သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် ပုဏ္ဏားကျွန်း ရဲယာဉ်တန်းတိုက်ခိုက်ခံရ၊ ဒုရဲမှူးအပါအဝင် နှစ်ဦး သေဆုံး


ရခိုင်ပြည်နယ် မောင်တောမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ် (အောက်တိုဘာ၊ ၂၁၊ ၂၀၁၆)
ရခိုင်ပြည်နယ် မောင်တောမှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ် (အောက်တိုဘာ၊ ၂၁၊ ၂၀၁၆)

AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ မနေ့က ရဲယာဉ်တန်းတိုက်ခိုက်ခံရလို့ ဒု ရဲမှူး တဦးအပါအဝင် လုံခြုံရေးတာဝန်ရှိသူ နှစ်ဦးသေဆုံးပြီး၊ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း မင်းပြား ပုဏ္ဏားကျွန်းနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ မနေ့ကအထိ တိုက်ပွဲတွေရှိနေပြီး ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိမ် စုံစမ်းမေးမြန်းထားပါတယ်။

ရခိုင်ပြည်နယ် ပ ုဏ္ဏားကျွန်းမြို့နယ်အတွင်း ရဲတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရမှုမှာ ဒုရဲမှူး တဦး ကျဆုံးခဲ့သလို မင်းပြား မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှု အခြေအနေကိုတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“မနေ့တုန်းကလည်း ကျနော်တို့ သတင်းထုတ်ထားတယ်။ ရဲယာဉ်တန်း တာဝန်နဲ့ ပြန်လာတဲ့ ရဲယာဉ်တန်း တိုက်ခိုက်ခံရတာ ရှိတယ်။ ဒုရဲမှူးတယောက်ကတော့ သူကဒဏ်ရာ ရတယ်။ ဒဏ်ရာရရင်းနဲ့ စစ်တွေသယ်လာတယ်။ စစ်တွေသယ်လာပြီး ဆေးရုံရောက်တဲ့အခါမှာ ဆုံးသွားတယ်လို့ ကျနော်တို့ သိရတယ်။ နောက်ပြီးတော့ မင်းပြားဘက်မှာတော့ ရာမောင်တံတားရဲ့ အရှေ့မြောက်ဘက်မှာတော့ ကျနော်တို့ လက်လုပ်မိုင်း ၂ လုံး ဖေါက်ခွဲတိုက်ခိုက်ခဲ့တာ ရှိတယ်။ အဲဒါကတော့ ထိခိုက်ဒဏ်ရာရမှု မရှိပါဘူး။ ဒါပါပဲ။”

မနေ့က ကျောက်တော်မြို့နှယ်နဲ့ ပုဏ္ဏားကျွန်းမြို့အကြား ပြိုင်းတောကျေးရွာအနီးမှာ AA အဖွဲ့ကနေ ရဲတပ်ဖွဲ့ ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒုရဲမှူးသောင်းလွင ်အပါအဝင် နှစ် ဦးကျဆုံးပြီး သုံး ဦး ဒဏ်ရာ ရရှိပြီးတော့ တပ်ဖွဲ့ပိုင် မော်တော် ယာဉ် သုံးစီး ပျက်စီးသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နဲ့ ဘူးသီးတောင်မြို့နယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA ပြန်ကြားရေးအရာရှိ ခိုင်သုခကပြောပါတယ်။

“သြဂုတ်လ ၂၀ ရက် မနက် ၈ နာရီမှာ မင်းပြားမြို့နယ်ရဲ့ ကုလားမတောင်ရွာရဲ့ အနောက်တောင်ဘက် အဲဒီမှာတကြိမ်ဖြစ်တာ ရှိတယ်။ အဲဒီမှာလည်း ရန်သူဘက်က ခုနစ် ဦး ကျဆုံးတာ ရှိတယ်ဗျ။ နောက်ပြီးတော့ ဒီမနက် ၁၀ နာရီ တံခွန်တိုင်နဲ့ရွှေတမာ ရွာအကြားပေါ့။ အဲဒါလည်း မင်းပြားမြို့နယ်ထဲမှာပဲ။ အဲဒီမှာ နောက်ထပ်တကြိမ် ဖြစ်တာ ရှိတယ်။ အဲဒီမှာရန်သူဘက်က ငါး ဦး ကျဆုံးတာ ရှိတယ်။ နောက်ပြီးတော့ ဘူးသီးတောင်မြို့နယ်ထဲမှာ သြဂုတ်လ ၂၀ ရက် မနက် ၄ နာရီထဲကနေပြီးတော့ ၅ နာရီအထိ ဂေါင်းတိုက်ရွာရဲ့ အရှေ့မြောက်ဘက် တောင်တန်းပေါ်မှာ တိုက်ပွဲဖြစ်ခဲ့တယ်။”

မနေ့ကမင်းပြားမြို့နယ်အတွင်း ဖြစ်တဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ကျဆုံးမှုတွေ များပြားတယ်လို့ AA ဘက်ကပြောနေသလို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီလပိုင်းကစလို့ မင်းပြားမြို့နယ်မှာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေခဲ့ပြီး စစ်ဖြစ်ပွားရာ ဖုံသာချောင်းတဝိုက်ကရွာ ၃၀ နီးပါးကို ဒီလပထမအပတ်ကစပြီး မြန်မာစစ်တပ်ကနေ သွားလာခွင့်ကို ပိတ်ပင်ထားခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း ရွာသားတွေကို သွားလာခွင့်ပြုလာတယ် ဆိုပေမဲ့ စားနပ်ရိက္ခာသယ်ယူခွင့်ကို ကန့်သတ်ထားဆဲလို့ မင်းပြား မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်က အခုလိုပြောပါတယ်။

“မနေ့ညနေက ကျနော် မင်းပြားကိုရောက်တယ် လွှတ်တော်ပြီးတော့။ အဲဒီဘက်အပိုင်းကို စုံစမ်းကြည့်လိုက်တော့ ရွာတရွာက လူ နှစ်ယောက်၊ သုံးယောက်လောက်ပဲ သူတို့က ဆန်လေးတအိတ်လောက်ပဲ ဝယ်ခွင့်ပြုတယ်။ ဟိုတချိန်တုန်းကလိုတော့ ဘယ်သူမှ သွားလာခွင့် မရဘူးဆိုတဲ့အနေအထားမျိုး ဟုတ်တာကလွှဲလို့ စားနပ်ရိက္ခာဝယ်ယူခွင့်ကို ပိတ်ပင်ထားသေးတယ်။ များများစားစား ဝယ်လို့မရဘူး။ ဒီဘက်ကစေတနာရှင်တွေ သွားပြီး လှူဒါန်းမယ် ဆိုတဲ့အပိုင်းလည်း မရသေးဘူး။”

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်းဒေသခံပြည်သူ ၆၁,၀၀၀ ကျော် စစ်ဘေး တိမ်းရှောင်နေရပါတယ်။

အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်းဘက်မှာလည်း မြန်မာစစ်တပ်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG