ လက်ရှိ တိုက်ပွဲ ပြင်းထန်နေတဲ့ ရခိုင်ဒေသမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေကြား အခြေအနေတွေကို မသိရဘဲ စိုးရိမ်ထိတ်လန့်ပြီး နေကြရတာပါ။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ကျောက်တော် မြောက်ဦး မင်းပြား ရသေ့တောင်နဲ့ ဘူးသီး တောင်မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA ရက္ခိုင့်တပ်တော်ကြား ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပါ။ AAရက္ခိုင့်တပ်တော်အနေနဲ့သိမ်းပိုက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး မနေ့ကဆိုရင်လည်း စကစ(၉)လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ(၃၇၄)တပ်ရင်းတခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက တခုဖြစ်တဲ့ စကစ(၉)လက်အောက်ခံ ခမရ(၃၈၀)တပ်ရင်းကိုဒီရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ AAရက္ခိုင့်တပ်တော်ရဲ့မနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ လက်ရှိမှာလည်း အဲဒီမြို့နယ်တွေမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မြို့တွင်းနေအိမ်တွေ မီးလောင်တာတွေရှိနေတယ်လို့ မြောက်ဦးဒေသခံ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ ဒီရက်ပိုင်းမှာ ဆိုလို့ရှိရင် မြောက်ဦးတို့ မင်းပြားတို့ဘက်မှာ တိုက်ပွဲ အရမ်းပြင်းထန် နေတယ် လို့သိရတယ်။ ဂျက်တိုက်လေယာဉ်တွေနဲ့ နေ့တိုင်းပစ်ခတ်နေတယ် မြို့တွင်းမှာဆိုရင်လည်း မီးလောင်တာတို့နေ့တိုင်းရှိနေတယ်လို့ ညီမတို့ တဆင့်ခံသိရတယ်။”

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာပါ။ အထူးသဖြင့် တိုက်ပွဲ အကြီးအကျယ်ဖြစ်နေတဲ့ ကျောက်တော် မြောက်ဦး မင်းပြားနဲ့ ရသေ့တောင် မြို့နယ်တွေမှာ ဆက်သွယ်ရေးလိုင်းတွေ အားလုံးပြတ်တောက် နေပါတယ်။ အခုလို ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာကြောင့် အဲဒီဒေသမှာရှိနေတဲ့ ဒေသခံတွေ နဲ့လည်း အဆက်အသွယ်ပြတ်တောက်နေသလို ကျန်ခဲဲ့တဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေ အတွက် ပိုပြီးတော့ စိုးရိမ်ရတယ်လို့ မြောက်ဦးမြို့နယ်ကနေ ထွက်ပြေးတိမ်း ရှောင်လာတဲ့ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ ဒီလအစပိုင်းကစပြီးတော့ ဖုန်းလိုင်းအဆင်မပြေတာတွေဖြစ်တယ်၊ ဒီအတောအတွင်းမှာဆိုရင် လုံးဝ ပြတ်တောက်သွားတဲ့ အနေအထားပေါ့ အခုဆိုလို့ရှိရင် အခုဆိုရင် Mytel တခုပဲ ရတယ် အဲဒါတောင် ညီမတို့က တခြားတနေရာမှာမို့လို့ပေါ့နော်၊ မင်းပြားတို့ မြောက်ဦးတို့ဆိုလို့ရှိရင် ဖုန်းလိုင်းက တခုမှ မရတဲ့အနေအထားမှာရှိတယ်၊ ညီမမှာဆိုရင် ရွာမှာကျန်ခဲ့တဲ့ မိသာစုဝင်တွေနဲ့ အဆက်အသွယ် လုံးဝမရဘူး၊ ရက်ပေါင်း ၂ဝလောက်ရှိနေ ပါပြီ တခြားသူတွေမှာလည်း အဲလိုပါပဲ။ သူတို့ဘာဖြစ်နေလဲ ကိုယ်ဘာဖြစ်နေလဲဆိုတာလည်း သူတို့မသိရတော့ ပိုပြီးတော့ စိုးရိမ်ပါတယ်။ အဲမှာ လက်နက်ကြီးတွေ ဘာတွေကျပြီး အသက်သေဆုံးသွားပြီလား မိသားစုဝင် တယောက်ယောက်ဆုံးသွားပြီလား မသိရဘူး အရမ်းစိုးရိမ်မိတယ်။”

ဒါ့အပြင် ရမ်းဗြဲ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်း စစ်ကောင်စီနဲ့ AAတပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ ရမ်းဗြဲမြို့နယ်မှာဆိုရင် စစ်ကောင်စီတပ်က စစ်အင်းအားတိုး ချဲ့ပြီးတော့ လက်ကျန်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းနေတာကြောင့် နှစ်ဖက်တို်က်ပွဲပြင်းထန်တယ်လို့ လွတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးဖေသန်းကပြောပါတယ်။

“ အဲမှာနေ့တိုင်းလိုလို လေယာဉ်နဲ့ လာပြီးပစ်တာတို့ ဗုံးကြဲတာတို့ လက်နက်ကြီးနဲ့ ပစ်တာတို့ ပြီးတော့ မြို့ထဲမှာ အနီးကပ်တိုက်ပွဲ ဖြစ်နေတယ်ဆိုတဲ့ သတင်းတွေ၊ အဲဒါတွေ လည်းကြား တယ်၊ စစ်ကောင်စီတပ်ဖွဲ့တွေက သိမ်တောင်မှာ စုပြီးတော့ ခုခံနေတယ်လို့ ကြားတယ်။ မနေ့က မြောက်ပိုင်းသုံးဖွဲ့က ထုတ်တာကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဝ လောက် အရင် အဖွဲ့နဲ့ ပူးပေါင်းသွားတယ်၊ ဒါကြောင့် တိုက်ပွဲတွေ ပြင်းထန်လာနိုင် တယ်ဆိုတဲ့ ပြောဆိုမှု တွေရှိတယ်။”

ရမ်းဗြဲမြို့ပေါ်မှာ ဒီရက်ပိုင်းအတွင်း နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေထက် စစ်ကောင်စီက လေကြောင်း လက်နက်ကြီးတွေနဲ့ တမြို့လုံးပျက်စီးအောင်ပစ်ခတ်နေတယ်လို့ AA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ရေးအရ အသာစီးရနေတဲ့ AAရက္ခိုင့်တပ်တော် အနေနဲ့ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်က စခန်းတွေအားလုံးကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ်မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်မယ်လို့လည်း မနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG