သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ရက်ရက်စက်စက် သတ်ဖြတ်မှုတွေနဲ့ကြုံ


(သတင်းဓာတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
(သတင်းဓာတ်ပုံ- ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့နယ်ခွဲမှာ ဒီမနက်ပိုင်း သတ်ဖြတ်ခံရတဲ့ လူသေအလောင်း နှစ်လောင်း တွေ့ရှိမှုနဲ့ ပတ်သက်ပြီး မြန်မာတပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ အကြား ဘယ်သူ့လက်ချက်ဆိုတာကို အပြန်အလှန် စွပ်စွဲနေကြတာပါ။ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေက တရားခံကို ရဲတပ်ဖွဲ့ကနေ စုံစမ်းနေဆဲဖြစ်ပြီး သေမှုသေခင်း ဖွင့်ထားတယ်လို့ ပြောပါတယ်။ မြေပုံမြို့နယ်မှာ ဒီလိုလက်သည်မပေါ်ဘဲ လုပ်ကြံခံရတဲ့ဖြစ်စဉ် များနေတာကြောင့် စိုးရိမ်နေရတဲ့ အခြေအနေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မဈေးကြီးမှာ ဒီနေ့မနက်ပိုင်း လုပ်ကြံသတ်ဖြတ် ခံထားရတဲ့ လူသေအလောင်း နှစ် လောင်း တွေ့ရှိခဲ့ပေမဲ့ တရားခံကို မဖေါ်ထုတ်နိုင်သေးဘူးလို့ မြေပုံမြို့နယ်မဲ ဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“ဒီနေ့မနက်ပဲ သတင်းရတယ်ပေါ့နော်။ လူနှစ်ယောက်ပေါ့နော် ကိုညီထွေးရယ် ဦးမောင်လုံးရယ်။ နှစ်ယောက်က အသတ်ခံရတယ်။ အဲဒီနေရာမှာဖြစ်တာ မဟုတ်ဘူး။ ညတနေရာမှာ ဖြစ်ပြီးတော့ အဲဒီဈေးလမ်းခွဆုံပေါ့။ အဲဒီနေရာလာပြီးတော့ ခေါင်းဖြတ်ပြီးတော့ ထားတယ်ပေါ့။ အဲဒီအပေါ်မှာ ဘယ်သူဘယ်ဝါလို့တော့ သက်ဆိုင်ရာ ရဲကလည်း စုံစမ်းလို့ မရဘူး။ သေမှုသေခင်းတော့ ဖွင့်ထားတယ်။ အဲဒီလိုဖြစ်စဉ်မျိုးတော့ ကျနော်တို့မြို့နယ်မှာ အခုဆိုရင် ၇ ယောက် တိတိ ရှိပြီးပေါ့နော်။ ဒါပေမဲ့ တယောက်မှကို လက်သည်ကို သက်ဆိုင်ရာက ရှာပြီးတော့ ဖေါ်ထုတ်နိုင်တာ မရှိဘူးပေါ့နော်။ အခုဖြစ်စဉ်ကဆိုရင် ဒေသခံတွေ အထိတ်တလန့် တုန်လှုပ်နေကြတာပေါ့။”

၂၀၁၈နဲ့ ၂၀၁၉ ခုနှစ်အတွင်း မြေပုံမြို့နယ်အတွင်း အခုလို လက်သည်မပေါ်ပဲ လုပ်ကြံခံရလို့ သေဆုံးသူ ၇ ဦး ရှိပြီလို့ ဦးဖေသန်းက ပြောပါတယ်။ လုပ်ကြံသတ်ဖြတ်ခံရသူ နှစ်ဦးကတော့ ကမ်းထောင်းကြီးမြို့က ဦးညီညီထွေးနဲ့ အမ်းမြို့နယ် သဲကမ်းထောင်း ကျေးရွာသား ဦးမောင်လုံးတို့ ဖြစ်ကြပါတယ်။ ဒီလုပ်ကြံမှုဟာ ရခိုင်လက်နက်ကိုင် AA အဖွဲ့လက်ချက်ဖြစ်တယ်လို့ ယူဆကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ်မှူးကြီးဝင်းဇော်ဦးကနေ စွပ်စွဲထားပါတယ်။

“ညတုန်းကတော့ ကမ်းထောင်းကြီးပေါ့နော်။ ဘာမှမပစ်မရှိတဲ့ ရခိုင် နှစ်ယောက်ကိုတောင် သတ်သွားတယ်လို့ ပြောတယ်။ ခေါင်းဖြတ်သွားတယ်။ အဲဒါ လိုက်စုံစမ်းနေတယ်။ AA လက်ချက်ဖြစ်ဖို့ များတယ်။ သူတို့ အမိန့်မနာခံတာတို့ သူတို့ လုပ်ရပ်ကို မထောက်ခံတဲ့ကောင်တို့ လိုက်သတ်နေတာချည်းပဲ AA ကနော်။”

တပ်မတော်ရဲ့ စွပ်စွဲချက်အပေါ် AA ပြန်ကြားရေး တာဝန်ခံခိုင်သုခကတော့ ၎င်းတို့အဖွဲ့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုခဲ့သလို မြန်မာစစ်တပ်ရဲ့ လက်ချက်ဖြစ်ကြောင်း အပြန်အလှန် စွပ်စွဲပါတယ်။

“ကျနော်တို့နဲ့ လုံးဝပတ်သက်မှု မရှိဘူးဗျ။ မြို့ပေါ်မှာ နေပြီးတော့ အခုလိုမျိုးဒီ ရက်ရက်စက်စက် သတ်ဖြတ်မှု။ ခေါင်းဖြတ်သတ်တဲ့ အနေအထားမျိုး ဖြစ်တယ်ဆိုတဲ့ ဥစ္စာကတော့ အဲဒီမှာ အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ အဖွဲ့အစည်းတွေရဲ့ ပါဝင်ပတ်သက်မှု မရှိဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စဗျ။ ဒီလိုသတ်တဲ့ ပုံစံပေါ့နော်။ အရင်လွန်ခဲ့တဲ့ ၂၀၁၅ ရန်းချောင်း တိုက်ပွဲ ကာလတုန်းကလည်းပဲ ဟိုတလောက တိုက်ပွဲကာလတုန်းကလည်းပဲ တောထဲမှာတွေ့တဲ့ အရပ်သားတွေကို ဗမာ စစ်တပ်ကနေပြီးတော့မှ ဖမ်းဆီးပြီးတော့ ရက်ရက်စက်စက် ဗိုက်ခွဲပြီးတော့သတ်တဲ့ မှတ်တမ်းတွေတော့ ရှိတယ်။ အခု ကမ်းထောင်းကြီးမှာ ဖြစ်တဲ့ဥစ္စာက ဗမာစစ်တပ်ဘက်က လုပ်တာ လုံးဝဖြစ်နိုင်တဲ့ ကျနော်တို့ အဲဒီလိုပဲ မှတ်ချက်ပြုချင်တာ ရှိတယ်ဗျ။”

မြေပုံမြို့နယ်အတွင်းမှာ ဒီလိုသတ်ဖြတ်ခံရတာ များလာနေတာကြောင့် ဒေသခံတွေ စိုးရိမ်စိတ်တွေ မြင့်တက်လာနေသလို သက်ဆိုင်ရာ အာဏာပိုင်တွေကလည်း လက်သည်အမှန်ကို ဖေါ်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG