သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြံပေးကော်မရှင် ရခိုင်ပဋိပက္ခ လေ့လာရေးခရီး စတင်


ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ (စက်တင်ဘာလ ၈ ရက် ၊ ၂၀၁၆)
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် သတင်းစာရှင်းလင်းပွဲ (စက်တင်ဘာလ ၈ ရက် ၊ ၂၀၁၆)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဝင် ၇ ဦးဟာ ဒီကနေ့ နိုင်ဝင်ဘာ ၁၅ ရက်ကစတင်ပြီး ရခိုင်ပြည်နယ်ကို သွားရောက်ကြမှာဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက တိုက်ခိုက်မှုတွေ၊ မငြိမ်သက်မှုတွေကို လေ့လာစုံစမ်းဖို့အတွက် စစ်တွေမြို့နဲ့ မောင်တောမြို့တွေကို သွားလေ့လာကြမှာဖြစ်ပါတယ်။ ၃ ရက်ကြာမယ့် ခရီးစဉ်အတွင်း ဒေသခံတွေ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တေ့ွဆုံမေးမြန်းဖို့ အစီအစဉ်ရှိတယ်လို့ ကော်မရှင်အဖွဲ့ဝင်တယောက်က VOA မြန်မာပိုင်းကို ပြောပါတယ်။

“လက်ဘနွန် ကပုဂ္ဂိုလ်မပါသေးဘူး၊ ဒီနေ့စစ်တွေ သွားမယ်ခင်ဗျ၊ စစ်တွေရောက်ပြီးတော့မှ ဟိုမှာကျနော်တို့ ပြည်နယ်အစိုးရအဖွဲ့တွေဘာတွေနဲ့ တွေ့မယ်။ ၂ ဘက်အုပ်စုက မြို့မိ၊ မြို့ဖတွေနဲ့ တွေ့ဖို့ရှိတယ်။ အစ္စလာမ်ဘာသာဝင်တွေရော၊ ရခိုင်တွေနဲ့ရောတွေ့ဖို့ပေါ့နော်။ ပြီးလို့ရှိရင် NGO တွေဘာတွေပေါ့ အဲဒီမှာ ရှိတဲ့ လူတွေနဲ့ တွေ့မှာပေါ့နော်။ အဲဒီမှာ အခြေအနေတွေတီးခေါက်ပြီးတော့မှ မောင်တောဘက်ကို သွားဖို့ဆိုတဲ့ဟာကတော့ အဲဒီရောက်မှ ဆုံးဖြတ်မှာပါ။”

ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က အခုမနက် အသံမလွှင့်ခင်မှာပဲ ပြောကြားခဲ့တာဖြစ်ပါတယ်။ တချိန်ထဲမှာပဲ မောင်တောခရိုင်ထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြန်လည် မြင့်တက်လာတာကြောင့် ဒေသခံတွေ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။ မောင်တောခရိုင်ထဲမှာရှိတဲ့ နယ်ခြားစောင့်ရဲစခန်းတွေအပေါ် လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ၁ လအကြာမှာ ခုလို လက်နက်ကိုင်တွေဖက်က တိုက်ခိုက်မှုတွေ ဆက်ရှိနေသလို အစိုးရတပ်ဖွဲ့တွေဘက်ကလည်း လေကြောင်းကနေ ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၃ ရက် တနင်္ဂနွေနေ့တုန်းကတော့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်စဉ်အတွင်း ဂွဆုံကျေးရွာ၊ ဒါးကြီးဇားတောင်ကျေးရွာဖက်မှာ အကြမ်းဖက်သူ ၂၈ ယောက်ကို အသေဖမ်းဆီးခဲ့တယ်လို့ တပ်မတော်ပိုင် မြဝတီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ Human Rights Watch ကတော့ ဂြိုလ်တုဓါတ်ပုံသတင်းကို ကိုးကားပြီး ဒီရက်ပိုင်းအတွင်းမှာ မောင်တောမြို့ မြောက်ဘက်က ရွာ ၃ ရွာမှာ လူနေအိမ်ပေါင်း ၄၃၀ မီးလောင်ပျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပြီး ကုလသမဂ္ဂအကူအညီနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

“စစ်တပ်နဲ့ အစိုးရအနေနဲ့ ကုလသမဂ္ဂ ကို အဲဒီဒေသကို သွားရောက်စုံစမ်း စစ်ဆေးခွင့်ပြုဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ဒါမှလည်း ဘက်မလိုက်ဘဲ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှုမျိုးဖြစ်မှာပါ။ ဒါ့အပြင်ဒေသခံ အရပ်ဖက် အစိုးရအချို့ထံက ကြားသိခဲ့ရတာက စစ်တပ်က သူတို့နဲ့ အပြည့်အ၀ တိုင်ပင်ခြင်းမရှိပဲ စစ်ဆင်ရေးတွေလုပ်နေတဲ့အတွက် သူတို့အနေနဲ့လည်း ဘာမှ မတတ်နိုင်ကြဘူးလို့ ပြောခဲ့ကြပါတယ်။ ဒါကလည်း အံ့အားသင့်စရာမဟုတ်ပါဘူး။ NLD က ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က စစ်တပ်၊ ရဲနဲ့ နယ်ခြားစောင့်တပ်တို့အပေါ်မှာ ထိန်းချုပ်ခွင့်ရှိတာဖြစ်ပါတယ်။ ဒါကြောင့် ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်က ရှင်းလင်းတင်ပြပေးဖို့ လိုတဲ့အပြင် ကုလသမဂ္ဂ ကိုလည်း သွားရောက်စစ်ဆေးခွင့် ၊ လေ့လာခွင့်ပြုဖို့နဲ့ ဒေသခံ အရပ်သားတွေ လုံခြုံရေးကိုလည်း အာမခံပေးဖို့ လိုအပ်ပါတယ်။”

Human Rights Watch အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Brad Adam က VOA မြန်မာပိုင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG