သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ဘေးရှောင်တွေ အရေးပေါ်အကူအညီလိုအပ်နေ


ထောက်‌ပံ့ကူညီမှု လိုအပ်နေသော ရ‌သေ့‌တောင်‌မြို့နယ်‌၊ သက်‌ပြည်‌ကျ စစ‌်‌‌ဘေး‌ရှောင်‌ စခန်‌း။ (ဇန်နဝါရီ ၁၂၊ ၂၀၁၉ ဓာတ်ပုံ - Rakhine Ethnics Congress)
ထောက်‌ပံ့ကူညီမှု လိုအပ်နေသော ရ‌သေ့‌တောင်‌မြို့နယ်‌၊ သက်‌ပြည်‌ကျ စစ‌်‌‌ဘေး‌ရှောင်‌ စခန်‌း။ (ဇန်နဝါရီ ၁၂၊ ၂၀၁၉ ဓာတ်ပုံ - Rakhine Ethnics Congress)

ရခိုင်ပြည်နယ်ထဲဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ရင်ဆိုင်တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးလာနေကြတဲ့ ရခိုင်ဒေသခံတွေအတွက် လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ်ကူညီပေးနေတယ်လို့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ဒါပေမဲ့လို့ ထောင်ချီတဲ့ဒုက္ခသည်တွေအတွက်သောက်သုံးရေအရေးပေါ်လိုအပ်နေပြီး ရာသီဥတုဆိုးဝါးတဲ့ဒဏ်ကြောင့် နေထိုင်ရေး၊ အခြေခံလိုအပ်ချက် စားနပ်ရိက္ခာအခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ နောက်ဆုံးအခြေအနေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင်တပ် AAတို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်ပြီး နယ်မြေမတည်ငြိမ်မအေးချမ်းတာကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေး အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေပါတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေကပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေက တိမ်းရှောင်လာကြတဲ့ သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ လူမမည်ကလေးငယ်တွေ နောက် နာမကျန်းဖြစ်နေသူ အရေးပေါ်အကူအညီ လိုအပ်နေသူတွေအတွက် လုံခြုံရေး အခြေအနေအရ သွားလို့ရတဲ့နေရာတွေအထိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သွားရောက် ကူညီပေးနေကြပါတယ်။

အဓိက ကတော့ လူကယ်ပြန်ဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီးတော့ ယာယီဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ အရေးပေါ်ဆေးခန်းတွေ ဖွင့်လှစ်ပြီး ဆရာဝန်တွေ သူနာပြုတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းထွန်းအောင်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“အခုလောလောဆယ် စစ်ဘေးရှောင်တွေအတွက်ကတော့ ကျနော်တို့က ကျန်းမာရေးထောက်ပံ့မှုက အကုန်ပေးနေပါတယ်။ နောက်တခုက အရေးပေါ် တခုခု ဖြစ်လို့ရှိရင်လည်း ဆေးရုံတင်ပြီးတော့ ခွဲစိတ်ကုသမှုတွေ လုပ်နေပါတယ်။ အကုန်လုံး ကျနော်တို့က စစ်ဘေးရှောင်ဒုက္ခသည်စခန်းက ဒုက္ခသည်တွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးကလည်း ထောက်ပံ့မှုပေးနေသလို ကျနော်တို့ ကျန်းမာရေးဘက်ကလည်း ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပါတယ်ခင်ဗျ။ မသန့်ရှင်းတဲ့ရေကနေ ကူးစက်မှုတွေ မဖြစ်အောင်လည်း လုပ်နေတယ်။ နောက် ကူးစက်ရောဂါဖြစ်ဖြစ် ရှိမရှိကိုလည်း…သတင်းပို့တဲ့ အဖွဲ့ ရှိပါတယ်။ အဲဒီတော့ လောလောဆယ်တော့ အားလုံးအဆင်ပြေပါတယ်။ သိပ်ပြီးတော့ အခက်အခဲမရှိပါဘူး။ အထူးသဖြင့်ကတော့ ဘူးသီးတောင်ကတော့ ကျနော်တို့ဘက်က ကျန်းမာရေးဝန်ထမ်းတွေကလည်း အုပ်စုလိုက်သွားပြီးတော့ မိုဘိုင်း team ခေါ်တာပေါ့။ မိုဘိုင်း team တွေနဲ့ စောင့်ရှောက်ပေးနေပါတယ်။”

အဓိကကတော့ လူအုပ်စုနဲ့နေထိုင်သူတွေကြား ကူးစက်ရောဂါတွေမဖြစ်ပွားရအောင် အခြေခံကျန်းမာရေး အသိပညာပေးဆောင်ရွက်နေပါတယ်လို့ ဒေါက်တာသန်းထွန်းအောင်ကပြောပါတယ်။ ထောင်နဲ့ချီ ခိုလှုံနေ ထိုင်နေကြရတဲ့ ယာယီစစ်ရှောင်စခန်းတွေထဲက စစ်ပြေးဒုက္ခသည်တွေအတွက် အစိုးရတာဝန်ရှိသူတွေနဲ့ ဝန်ကြီးဌာနတွေဘက်က လိုအပ်တဲ့အကူညီတွေ ဆောင်ရွက်ပေးနေပေမယ့်လို့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ၊ သောက်သုံးရေအရေးပေါ်လိုအပ်ချက်နဲ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယာယီရွက်ဖျင် တဲလေးတွေနဲ့ ခိုလှုံနေရသူတွေအတွက် နေထိုင်မှုအခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတုန်းပဲလို့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ ဒုက္ခသည်တွေ လတ်တလော ရင်ဆိုင်နေကြတဲ့အခက်ခဲတွေ ကို ဒုက္ခသည်တွေကိုကူညီပေးနေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကအခုလိုရှင်းပြပါတယ်။

“စခန်းတွေမှာ ကျန်းမာရေးဝန်ကြီးဌာနကနေ ယာယီဆေးပေးခန်းတွေ၊ ဆေးကုသခန်းတွေ ဖွင့်ထားပါတယ်။ စခန်းတိုင်းလိုလိုမှာ ဖွင့်ထားပါတယ်။ ဒါပေမယ့်လည်း အဲဒီမှာက အကုန်လုံး ဆရာဝန်တွေ အမြဲတမ်းရှိတာတော့ မဟုတ်ဘူး။ တချို့စခန်းတွေမှာ ဆိုလို့ရှိရင် တိုင်းရင်းဆေးပညာက လာထိုင်ပေးကြတယ် နောက်ပြီး.. ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာလိုအပ်ချက်ရှိလဲဆိုတော့ အခုဟာက စခန်းတွေမှာက ဒီ ရေကောင်းရေသန့်ရရှိဖို့အတွက်က အရမ်း အခက်အခဲတွေ့နေကြတယ်။ နောက်တခုက အိမ်သာ စနစ်တကျ မဖြစ်နေဘူးပေါ့နော်၊ နောက်တခုက ကျန်းမာရေးနဲ့ပတ်သက်လို့ ကျန်းမာရေး ပညာပေးဆောင်ရွက်ပေးမှုတွေကတော့ သိပ်အားနည်းနေပါတယ်။”

အခုချိန်အထိလည်း နှစ်ဘက်စစ်ရေးတင်းမာနေဆဲမို့ နေ့စဉ်နေရပ်စွန့်ထွက်ပြေးရတဲ့ စစ်ရှောင်ဒုက္ခသည် အရေ အတွက်ဟာ ခန့်မှန်းခြေ ၅,၀၀၀ လောက်အထိ ရှိနေပြီး ယာယီကယ်ဆယ်ရေးစခန်းတွေကတော့ အနည်းဆုံး ၁၀ ခုထက်မနည်းရှိနေပါတယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ အဓိက ဒုက္ခသည် တွေ လာရောက်ခိုလှုံနေတဲ့ နေရာတွေ ယာယီဒုက္ခသည်စခန်းတေး နေရာချထားပေးထားတဲ့အနေအထားကို ကိုဇော်ဇော်ထွန်း က ပြောပြပါတယ်။

“ အခုလောလောဆယ်မှာ ကျောက်တော်မြို့ထဲမှာဆိုရင် တောင်ပိုင်းကုလား ဆိုတဲ့ရွာမှာပေါ့နော်၊ အဲဒီရွာမှာ စခန် းရှိတယ်။ နောက်တခုကကျတော့ ကန်ဇောင်းမှာရှိတယ်။ နောက်တခုကကျတော့ ဝါးတောင်ရွာမှာ စခန်းတခု ရှိပါတယ်အမ။ နောက် ပုဏ္ဏားကျွန်းမြို့နယ်မှာဆိုလို့ရှိရင် စခန်ာရှိတယ်။ ရွာမှာရှိတယ်ပေါ့။ ဘူးသီးတောင် မြို့နယ်မှာဆိုလို့ရှိရင်တော့ ရွှေတောင်ရွာမှာ စခန်းတခု ဖွင့်ထားတာရှိတယ်အမ။ ဝါးတောင်မှာ အများဆုံးပါပဲ။ လူဦးရေကတော့ ထောင့်နှစ်ရာနဲ့ ရှစ်ဆယ် ကျော်တာပေါ့နော။ စုစုပေါင်းလူဦးရေကတော့ ဒီနေ့ နောက်ဆုံးအရတော့ ၅ ထောင်နဲ့ ၃၀၀ ကျော်သွားပြီအမ။”

လာရောက်ခိုလှုံနေတဲ့ဒုက္ခသည်တွေအပြင် ပိတ်မိနေဆဲဒုက္ခသည်တွေဆီ လိုအပ်တဲ့ အခြေခံစားနပ်ရိက္ခာတွေနဲ့ ဆေးဝါးပစ္စည်းတွေ အရောက်ပေး ပေးပို့နိုင်ဖို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေဘက် ကြိုးစားနေကြပေမယ့်လို့ နယ်မြေလုံခြုံရေးအရ လမ်းပမ်းဆက်သွယ်မှု ခက်ခဲနေဆဲဖြစ်ပါတယ်။ တချို့ နေရာ တွေမှာတော့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် ပိတ်ဆို့နေဆဲ အနေအထားဖြစ်တယ်လို့လည်း သူကရှင်းပြပါတယ်။

“အထူးသဖြင့်ကတော့ တပ်မတော်က တားတာ ရှိတယ်ပေါ့နော်။ တချို့ ဧရိယာနေရာတွေကိုတော့ သွားခွင့်ရတဲ့ နေရာတွေ ရှိတယ်။ သွားခွင့်မရတဲ့နေရာတွေရှိတယ်။ ဒါပေမယ့် ဒီနေရာမှာ ဘာအခက်အခဲ ဘာတခုတွေ့လဲဆိုတော့ ကျနော်တို့က တချို့ဧရိယာတွေမှာက တိုက်ပွဲနဲ့ပတ်သက်ပြီးတော့မှ ပိတ်မိနေတဲ့ရွာတွေရှိတယ်။ ဒါပေမယ့် အဲဒီရွာတွေကျတော့ တပ်မတော်က စစ်ဆင်ရေးလုပ်တဲ့ ဧရိယာတွေ ဖြစ်တဲ့အခါကျတော့ သွားကူလို့မရဘူး။ ခွင့်ပြုချက်မရဘူးပေါ့နော်။ သွားခွင့်ပြုတဲ့နေရာတွေမှာဆိုလို့ရှိရင်လည်း ဥပမာ ဆန်အိတ် ဘယ်လောက်ပဲ သယ်ခွင့်ပြုမယ်တို့ ….. မိသားစုတစုကို ရိက္ခာဘယ်လောက်ဆိုပြီး ဒီဟာကိုတော့ ဒီလောက်ခွင့်ပြုတယ်၊ ဒီဟာကိုတော့ ခွင့်မပြုဘူး။ အဲဒီလိုမျိုး ပမာဏသတ်မှတ်တာတွေလည်းရှိတယ်။”

မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား ပြီးခဲ့တဲ့နှစ်၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းလောက်စလို့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း အစရှိတဲ့ဒေသတွေမှာ ရင်ဆိုင် တိုက်ပွဲတွေ ခပ်စိပ်စိပ် ပိုပြီး ဖြစ်ပွားလာတာဖြစ်ပါတယ်။ ဒီစစ်ရှောင်ဒုက္ခသည်တွေအတွက် သက်ဆိုင်ရာရခိုင် ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေပေးကြဖို့ လက်ရှိအကူအညီပေးနေသူတွေက တောင်းဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG