သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA တပ်ဖွဲ့သိမ်းပိုက်ပြီးနောက် ရမ်းဗြဲမှာ စစ်ရေးတင်းမာ 


AA ရခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ (Photo-AA Info Desk)
AA ရခိုင့်တပ်တော်တပ်ဖွဲ့ဝင်များ (Photo-AA Info Desk)

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ကို သိမ်းပိုက်လိုက်ကြောင်း ရက္ခိုင့်တပ်တော်က AA က ကြေညာလိုက်ပြီးနောက် စစ်ကောင်စီကလေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ AA အဖွဲ့ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် တချို့မှာလည်း ထိုးစစ်ဆင် တိုက်ခိုက်နေတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက ရမ်းဗြဲမြို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က တနင်္လာနေ့မှာပဲ ကြေညာပါတယ်။ ဒီလိုကြေညာလိုက်ပြီး နောက်တနေ့ အင်္ဂါနေ့မှာပဲ ရမ်းဗြဲမြို့ပေါ်နဲ့ ကျေးရွာတချို့ကို စစ်ကောင်စီ လေကြောင်းကဗုံးကြဲနေတယ်လို့ ဒေသခံတဦးကပြောပါတယ်။

“ ရမ်းဗြဲမြို့ပေါ်မှာတော့ ဒီနေ့ Y12 ကလာပြီးတော့ ဗုံးကြဲတာရှိတယ် ၁၃ လုံးလောက် ပေါက်ကွဲတယ်၊ ပြီးတော့ ရမ်းဗြဲမြို့နယ်ထဲက တခြား ကျောက်ချောင်းတိုက်နယ်ထဲမှာ သပြုချိုင်ဆိုတဲ့ ရွာမှာ Y12 ကပဲ ချသွားတာရှိတယ်။ အဲဒီမှာ နေအိမ် ၄လုံးမီးလောင်တယ်၊ နွားတကောင်သေ တယ်။ ပြီးတော့ နေဗီကနေပြီးတော့ လေးတောင် ကမ်းခြေနားက နေဗီကနေပစ်တာရှိတယ် အဲတာ ဘယ်နေရာတွေ ကျလို့ ဘာတွေဖြစ်လဲတော့ ကျနော်လည်းမသိဘူး ပစ်တာတော့ တော်တော်ပစ်တယ် ဒီနေ့ ကျနော်ကမရှိဘူး အဲအချိန် ကျနော်က ရမ်းဗြဲကိုရောက်နေတာ။”

ရမ်းဗြဲကို AAကသိမ်းလိုက်ပြီဆိုပေမဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေသေးတာကြောင့် ရမ်းဗြဲမြို့နယ်အပါအဝင်တခြား ဆက်စပ်နေတဲ့ ကျေးရွာတွေက ဒေသခံတွေကြား စိုးရိမ်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ ရှိတာပေါ့ဗျာ ရမ်းဗြဲမြို့နယ်လို့မဟုတ်ဘူး ရမ်းဗြဲနဲ့ ဆက်နေတဲ့ ရွာတွေမှာရော ပင်လယ်နဲ့ နီးတဲ့ ကျေးရွာတွေ နေဗီသွားလာလှုပ်ရှားနေတာမြင်ရတော့ အိမ်တွေမှာလည်း မနေရဲကြဘူး၊တခြားတခြားနေရာကို ရွှေ့ကြတယ်၊ပြောင်းကြတယ် အဲလိုလုပ်နေကြတယ်၊ မြို့နဲ့ နီးစပ်တဲ့နေရာမှာတော့ ပိုဆိုးတာပေါ့၊ အခုက ဘယ်နေရာလို့မဟုတ်ဘူး ရောက်တဲ့နေရာကို မထင်ရင် မထင်သလို လုပ်သွားတာဆိုတော့ တော်တော်သတိထားနေနေရတဲ့ အခြေအနေရှိတယ်၊ အကြောက်တရားတော့ ရှိနေကြတာပေါ့။”

တဆက်တည်းမှာပဲ ရမ်းဗြဲမြို့ကို AAကသိမ်းပိုက်တဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် အပါအဝင် ရဲနဲ့ တပ်မိသားစုဝင်တွေ ၈ဝ ကျော်လောက်ထွက်ပြေးသွားကြပြီး ထိန်ဒွေ ကျေးရွာက ဒေသခံ ၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်း ရမ်းဗြဲဒေသခံတဦး ကပြောပါတယ်။

“ ကျနော်ရောက်ခဲတဲ့ ရွာတရွာမှာ ထိန်ဒွေဆိုတဲ့ ရွာက လူ ၇ ယောက် အမျိုးသမီး၊ အမျိုးသား တောထဲသွားပြီးတော့ ကိုင်းလုပ်နေတာ အဲတာ ဓားစာခံခေါ်သွားတယ်လို့ ကြားတယ်ဗျာ။”

ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တချို့ ၅ဦးလောက်ကို ဒီကနေ့မနက်ပိုင်းမှာ ရက္ခိုင့်တပ်တော် AA ဘက်က ဖမ်းဆီးရမိထားတာရှိပြီး တခြားသူတွေကိုလည်း လိုက်လံဖမ်းဆီး နေတာတွေလည်းရှိနေတာပါ။ ရမ်းဗြဲမြို့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

ရမ်းဗြဲကို လက်လွတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီအနေနဲ့ ရခိုင်တောင်ပိုင်းက ကျောက်ဖြူမြို့ နယ်ကို ခုခံကာကွယ်ဖို့ ပြင်ဆင်နေတာတွေရှိသလို အမ်းမြို့နယ်ဘက်မှာလည်း ခံစစ်ပြင်ဆင်နေတာတွေရှိနေပြီး ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောဘက်တွေမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတယ်လို့ ရခိုင်ဒေသခံ တက်ကြွလှုပ်ရှားသူ ကိုထွန်းကြည်ကပြောပါတယ်။

“ ဒီနေ့ကတော့ ကျောက်ဖြူနဲ့ မြေပုံအောက် အနီးဝန်းကျင်မှာ ထိုင်ထားတဲ့ နေဗီတွေပေါ်ကို လေယာဉ်တွေ တော်တော်များများ အတက်အဆင်းပြုလုပ်တာကို တွေ့ရတယ်၊ ဆိုတော့ ဒါက စစ်ကောင်စီဘက်က ကျောက်ဖြူဘက်ကို ပိုအားဖြည့်တဲ့ ပုံစံမျိုးလားတွက်လို့ရတယ်။ နောက် တခုကတော့ ပြီးခဲ့တဲ့ အပတ်ကပဲ AAဘက်က တောင်ကုတ်နဲ့ သံတွဲကြားမှာ တိုက်ပွဲဖော်ထား တာရှိတယ်ဆိုတော့ ဘယ်ဘက်ကို သိမ်းမယ်ဆိုတာကတော့ သိဖို့ခက်တယ်။ လက်ရှိအချိန် ထိတော့ ရမ်းဗြဲကို သိမ်းတဲ့ ဒီနေ့ရယ် မနေ့ကအထိ ရသေ့တောင်နဲ့ မောင်တောဘက်မှာ လည်း တိုက်ပွဲတွေက အရမ်းပြင်းထန်နေတယ်၊ အဲဘက်က မြန်မြန်ပိုပြီးတော့ မြို့သိမ်း တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်။”

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်နိုဝင်ဘာလ ၁၃ရက်နေ့ကစစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်AAကြား တကျော့ပြန်တိုက်ပွဲတွေ စတင်ခဲ့တာပါ။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲမြို့နယ်တွေကို AA ကသိမ်းပိုက်ခဲ့ပြီး၊ ချင်းပြည်နယ်က ပလက်ဝမြို့နယ်ကိုလည်း ထိန်းချုပ်ထားကြောင်း ကြေညာထားပါတယ်။

Forum

XS
SM
MD
LG