သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်တွင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား


ရခိုင် မြောက်ဦး ရှေးဟောင်းဘုရားများ
ရခိုင် မြောက်ဦး ရှေးဟောင်းဘုရားများ

မြန်မာနိုင်ငံတဝှမ်း ရိုးရာသင်္ကြန် ရေသဘင်ပွဲတော်တွေ ဆင်နွှဲနေကြတဲ့အချိန် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ဘက်မှာတော့ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားပါတယ်။ ဒီမနက် မြောက်ဦးနဲ့ မင်းပြားနယ်အစပ် ပန်းမြောင်းရှည်ချောင်းဘက်မှာ နှစ်ဘက်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တပ်မတော်ဘက်ကနေ လေကြောင်း အကူသုံး တိုက်ခိုက်တာတွေ ရှိတယ်လို့ AA တာဝန်ရှိသူက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသတွင်း ကျေးရွာလူထုကြား စိုးရိမ်မှုတွေ တိုးလာနေပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်အစပ် ပန်းမြောင်းရှည်ချောင်းဘက်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်နေတယ်လို့ AA ပြန်ကြားရေး တာဝန်ခံ ခိုင်သုခကပြောပါတယ်။

“မနက် (၈) နာရီခွဲကစပြီးတော့ မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ် အစပ်ပေါ့နော်။ အဲဒီ ပန်းမြောင်းရှည်ချောင်းထဲမှာ အဲဒီမှာတိုက်ပွဲ ဖြစ်နေတာ ရှိတယ်ဗျ။ တိုက်ပွဲက အဲဒီမှာ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်။ နောက်ဆုံးရရှိတဲ့ သတင်းအရဆိုရင်တော့ ဗမာစစ်တပ်ဘက်က အဲဒီမှာ (၃၀) ဝန်းကျင်လောက် ကျဆုံးနေပြီဆိုပြီးတော့ သိရတယ်။ အဲဒီမှာ လေကြောင်းကနေပြီးတော့ ဂျက်ဖိုက်တာ (၂) စီးနဲ့ လာပြီးတော့ သူတို့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်နေတယ်။ ရဟတ်ယာဉ်တွေနဲ့လည်း အဲဒီမှာ ဒေသအတွင်း တောတောင်တွေကို ရမ်းသန်းပြီးတော့ ပစ်ခတ်နေတာ ရှိတယ်ဗျ။”

ဒီသင်္ကြန်အတက်နေ့ ပန်းမြောင်းရှည်ချောင်း တိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ထိခိုက်ကျဆုံးမှု များပြားတယ်လို့ ရခိုင်တပ်တော်ဘက်က ပြောဆိုနေသလို ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီနေ့မနက် ပန်းမြောင်းရှည်ချောင်းအတွင်း နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးခဲ့ရာမှာတော့ အနီးနားကျောင်းတောင် ရွာသားတွေ ကြောက်လန့်နေကြတယ်လို့ မြောက်ဦးမြို့ခံ ကိုအောင်ထွန်းကပြောပါတယ်။

“လက်နက်ငယ်သံရော လက်နက်ကြီးသံရော ဒလစပ် ကြားနေရတယ်... တောင်တန်းတွေအပေါ်က။ ကျောင်းတောင် ရွာသားတွေကတော့ လောလောဆယ်ကတော့ သူတို့ ရွာမှာပဲပေါ့။ အပြင်လည်း မထွက်ရဲဘူး။ သူတို့ လုံခြုံမဲ့နေရာ အိမ် အောက်မှာပဲ အဲဒီလိုနေကြတယ်။”

ဒီကနေ့ တိုက်ပွဲဖြစ်ပွါးမှုနဲ့ ပက်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်းရေးမှူးကို ဆက်သွယ် မေးမြန်းခဲ့ပေမဲ့လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း ရခိုင့်တပ်တော် AA ရဲ့ မြောက်ဦးမြို့နယ်အတွင်းက လေ့ကျင့်ရေးစခန်း တခုကိုတော့ မြန်မာ့တပ်မတော်က သိမ်းပိုက်ရရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကနေ ဗွီအိုအေကို မနေ့က ပြောဆိုခဲ့ပါတယ်။

“မြောက်ဦး အရှေ့မြောက်ဘက်မှာ ကျနော်တို့ လေ့ကျင့်ရေးစခန်း လုပ်သွားတဲ့နေရာတွေ သိမ်းမိရရှိတယ်။ အဲဒီကနေ ကျည်ဆံတွေရတယ်။ ကျည်ပုန်းခွံတွေ ရတယ်။ လေ့ကျင့်ရေးသေနတ်တွေ ရတာရှိတယ်။ နင်းမိုင်းတွေ ရတာရှိတယ်။”

AA ပြန်ကြားရေး တာဝန်ခံခိုင်သုခကတော့ ရခိုင့်တပ်တော် AA ရဲ့ မြောက်ဦးတပ်စခန်းကို တပ်မတော်ကနေ ဒီလ ၁၃ ရက်နေ့က သိမ်းပိုက်ရရှိတယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ဟာ မမှန်ကန်ဘူးလို့ ပြောပါတယ်။

“ကျနော်တို့ သင်တန်းကျောင်းတွေ ဘာတွေ သိမ်းဆီးရမိတယ်ဆိုတဲ့ ဥစ္စာမျိုးဟာ မရှိဘူး။ အဲဒီနေရာမှာ ကျနော်တို့ သင်တန်းကျောင်းဆိုတာ မရှိတာ။ သူတို့ ဒီသင်တန်းကျောင်းကို သိမ်းပိုက်ရရှိတယ်ဆိုတဲ့ ဥစ္စာဟာ လုပ်ကြံပြီးပြောတာမျိုး ဖြစ်နိုင်တယ်။”

လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသအနှံ့မှာ မြန်မာ့တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေသလို စစ်ဘေးရှောင် အရေအတွက်ဟာလည်း များပြားလာနေပါတယ်။

အခုလိုတိုက်ပွဲဖြစ်ပွါးနေမှု စစ်ရှောင်ရွာသားတွေ အတိဒုက္ခရောက်နေတဲ့ အခြေအနေကြောင့် ဒီနှစ်ကျရောက်တဲ့ သင်္ကြန်ပွဲမှာ ရန်ကုန်၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်စတဲ့ မြို့တော်တော်များမှာ ရခိုင်ရိုးရာသင်္ကြန် ရေကစား မဏ္ဍပ်နဲ့ ပျော်ပွဲကျင်းပခြင်းမရှိဘဲ ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ပြသခဲ့ကြပါတယ်။

ဒါပေမဲ့လဲ မြောက်ဦးမြို့နယ်အတွင်း စစ်ရှောင်စခန်းတွေမှာတော့ ဒုက္ခသည်တွေအတွက် တဒင်္ဂပဲဖြစ်ဖြစ် စိတ်သက်သာရာရစေဖို့ဆိုပြီး မြောက်ဦးလူငယ်အဖွဲ့နဲ့ ဂီတဝါသနာရှင်အဖွဲ့တွေ ပူးပေါင်းပြီး "ဖေးမတွဲယူ လက်တွဲကူ" ဖျော်ဖြေရေး အစီအစဉ် တခု တင်ဆက်ခဲ့တယ်လို့ မြောက်ဦးမြို့ခံ ကိုအောင်ထွန်း က ပြောပါတယ်။

“ဒီပဲရင်းကို သွားပြီးပြီး။ ဒီနေ့ဆိုလို့ရှိရင်တော့ အခုမြတန်ဆောင်း ဘုန်းတော်ကြီးကျောင်းက ဒုက္ခသည်စခန်းမှာ။ စစ်ပွဲကိုကြောက်ပြီးတော့ သင်္ကြန်တွင်းမှာ တောင်မှသူတို့က စိတ်အေးချမ်းမှု မရှိနိုင်ဘူးပေါ့။ သူတို့က စိုးရိမ်ပြီးတော့ နေရတယ်။ တနှစ်တာကို သူတို့ကုန်ဆုံးနေရတာ။ အဲဒီလိုမျိုး ဖျော်ဖြေရေးနဲ့ လာပြီးတော့ ဥပမာ ၁ နာရီ၊ ၂ နာရီပေါ့ဗျာ။ အဲဒီလိုမျိုးလေး လုပ်လိုက်တော့ အနည်းဆုံးကတော့ သူတို့ အဲဒီနာရီပိုင်းလေးကို စိတ်သက်သာရာရမှာပေါ့။ သူတို့ ပျော်ရွှင်မှု တခုတော့ရမှာပေါ့။ အဲတာပါပဲ။”

စစ်ပွဲကာလအတွင်း စစ်ဘေးရှောင်တွေရဲ့ စိတ်ဒဏ်ရာတွေ လျော့ချနိုင်ရေးအတွက် ရည်ရွယ်ချက်နဲ့ ဖြေဖျော်ခဲ့တယ် လို့ သူကဆိုပါတယ်။

၂၀၁၈ခုနှစ် နိုဝင်ဘာလကုန်ကနေစပြီး ၂၀၁၉ခုနှစ် ဧပြီလအထိ ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ AA တို့ တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ (၃၀၀၀၀) ထိ တိုးပွါးလာနေပြီး စားသောက်နေထိုင်ရေးမှာ အခက်ခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG