သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ရှောင်စခန်းတွေ ဝင်စစ်မယ့်အပေါ် ဒုက္ခသည်တွေ စိုးရိမ်


ကျောက်တော်မြို့နယ်အစပ်ရှိ ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်း။ (မှတ်တမ်းဓာတ်ပုံ)
ကျောက်တော်မြို့နယ်အစပ်ရှိ ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်း။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးဖို့ စီစဉ်နေတဲ့အတွက် ဒုက္ခသည်တွေကြား စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေကြောင့် မြောက်ဦးမြို့နယ်ကို တိမ်းရှောင်လာကြတဲ့ ဒေသ ခံတွေ ယာယီခိုလှုံနေတဲ့ စစ်ရှောင်စခန်းတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး စစ်ဆေးဖို့ စီစဉ်နေတယ်လို့ အကူအညီပေးရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဒုက္ခသည်စခန်း ၁၅ ခုကို စစ်ဆေးဖို့ စီစဉ်နေတဲ့အကြောင်း အာဏာပိုင်တွေ မကြာသေးခင်ကပဲ အကြောင်းကြားလာတယ်လို့လည်း မြောက်ဦးမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့ခေါင်းဆောင် မြတန်ဆောင်းဆရာတော်ကမိန့်ပါတယ်။

“စစ်ရှောင်စခန်းတွေကို စီမံခန့်ခွဲတဲ့ တာဝန်ခံတွေ။ ပြီးတော့ စခန်းစီမံခန့်ခွဲတဲ့ကော်မီတီတွေကိုခေါ်ပြီးတော့ စာတစောင် ပေးပါတယ်။ အဲဒီစာထဲမှာတော့ ဇန်နဝါရီလ ၂ ရက်လို့ဖြစ်နေတယ်။ ဒါပေမဲ့ ပေးတာက မနေ့ကတော့ပေးတာပါ။ စာထဲမှာပါတဲ့ အကြောင်းအရာကတော့ စစ်တပ်ရယ်၊ ရဲရယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရေးတွေပေါင်းပြီးတော့ စစ်ရှောင်စခန်းတွေကို စစ်ဆေးမယ်လို့တော့ ပါပါတယ်။ အဲဒီစစ်ဆေးမှုအပေါ်ရလာတဲ့ ရလဒ်အပေါ်မူတည်ပြီးတော့ ရိက္ခာထောက်ပံ့မှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်ဆိုပြီး ရေးထားပါတယ်။”

စုပေါင်းအဖွဲ့ရဲ့ စိစစ်တွေ့ရှိချက်တွေအပေါ် မူတည်ပြီး ရိက္ခာထောက်ပံ့တာတွေကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ စစ်ဆေးမှုအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့လည်း မြောက်ဦးမြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဦးမောင်သာစိန် လက်မှတ် ရေးထိုးထားတဲ့ အကြောင်းကြားစာမှာ ဖေါ်ပြထားပါတယ်။

မြတန်ဆောင်းဆရာတော်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေက ဒုက္ခသည်စခန်းတွေကို စစ်ဆေးမယ့် အစီအစဉ်ကြောင့် နောက်ဆက်တွဲ ပြဿနာပေါ်မှာကို စိုးရိမ်တယ်လို့ မိန့်ပါတယ်။

“စစ်ရှောင်စခန်းတခုကို အစိုးရအနေနဲ့ စစ်ဆေးမယ်။ စာရင်းကောက်မယ်ဆိုရင်ဒါ လက်ခံလို့ ရပါတယ်။ ဒါကပြဿနာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီလိုစစ်ဆေးဖို့အတွက် ရဲပါစရာမလိုဘူး။ စစ်တပ်ပါစရာမလိုဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ IDP တွေက ရာဇဝတ်သားတွေ မှ မဟုတ်ဘဲ။ ဒီ IDP စခန်းတွေက ရခိုင့်တပ်တော် AA တပ်စွဲနေတဲ့နေရာတွေမှ မဟုတ်ဘဲ။ ဒါကြောင့်စစ်တပ်မလိုအပ်ဘူး။ ဒီမလိုအပ်တဲ့ ဒီနှစိဖွဲ့ပါလာခြင်းက ကောင်းကျိုးထက်ဆိုးကျိုးပိုများလာမယ်လို့ ထင်တယ်။”

စစ်ဆေးသွားမယ့် စစ်ဘေးရှောင်စခန်းတွေကတော့ ညောင်ပင်ဈေး၊ လက်ကောက်ဈေး၊ အောင်တပ်၊ လောကမူ၊ ထမ္မရာဇ်၊ ကျောက် ကျပ်၊ ဆင်ကဲ၊ တင်းတိန်ကန်၊ သံချောင်း၊ တောင်မြင့်၊ စင်းဘောကိုင်းအစရှိတဲ့ စခန်းတို့ဖြစ်ကြပါတယ်။

တင်းတိန်ကန်စစ်ရှောင်စခန်းနေ ဦးစံမောင်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေ စစ်ဆေးမယ့် အစီအစဉ်ကြောင့် ဒုက္ခသည်တွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။

“သူတို့က အဲဒီလို လာစစ်မယ်ဆိုရင်တော့ စိုးရိမ်မှုတွေရှိတာပေါ့။ ကြောက်နေတဲ့ပုံဆိုတော့ ကျနော်တို့ကတော့ ကြောက်မှာပါ။”

မြောက်ဦးမြို့နယ်မှာ စစ်ဘေးရှောင်စခန်း ၂၇ ခုရှိနေပြီး စစ်ဘေးရှောင်ဦးရေ ၁၆,၈၀၀ ကျော် ခိုလှုံနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးကနေ ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့ စာရင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်တန့်နေပေမဲ့ လုံခြုံမှုအတွက် စိုးရိမ်နေကြဆဲဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား ၂ နှစ် နီးပါးကြာ လက်နက်ကိုင်ပဋိပက္ခအတွင်း ဒေသခံ ၂၃၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး၊ အခုအခါ တိုက်ခိုက်မှုတွေ ရပ်တန့်နေပေမဲ့ အများစုကတော့ နေရပ်မပြန်နိုင်ကြသေးပါဘူး။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG