ရခိုင်ပြည်နယ် မြောက်ဦးမြို့ လောကမဉ္ဇူ ဘုရားအတွင်း တွေ့ရှိတဲ့ ရှေးဟောင်း ဘုရားဌာပနာတွေကို အာဏာပိုင်တွေက နေပြည်တော် ပင့်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အတွက် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေနဲ့ တင်ပြ ကန့်ကွက်သွားဖို့ စီစဉ်နေတယ်လို့ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီက ပြောပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အတွင်းက ယဉ်ကျေးမှု အမွေအနှစ်တွေကို သက်ဆိုင်ရာဒေသ အစိုးရတွေကသာ စီမံခန့်ခွဲရမယ်ဆိုတဲ့ ဖွဲ့စည်းပုံတွင်းက လူမှုရေးကဏ္ဍပါ ပြဋ္ဌာန်းချက်တွေအရ ကန့်ကွက်သွားမှာလို့လည်း ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မြောက်ဦးမြို့က ရှေးဟောင်း လောကမဉ္ဇူ ဘုရားကို ပြုပြင်ဖို့ မွမ်းမံရာကနေ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်း ဌာပနာ စေတီတော်တွေကို နေပြည်တော်ကို ပင့်ဆောင်မယ်ဆိုပြီး စစ်တွေမြို့က ရှေးဟောင်းသုတေသနအဖွဲ့ လာရောက်တာကို ဒေသခံတွေက ကန့်ကွက်ထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က တူးဖော်တွေ့ရှိတဲ့ ဒီ ရှေးဌာပနာ စေတီတော်တွေကို ဇွန်လဆန်းပိုင်းက ပထမအကြိမ် လာပင့်ဖူးသလို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ဒုတိယအကြိမ် လာပင့်ကြတာ ဖြစ်ပါတယ်။
ပထမတကြိမ် လာပင့်ကတည်းက မြောက်ဦးဒေသခံတွေက ကန့်ကွက်ထားတဲ့အတွက် ရှေးဟောင်း ဌာပနာ စေတီတော်တွေကို ဒေသခံတွေ ကိုးကွယ်တဲ့ ရတနာ့မာန်အောင် ဆရာတော်ရဲ့ ကျောင်းမှာ ပြောင်းရွှေ့ ကိန်းဝပ်ထားရာကနေ အခုတကြိမ် နောက်ထပ် လာပြီး ပြန်ပင့်ကြတာ ဖြစ်ပါတယ်။
အခု မြောက်ဦးမှာ တွေ့ရှိတဲ့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို မြောက်ဦးမြို့မှာပဲ ထိန်းသိမ်း စောင့်ရှောက်ခွင့် ရှိတဲ့အကြောင်း ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီက အစိုးရထံ တင်ပြသွားဖို့ စီစဉ်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံထဲက လူမှုရေးကဏ္ဍမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေ အချက်အလက်တွေအရ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုပြီး ပေါ်ပေါက်လာတဲ့ အစိုးရတရပ် အနေနဲ့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်သင့်တယ်လို့ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဇော်အေးမောင်က ပြောပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေ စာမျက်နှာ ၁၉၀ မှာ လူမှုရေးကဏ္ဍဆိုပြီး ပါပါတယ်။ အဲဒီမှာ ပုဒ်မ ၁၂၊ လူမှုရေးကဏ္ဍ အပိုဒ်ခွဲ (င) မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်က စီမံခန့်ခွဲခွင့် ရှိသည့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးဆိုတဲ့ အပိုဒ်အရ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရက ကိုယ့်တိုင်းမှာ ထွက်လာတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကမ္ဘာ့ကုလသမဂ္ဂ UNESCO ဥပဒေအရ လည်းကောင်း၊ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လည်းကောင်း ထိန်းသိမ်းထားဖို့ တာဝန်ရှိတယ်လို့ ကျနော် ထင်ပါတယ်။
“အဲဒီ အချက်အလက်နဲ့ပဲ ကျနော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တင်ပြပြီးတော့ တောင်းဆိုသွားရမှာ ဖြစ်ပါတယ်။ ဥပဒေတကာ့ ဥပဒေတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရပဲ ပြောဆိုတာ အကောင်းဆုံးပါပဲ။”
အထူးသဖြင့် နောက်ထပ် ဒီလိုမျိုး အခြေအနေတွေ ထပ်ပြီး မကြုံရအောင် ရခိုင်ပြည်နယ် လွှတ်တော်မှာ ဥပဒေကြမ်းတရပ် တင်သွင်းပြီး အတည်ပြု ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။
“ရခိုင်ပြည်နယ် လွှတ်တော်မှာ ဒါ ဥပဒေတခု ပြဋ္ဌာန်းရမယ်။ ကိုယ့်တိုင်းဒေသကြီးက ထွက်ပေါ်လာတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ကိုယ့်တိုင်းဒေသကြီးမှာ ဘယ်လို စီမံခန့်ခွဲ ဆောင်ရွက်ရမလဲဆိုတဲ့ ဥပဒေတခု ဆွဲရမယ်။ ကျနော်တော့ အကြမ်းလေး ဆွဲနေပါတယ်။ Bill ဆွဲဖို့အတွက် ကျနော် Ground Root တွေ ချနေပါတယ်။ ချပြီးတော့ ကျနော်က ရန်ကုန်တိုင်းဒေသကြီးက အမတ်ဖြစ်တဲ့အတွက် ရခိုင်ပြည်နယ် လွှတ်တော်အမတ် တယောက်ကနေပြီးတော့ လွှတ်တော်မှာ တင်သွင်းရမှာ ဖြစ်ပါတယ်။ ကိုယ့်တိုင်း ကိုယ့်ဒေသက ထွက်တဲ့ဟာတော့ ကိုယ့်တိုင်း ကိုယ့်ဒေသက စီမံခန့်ခွဲခွင့် ရှိမယ်လို့ ကျနော်ကတော့ ဖွဲ့စည်းပုံကို အဓိပ္ပာယ် ဖွင့်ဆိုချင်ပါတယ်။”
ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်အေးမောင် ပြောပြသွားတာ ဖြစ်ပါတယ်။
လောကမဉ္ဇူ ဘုရားတွင်း တွေ့ရှိတဲ့ ရှေးဌာပနာတွေဟာ ကောဇာသက္ကရာဇ် ၇၉၆ ကတည်းက ရှေးလက်ရာမွန် ဘုရားပုထိုး ဆင်းတုတော်တွေ ပါသလို ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် စတဲ့ ခေတ်တွေက လက်ရာမြောက် စေတီငယ်လေးတွေလည်း ပါဝင်ပါတယ်။ ဒီရှေးဟောင်းဌာပနာတွေကို နေပြည်တော်က ယဉ်ကျေးမှု ၀န်ကြီးဌာနရဲ့ အမိန့်နဲ့ လာပင့်တာ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောသလို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်တွေကို နိုင်ငံပိုင် ပြတိုက်ထဲမှာပဲ ထားရမယ်ဆိုတဲ့ ဥပဒေတွေကိုလည်း မြောက်ဦးမြို့ခံတွေကို ထောက်ပြခဲ့တယ်လို့ ပြောပါတယ်။
အခုနောက်ဆုံး အခြေအနေကတော့ ဘုရားဌာပနာတွေ ကိန်းဝပ်ရာ ဘုန်းကြီးကျောင်းက ဆရာတော် ခရီးထွက်နေတဲ့အတွက် ဆရာတော် ပြန်လာတဲ့အထိ စောင့်ပြီး လျှောက်ထား ပင့်ဆောင်ဖို့ စီစဉ်ထားတာကို ဒေသခံတွေက ကန့်ကွက်ထားကြတာလည်း ဖြစ်ပါတယ်။