သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ပုဏ္ဏားကျွန်းမှာ ကုန်တင်ကား ၃ စီး မီးရှို့ခံရ


ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်စစ်တွေ ကားလမ်းပေါ်မှာ သြဂုတ်လ ၂၉ ရက်ညပိုင်းမှာ ကုန်တင်ကား သုံး စီး မီးရှို့ဖျက်စီး ခံရတယ်လို့ တပ်မတော်ဘက်ကရော ဒေသခံတွေကပါ ပြောဆိုပါတယ်။ မြန်မာစစ်တပ်ကနေ အရပ်သားကားကို သုံး ပြီး စစ်ပစ္စည်းတွေ တင်ဆောင်လာလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့က စစ်ဆေးဖို့ကြိုးစားရာမှာ မီးရှို့ထွက်ပြေးသွား တယ်လို့ AA တာဝန်ရှိသူတွေကပြောပါတယ်။ ရခိုင်ဒေသဘက်မှာ မြန်မာစစ်တပ်ကရော ရခိုင်လက်နက်ကိုင် AA အဖွဲ့ကပါ ရိက္ခာတင်တာနဲ့ ကားသွားလာခွင့်ကို ပိတ်ပင်နေတဲ့ အခြေအနေမှာ ရှိနေတယ်လို့လည်း ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ VOA သတင်းထောက်နိုင်ကွန်းအိန် ဆက်သွယ်မေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်နဲ့ သဲတောရွာအကြား ကားလမ်းပေါ်မှာ ကုန်တင်ကား သုံး စီး မီးရှို့ဖျက်စီးခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“ကုန်တင်ကား မီးရှိုှုခံရတယ်လို့ကြားတယ်။ မနေ့ကညကဆိုတော့ အကြမ်းဖျင်း သိရတယ်။ ဘာရည်ရွယ်ချက်လည်းဆိုတော့ ခြိမ်းခြောက်တဲ့ဟာပဲ ဖြစ်မှာပေါ့။ပြည်သူလူထု ကြောက်အောင်လန့်အောင်နဲ့ လမ်းပန်းဆက်သွယ်မှု အနှောက်အယှက် ဖြစ်နေတဲ့အပေါ် လင်းမြွေတောင် ကိစ္စနဲ့ပတ်သက်နေတဲ့ဟာ ယိုးတရုတ်ရဲ့ တဘက်လောက်မှာပဲ ဖြစ်တာ။ လင်းမြွေတောင်က ဟိုကဆုတ်သွားတဲ့အဖွဲ့တွေပဲ ဖြစ်နိုင်တယ်။”

အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုး-သိန်းနီကြား ကား သုံး စီး၊ ဆိုင်ကယ် တ စီး ကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကနေ ဒီမနက်မှာ မီးရှို့ဖျက်စီးခဲ့ပြီး ရခိုင်နဲ့ ရှမ်းပြည်နယ်အတွင်း ကားမီးရှို့ခံရတဲ့ဖြစ်စဉ်ကို တပ်မတော်ကနေ သတင်း ထုတ်ပြန်သွားမယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

သြဂုတ်လ ၂၈ ရက်မနက်ပိုင်းမှာ ကျောက်တော်နဲ့ မြောက်ဦးနယ်စပ် မြန်မာစစ်တပ်ရဲ့ အထိုင်ချထားတဲ့ လင်းမြွေ တောင ်တပ်စခန်းကို ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဒီတိုက်ပွဲတွေမှာ နှစ်ဘက် ထိခိုက်မှုတွေ ရှိနေခဲ့တာပါ။

ဒီတိုက်ပွဲအတွင်း အကျဆုံးတွေကိုတော့ နှစ်ဘက်ပြောဆိုနေကြပေမဲ့ သီးခြား အတည်မပြုနိုင်ခဲ့ပါဘူး။ ဒါ့အပြင် ရန်ကုန် စစ်တွေ ကားလမ်းကိုလည်း နှစ်ဘက် တပ်တွေက ကားသွားလာခွင့်ကို ပိတ်ပင်ထားခဲ့ပါတယ်။ မျက်မြင်သဲတော ဒေသခံတဦးကတော့ ကုန်တင်ကားမှာ စားနပ်ရိက္ခာတွေပါလို့ မီးရှို့ခဲ့တယ်လို့ ယူဆရကြောင်း အခုလိုပြောပါတယ်။

“ကုန်တင်ကား သုံး စီးကို မီးတိုက်ပလိုက်တယ်။ အခုကပြောပုံကဆိုရင် တပ်မတော်ကို ရိက္ခာတွေဘာတွေ သွားပို့ဘာညာ လုပ်နေလည်းမသိဘူး။ အဲဒီလို ဖြစ်နေရင်ဖြစ်မှာပါ။ စစ်ဆင်ရေးပစ္စည်းပါတယ်လို့ ပြောတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြန်ကြားရေး တာဝန်ခံခိုင်သုခကတော့ မြန်မာစစ်တပ်ကနေ အရပ်သားကားကိုသုံးပြီး စစ်ပစ္စည်းတွေ တင်ဆောင်လာလို့ AA အဖွဲ့တွေကနေ စစ်ဆေးခဲ့ကြောင်း အခုလိုပြောပါတယ်။

“အဲဒီကားတွေကတော့ ဗမာစစ်တပ်တွေကနေပြီးတော့ အရပ်သားကားတွေကို သုံးပြီးတော့မှ သူတို့ဒီထောက်ပို့ ပစ္စည်းတွေ ပြောင်းတာဗျ။ ကျနော်တို့ဘက်က စစ်ဆေးဖို့အတွက် ရပ်ခိုင်းတဲ့ အချိန်မှာ သူတို့က ကားပေါ်ကနေဆင်းပြီး တော့ပြေးသွားတယ်ပေါ့။ သူတို့ကား သူတို့ မီးရှို့ပြီးတော့ ပြေးသွားတယ်လို့ထင်ပါတယ်။ သိရတာကတော့ အဲဒီကားတွေမှာ မီးလောင်နိုင်တဲ့ ပစ္စည်းတွေ စစ်လက်နက် ပစ္စည်းတွေလည်း ပါကောင်းပါနိုင်တယ်ပေါ့။ ကားကိုတော့ သူတို့မီးရှို့ ဖျက်စီး ပြီးတော့ ပြေးတာဆိုတော့ ဘာတွေပါမှန်းလည်း ကျနော်တို့လည်း မသိဘူးဗျ။ ထွက်ပြေးသွားတာတော့ ဗမာစစ်သားတွေ။ စစ်သားတွေ ထွက်ပြေးသွားတာတော့ ကျနော်တို့ တွေ့လိုက်ရတာပေါ့။”

ပုဏ္ဏားကျွန်းမြို့နယ်မ ဲဆန္ဒနယ်က အမျိုးသားလွှတ်တော ်ကိုယ်စားလှယ်ဥ ီးခင်မောင်လတ်ကတော့ လင်းမြွေတောင် တိုက်ပွဲဖြစ်စဉ်အပြီး ဒီရက်ပိုင်းတွေမှာ မြန်မာစစ်တပ်ကရော ရခိုင်လက်နက်ကိုင် AA အဖွဲ့ကပါ ရိက္ခာတင်တာနဲ့ ကား သွားလာခွင့်ကို ပိတ်ပင်ထားတယ်လို့ ဆိုပါတယ်။

“နှစ်ဘက်စလုံးကပဲ တားတာရှိတယ်ဆိုတော့ ဘယ်သူလုပ်ပြီးတော့ ဘယ်သူမှ မပြောတတ်ဘူး။ အခုက အဲဒီရိက္ခာတို့ ဘာတို့က နှစ်ဘက်စလုံးက ပိတ်နေကြတာကိုး။ ကား မသွားရဆိုတော့ အကုန်လုံး လူထုကကြားမှာ ညှပ်ပါသွားတာပဲလေ။"

ဒီရက်ပိုင်းအတွင်း မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်းစွာ ဖြစ်ပွားနေသလို အရပ်သားတွေလည်း သေကြေ ထိခိုက်မှုတွေ များနေပါတယ်။

သြဂုတ်လ ၂၈ ရက်နဲ့ ၂၉ ရက်နေ့ ဘူးသီးတောင်မြို့နယ် ဆင်သေပြင် ရွာဘက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ အရပ်သားတွေ ထိခိုက်မှုရှိခဲ့တယ်လို့ ဆင်သေပြင်ရွာသား တဦးက ပြောပါတယ်။

“ဘူးသီးတောင်မြို့နယ် စံဂိုးထောင်အုပ်စုမှာပေါ့လေ။ တပ်ကနေ လက်နက်ကြီးတိုက်လို့ ဥယာဉ်သာရွာမှာ ဦးလှမောင်သာဆိုတဲ့ လူရဲ့ နေအိမ်တလုံး မီးလောင်သွားတယ်။ ဆင်သေပြင်ဆိုတဲ့ ဘင်္ဂလီရွာမှာ အမျိုးသမီး နှစ်ဦး လက်နက်ကြီး ကျည်ထိ တယ်။ နောက်ပြီးတော့ ၂၈ ရက်နေ့ကပေါ့လေ အဲဒီထိပ်တူးပေါက်ရွာမှာ ဘင်္ဂလီတယောက်ကို ပစ်သတ်ခံရတယ်ဆိုပြီးမှ သတင်းတွေကြားပါတယ်။”

အမျိုးသမီးတွေ လက်နက်ကြီး ထိမှန်ပြီး ထိပ်တူးပေါက်ရွာသား တဦး သေဆုံးခဲ့တဲ့အကြောင်း ထိပ်တူးပေါက်ရွာသား တဦးကလည်း အတည်ပြုပြောဆိုခဲ့ပါတယ်။

တပ်မတော် သတင်းထုတ်ပြန်ရေး အဖွဲ့ကတော့ ဘူးသီးတောင်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့ကလည်း မင်းပြားမြို့နယ်အတွင်း ပန်းမြောင်းကျေးရွာအပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့လို့ ကျောင်းနေအရွယ်ကလေး သုံး ဦး သေဆုံးပြီး လူကြီးတချို့ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုနဲ့ ပတ်သတ်လို့ မြန်မာစစ်တပ်က ရခိုင်လက်နက်ကိုင်အဖွဲ့ကို စွပ်စွဲထားပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့က ငြင်းဆိုထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာ မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ ရခိုင်လက်နက်ကိုင် AA တအာင်းပလောင်အဖွဲ့ TNLA ကိုးကန့်အဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

တိုက်ပွဲတွေ အဆုံးသတ်နိုင်ဖို့ လာမယ့် သြဂုတ်လ ၃၁ ရက်နေ့မှာ ရှမ်းပြည်နယ်က ျိုင်းတုန်မြို့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံအစိုးရကနေ လုံခြုံရေးအရ အာမခံချက်ပေးထားတဲ့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ တက်ရောက်သွားဖို့ရှိတယ်လို့ AA ပြန်ကြားရေး တာဝန်ခံခိုင်သုခက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG