သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ AA တို့ ဘူးသီးတောင်မှာ တိုက်ပွဲဖြစ်ပွား


ရခိုင်ပြည်နယ် ဘူးသီးတောင်မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ် (သြဂုတ်၊ ၂၉၊ ၂၀၁၇)
ရခိုင်ပြည်နယ် ဘူးသီးတောင်မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ် (သြဂုတ်၊ ၂၉၊ ၂၀၁၇)

တိုက်ပွဲတွေ လျှော့ချနိုင်ရေးအတွက် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးနေပေမဲ့လည်း ရခိုင်ပြည်နယ်အတွင်းမှာတော့ တိုက်ပွဲဖြစ်ပွားနေဆဲပါ။ ဒီကနေ့မှာလည်း ဘူးသီးတောင်မြို့နယ်ဘက်မှာ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တပ်မတော်နဲ့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကလည်း ကျောက်တော်မြို့နယ်အတွင်း အရပ်သား နှစ်ဦး သတ်ဖြတ်ခံရမှုမှာ AA အဖွဲ့လက်ချက်လို့ တပ်မတော်က စွပ်စွဲထားသလို AA ဘက်ကတော့ သူတို့ အဖွဲ့မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဥယျာဉ်သာနဲ့ ဆင်သေပြင်ကျေးရွာဘက်မှာ မြန်မာတပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ တို့အကြားတိုက်ပွဲဖြစ်နေတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“အခုဒီမှာ ဥယျာဉ်သာ ရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်နေတာ ရှိတယ်။ ဥယျာဉ်သာရွာထဲက လူတွေကို မောင်းထုတ်ပြီးတော့မှ ဥယျာဉ်သာရွာထဲ နေပြီးတော့ ဒီဘက် ဆင်သေပြင်ရွာထဲက ကုလားတွေကို ဒီကောင်တွေက လက်နက်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်လို့ ဆင်သေပြင် ရွာထဲက ကုလားတွေ မနေရဲတော့ဘဲနဲ့ ထိပ်တူးပေါက်ကို သွားနေရတာ။ အခု အဲဒီနားမှာ တိုက်ပွဲ ဖြစ်နေတယ်။"

ဘေးလွတ်ရာကို တိမ်းရှောင်နေရတဲ့ ဆင်သေပြင် ရွာသားဦးလှမောင်က ရွာအနီးနားမှာ တိုက်ပွဲဖြစ်နေတယ်လို့ အတည်ပြုပြောပါတယ်။

“ဆင်သေပြင်နားမှာလေ။ ဥယျာဉ်သာ နွားရုံတောင်အုပ်စုမှာ။ ပစ်သံခတ်သံတော့ ဒီနေ့တော့ ပြင်းတယ်။”

ဒီကနေ့ ဖြစ်ပွားတဲ့ ပစ်ခတ်မှုမှာ အခြေအနေ မသိရသေးပေမဲ့ မနေ့က ဖြစ်ပွားတဲ့တိုက်ပွဲမှာ ဒေသခံတွေ ထိခိုက်မှုရှိနေသလို ရွာသားတွေလည်း စစ်ရှောင်နေရတယ်လို့ တခြားဆင်သေပြင်ရွာသား တဦးက ပြောပါတယ်။

“မနက်ကတော့က တိုက်ပွဲဖြစ်နေတာ။ စံဂိုးထောင် ဥယျာဉ်သာ ဆင်သေပြင်။ တိုက်ပွဲမှာ အိမ်တွေတော့ မီးရှို့ မီးလောင် သွားတယ်တော့ သုံး၊ လေး အိမ်ကျတယ်။ တိုက်ပွဲတော့ ပြင်းနေတယ်။ လက်နက်ကြီးတွေ တင်းမတွေက တအားထုတယ်။ ဒီဘက်က ရွာသားတွေက အကုန်လုံး ထွက်ပြေးနေတယ်။ ဆင်သေပြင်ကုလားတွေလည်း ထွက်ပြေးသွားပြီ။ ရခိုင်တွေက စေတီတောင်ကို ထွက်ပြေးတယ်။ ဟိုဘက်က ကုလားတွေတော့ ဖုန်ညိုလိတ် ထွက်ပြေးတယ်။”

တိုက်ပွဲဖြစ်ပွားနေစဉ် တင်းမရွာမှာ အခြေချထားတဲ့ မြန်မာစစ်တပ ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ များပြားနေပြီး ပစ်ခတ်မှုအတွင်း ကျေးရွာသား တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆင်သေပြင်ရွာသားက ပြောပါတယ်။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရခိုင်လက်နက်ကိုင်ဘက်က သတင်းမရရှိသေးဘူးလို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

မနေ့ညနေပိုင်းမှာကျောက်တော်မြို့နယ်၊ ဝါးတောင်ကျေးရွာက လင်မယား နှစ်ဦးဟာ အမည်မသိသူတွေကနေ ဝင်ရောက် သတ်ဖြတ်သွားခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ AA အဖွဲ့လက်ချက်လို့ အခုလို စွပ်စွဲထားပါတယ်။

“မနေ့ညတုန်းက ၇ နာရီဝန်းကျင်လောက်မှာ အဲဒီဝါးတောင်ရွာအနားမှာရှိတဲ့ ရဲကင်းစခန်း တခု ရှိတယ်။ ယိုးချောင်းတံတားပေါ့။ ပြည်ထောင်စုလမ်းမဘေးမှာ ဈေးဆိုင်တွေ အများကြီးရှိတယ်။ ရခိုင်ဆိုင်တွေလည်း အများကြီး ရှိတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ ရောင်းတဲ့ မြန်မာဆိုင်တော့ တဆိုင်ထဲ ရှိတာပေါ့။ ဗမာတွေရောင်းတဲ့ ဆိုင်ကို ဒီကောင်တွေ ဝင်ပြီးတော့မှ ငါးယောက် ခြောက်ယောက်လောက်က ဆိုင်ပိုင်ရှင် အမျိုးသမီးနဲ့ အမျိုးသားကို ဒါးနဲ့ဝင်ပြီးထ ိုးသွားတာ။ နှစ်ယောက်လုံး ပွဲခြင်းပြီး သေသွားရော။”

ဝါးတောင်ဘက် အသတ်ခံရမှုကိစ္စမှာ AA နဲ့ ပတ်သက်နေတယ်ဆိုတဲ့ တပ်မတော်ဘက်က စွပ်စွဲချက် နဲ့ပက်သက်ပြီး AA ပြောခွင့်ရခိုင်သုခက ငြင်းဆိုခဲ့ပါတယ်။

“ကျနော်တို့ဘက်က အဲဒီလိုမျိုး ဝင်ရောက်သတ်ဖြတ်တာတို့ ဘာတို့ အဲနေ့က ဘာမှမရှိဘူး။”

မနေ့ကလည်းပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲစခန်းရဲ့ ဒုရဲအုပ်ဇော်မင်းဌေးဒါးနဲ့ ထိုးသတ်ခံရပြီး ဘယ်သူသတ်သွားတယ်ဆိုတာ လက်သည်တရားခံ မမိသေးပါဘူး။

လက်ရှိရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။

တိုက်ပွဲတွေဖြေလျှာ့ဖို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး ငြိမ်းချမ်းရေးဗဟိုဌာန ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ လေး ဖွဲ့တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုန်မြို့မှာ သြဂုတ်လကုန်ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ တိုက်ပွဲရပ်တန့်နိုင်ခြင်း မရှိသေးပါဘူး။

တွေ့ဆုံဆွေးနွေးနေချိန်နဲ့ တချိန်ထဲမှာပဲ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်တို့အကြား တိုက်ပွဲဖြစ်ပွားနေသလို တွေ့ဆုံမှုအပြီး ရခိုင်ပြည်နယ်ဘူးသီးတောင်နဲ့ မင်းပြားမြို့နယ်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲလျှော့ချနိုင်ဖို့က AA အဖွဲ့နဲ့ မြန်မာတပ်မတော်တို့အကြား တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း စစ်ရှောင်တွေကို အကူညီပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက အခုလိုမြင်ပါတယ်။

“အဓိက ဒီဆွေးနွေးပွဲက စပြီးတော့မှ ဦးတည်ကတည်းက မြန်မာနိုင်ငံ အစိုးရဘက်ကကျတော့ ဒီပြည်ထောင်စုလမ်းမကြီးပေါ် စီးပွားရေးအရ အဲဒီမှာ ဘာမှတိုက်ပွဲ မရှိစေချင်ဘူး။ အဓိက ဦးတည်နေတဲ့အခါကျတော့ ရခိုင်မှာ ဒီတိုက်ပွဲ လျော့ချဖို့ ပတ်သက်ပြီးတော့မှ အားစိုက်မှု သိပ်မရှိဘူးပေါ့နော်။ ရခိုင်မှာတိုက်ပွဲတွေ လျော့ချဖို့အတွက်ဆိုလို့ရှိရင်တော့ တပ်နဲ့ ရခိုင့်တပ်တော် AA တိုက်ရိုက် ဆွေးနွေးရမယ်။ အခုက တပ်ကကိုယ်စားလှယ်တွေ တိုက်ရိုက်ဆွေးနွေးခွင့်မရတဲ့ အခါကျ တော့ ရခိုင်မှာ တိုက်ပွဲတွေ ဆက်လက်ရှိနေသေးတာပေါ့နော်။ မနေ့က ညနေအထိဆိုလို့ရှိရင်လည်းပဲ တိုက်ပွဲတွေ ရှိတုန်းပါပဲ။ မနေ့က ဘူးသီးတောင်ဘက်မှာလည်း ရှိတယ်။ နောက်တခါ ဒီ မင်းပြားနဲ့ မြောက်ဦးမြို့နယ်စပ်နားလေးက ပန်းမြောင်း ရွာအနီးမှာလည်းပဲ ဆက်ပြီးတော့မှ တိုက်ခိုက်မှုတွေ ရှိသေးပါတယ်။"

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ ၇၀,၀၀၀ နီးပါး တိုးပွားလာနေတယ်လို့လည်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးကနေ စာရင်း ကောက်ယူထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG