သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းအရေး အာဆီယံ-သြစတေးလျ ထိပ်သီးမှာဆွေးနွေး


အာဆီယံ-သြစတေးလျ ထိပ်သီးဆွေးနွေးပွဲ (Myanmar State Counsellor Office)
အာဆီယံ-သြစတေးလျ ထိပ်သီးဆွေးနွေးပွဲ (Myanmar State Counsellor Office)

ဒီကနေ့ ကျင်းပပြီးစီးခဲ့တဲ့ သြစတေးလျ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေတွေနဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီး၊ ဒီအရေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်ဖက်ကလည်း မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။ ရခိုင်မြောက်ပိုင်းအရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံတွေအတွင်း မတူကွဲလွဲတဲ့ ယူဆချက်တွေရှိပုံရပြီး၊ အာဆီယံအသင်းအနေနဲ့ကတော့ ဒီအရေးကို ဖိအားပေးပြီး အဖြေထုတ်ပေးနိုင်မှာမဟုတ်ဘူးလို့လည်း အာဆီယံအလှည့်ကျ ဥက္ကဌက ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး ပြောပြမှာပါ။

ဒီကနေ့ ကျင်းပခဲ့တဲ့ သြစတေးလျအာဆီယံ ထိပ်သီးအစည်းအဝေးအတွင်းမှာတော့ ဒေသတွင်းစိုးရိမ်မှုကြီးနေတဲ့ မြောက်ကိုရီယား နျူကလီယားကိစ္စနဲ့ တရုတ်နိုင်ငံနဲ့ရေပိုင်နက်အငြင်းပွားမှုတွေ ဆွေးနွေးခဲ့ကြသလို၊ မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာအရေးကိစ္စကိုလည်း အချိန်ယူဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တတ်လာတဲ့ ခေါင်းဆောင်တွေကို ဒီအရေးကိစ္စ ရှင်းလင်းပြခဲ့တယ်လို့ သြစတေးလျ ဝန်ကြီးချုပ် Moalcolm Turnbull က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

“ရခိုင်ပြည်နယ်က အခြေအနေကို ကျနော်တို့ အချိန်အတော်ယူပြီး ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အချိန်ယူပြီး ပြည့်ပြည့်စုံစုံ ရှင်းလင်းပြောပြပါတယ်။”

အစည်းအဝေးကျင်းပနေစဉ်အတွင်း အပြင်မှာ အာဆီယံခေါင်းဆောင်အချို့ကို ဆန္ဒပြကန့်ကွက်တွေရှိရာမှာ၊ ရိုဟင်ဂျာအရေးကိစ္စနဲ့ပတ်သက်လို့ မြန်မာခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆန္ဒပြကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ အစည်းအဝေးတတ်ရောက်တဲ့ မလေးရှားဝန်ကြီးချုပ် Najib Razak ကတော့ ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စဟာ ဒေသတွင်းကိုပါ ခြိမ်းခြောက်လာတာမို့ ဒါဟာ ပြည်တွင်းရေးသက်သက်မဟုတ်တော့ဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့်လည်း အစည်းအဝေးရဲ့ ရလဒ်အဖြစ်ရော၊ အစည်းအဝေးရဲ့ ပူးတွဲထုတ်ပြန်ချက်ဖြစ်တဲ့ Sydney ကြေညာစာတမ်းမှာပဲ မြန်မာနဲ့ပတ်သက်လို့ တစုံတရာ ကြေညာပြောဆိုတာမျိုးမရှိခဲ့ပါဘူး။ ဒါပေမယ့်လို့ ရခိုင်မြောက်ပိုင်းပဋိပက္ခကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီတွေပေးသွားဖို့ ခေါင်းဆောင်တွေအကြား သဘောထားရှိခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်က လူသားရပ်တည်မှုအကြပ်အတည်းကြီးကို ဘယ်လို အကောင်းဆုံးဖြေရှင်းနိုင်မလဲဆိုတာကို အပြုသဘောချည်းကပ်ခဲ့ကြတယ်လို့ သြစတေးလျဝန်ကြီးချုပ်က ပြောသွားပါတယ်။

“ဒီကိစ္စဟာ အတော်လေး ရှုပ်ထွေးတဲ့ ပြဿနာပါ။ ဒီကိစ္စအပေါ်မှာ အာဆီယံနဲ့ အခြားနိုင်ငံတွေအနေနဲ့ လူသားချင်းစာနာကူညီမှုနဲ့ လူစွမ်းအားတည်ဆောက်ရေးတွေမှာ အကူအညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က အကူအညီတောင်းခံထားပါတယ်။ အခုလို ပဋိပက္ခဖြစ်နေတာတွေနဲ့ ရွေ့ပြောင်းဒုက္ခသည်တွေ ခံစားနစ်နာမှုတွေကို အဆုံးသတ်ဖို့ ကျနော်တို့အားလုံးလည်း ကြိုးပမ်းနေပါတယ်။ လူသားရပ်တည်မှုဆိုင်ရာ အကြပ်အတည်းဘေးဒုက္ခသည်ကြီးကို ဘယ်လိုမျိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လျှင်လျှင်မြန်မြန်ဖြေရှင်းနိုင်မလဲဆိုတာကို အကူအညီပေးဖို့ဟာ ကျနော်တို့ ရည်မှန်းချက်ပါ။”

ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာပဲ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူထားတဲ့စင်္ကာပူဝန်ကြီးချုပ် Lee Hsein Loong ကတော့ ရခိုင်ပြဿနာကို မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံတွေအနေနဲ့ စိုးရိမ်မကင်းဖြစ်နေကြပေမယ့်လည်း၊ အာဆီယံအနေနဲ့ကတော့ ဒီပြဿနာ ရလဒ်ထွက်လာအောင် ဖိအားပေးတာမျိုး လုပ်နိုင်မှာမဟုတ်ဘူးလို့ ပြောသွားပါတယ်။ သြစတေးလျ ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကတော့ သတင်းမီဒီယာတွေကိုတစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးပါဘူး။ သူ့အနေနဲ့ အခု တနင်္လာနေ့မှာတော့ သြစတေးလျ ဝန်ကြီးချုပ်နဲ့ သီးခြားတွေ့ဆုံဖို့ရှိနေပြီး၊ သြစတေးလျ ဝန်ကြီးချုပ်ဖက်က ရိုဟင်ဂျာဒုက္ခသည်တွေအရေး ထပ်မံ ဆွေးနွေးဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်က ရခိုင်မြောက်ပိုင်းမှာ ARSA လက်နက်ကိုင်အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်ရာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိခဲ့ပြီး၊ ဒီစစ်ဆင်ရေးနောက်ဆက်တွဲ ရိုဟင်ဂျာဒုက္ခသည် သိန်းဂဏန်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံဖက် ထွက်ပြေးခဲ့ရပါတယ်။ မြန်မာဖက်က ဒီဒုက္ခသည်တွေကို စီစစ်ပြန်ခေါ်မယ်လို့ဆိုနေပေမယ့်၊ ဒုက္ခသည်တွေ ပြန်လက်ခံနေရာချထားရေးအစီအစဉ်ကတော့ လက်တွေ့ဖြစ်နိုင်ချေ နည်းနေပါသေးတယ်။ ဒီအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်တဲ့ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးဖို့ နိုင်ငံတကာမှာ တိုက်တွန်းမှုတွေရှိနေသလို၊ အာဆီယံလို မြန်မာအိမ်နီးချင်းအများစုကတော့ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအကူအညီတွေပေးရေးကို ပိုပြီး ဇောင်းပေး ပြောဆို လုပ်ကိုင်ကြတာတွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG