သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးလကြာ ရခိုင်ဒေသစစ်ကြောင့် ဒုက္ခသည်နှစ်သောင်း ထိရှိလာ


ရခိုင် စစ်ပြေးဒုက္ခသည်များ
ရခိုင် စစ်ပြေးဒုက္ခသည်များ

မြန်မာနိုင်ငံအနောက်ဖက်ခြမ်းမှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာအစိုးရတပ်တို့အကြား လေးလကြာ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည် နှစ်သောင်းနီးပါး ရှိလာပြီလို့ ရခိုင်ဒေသ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ် ။ ပုဏ္ဏားကျွန်း မြို့နယ်၊ ကျောက်တော်မြို့နယ် အစပ်ဒေသတွေမှာ မြန်မာအစိုးရရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အခု မတ်လ ၁၃ နဲ့ ၁၄ ရက်အတွင်းမှာကို ဒေသခံရွာသား နှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအထက်ဘက်မှာ လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် ချောင်းတူရွာသား (၁၆၀၀)ခန့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ ရွာသားတဦး ဖြစ်တဲ့ မင်းခိုင်အောင်က အခုလိုပြောပါတယ်။

“ကျွန်တော်တို့ ရွာအကုန်လုံးရှောင်ရပြီဗျ။ လက်နက်ကြီး တညလုံးထုတာ ဆိုလို့ရှိရင် နောက်ပြီးတော့ မနေ့ညက ဆိုလို့ရှိရင် တိုက်လေယာဉ်နဲ့ပါ လာပြီးဗုံးကြဲတဲ့အသံက အိပ်လို့လည်း မရဘူးဗျ။ ငလျှင်တွေဘာတွေလှုပ်နေတာ အိမ် တွေဘာတွေလှုပ်နေတယ်။ တိမ်းရှောင်တာက နီးစပ်ရာပေါ့ဗျာ။ တချို့တချို့က ကျောက်တော်သွားကြတယ်။ တချို့က ယိုးတရုတ် တချို့ကပြင်လျားရှည်တို့ ။ ဦးရေကတော့ ကျွန်တော်တို့ရွာက လူဦးရေ(၂၀၀၀)ကျော် ရှိတယ်ဗျ။ (၁၆၀၀)လောက်တော့ အဝေးရောက်နေကြတယ်။ နေရာ အနှံ့ပြေးနေ ရတယ်ဆိုတော့။”

အသက်ကြီးတဲ့လူတချို့သာ အိမ်စောင့်အဖြစ် ကျန်နေခဲ့တယ်လို့သူကဆိုပါတယ်။

မနေ့ကလဲ ဗုဒေါ္ဓကျေးရွာအနီးမှာ တပ်မတော်ကနေဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရွာသား(၃၀၀)ခန့် ယိုးတရုတ်ကျေး ရွာနဲ့ နီးစပ်ရာဆွေမျိုးသားချင်းအိမ်တွေမှာ တိမ်းရှောင်နေရပါတယ်။

အလားတူ ရသေ့တောင်မြို့နယ်အစပ်ဘက်က တောင်တန်းဘက်မှာ လေယာဉ် နဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့် တော တောင်အတွင်းက ကျေးရွာသားတွေ တိမ်းရှောင်နေရတယ်လို့ ကျောက်တန်းကျေးရွာ ရပ်မိရပ်ဖတဦးက ပြောပါ တယ်။

“ကျောက်တော်၊ ပုဏ္ဏားကျွန်၊း ရသေ့တောင် အဲဒီနယ်တဝိုက်ပေါ့။ အဲဒီတောင်ကြောတွေရော၊ ရွာတွေရော လေယာဉ် ပေါ်ကပစ်တဲ့ ဗုံးတွေ။ အဲဒီ သြရမတို့ ၊ ဆင်သေတို့ ၊တန့်ကြန့်တောင်တို့၊ နွားတန်းကုန်း အဲဒီရွာဝိုင်းတွေပေါ့။ မြို့ရွာတွေ ခမီးရွာတွေ ၊ ရခိုင်ရွာတွေ အကုန်လုံးအဲဒီရွာတွေ ရွာသားတွေရွာမှာ မနေရဲတော့ဘူး။ အဲဒီရွာက လူမရှိတော့ဘူး။”

ဒီရက်ပိုင်းအတွင်း တပ်မတော်ကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ရွာသားဦးရေ(၅၀၀)ခန့် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့သူကဆိုပါတယ်။

ဒီကနေ့မှာလည်း မြောက်ဦးမြို့နယ် ဝေသာလီကျေးရွာအကြားမှာ မြန်မာ့ တပ်မတော်နဲ့ ရခိုင့်တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ် လို့ သံရှင်ပြင် အုပ်ချုပ်ရေးမှူးဟောင်း ဦးခင်မောင်ဆန်းကပြောပါတယ်။

“တိုက်ပွဲတွေဖြစ်နေကြတယ်။ ဘောင်မအင်းခေါ်တယ်။ အဲဒီလက္ကာနဲ့ဘုရာကြီးကြား ဝေသာလီ လက္ကာ ဘုရားကြီး အဲဒီအကြား မှာဘောင်မအင်း ဆိုတာ ရှိတယ်။ အဲဒီမှာဖြစ်တာ။ ခုတိုက်ပွဲကတော့ နာရီဝက်လောက်တော့ကြာပြီ။”

တိုက်ပွဲအတွင်းထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့သူကဆိုပါတယ်။

ဒီရက်ပိုင်းတွေအတွင်း တပ်မတော်နဲ့AAတို့အကြားတိုက်ပွဲဖြစ်ပွားတာအပြင်းထန်ဆုံးလို့လဲ ရခိုင့်တပ်မတော် ပြန်ကြားရေး တာဝန်ခံခိုင်သုခကပြောပါတယ်။

“ရခိုင်ပြည်စစ်မျက်နှာမှာတော့ တိုက်ပွဲကတော့ မနေ့ကဖြစ်တဲ့ မတ်လ(၁၃)ရက်နေ့ ပေါ့နော်။ အပြင်းဆုံးလို့ပြောလို့ ရတယ်ဗျ။ ပုဏ္ဏားကျွန်းမြို့နယ်၊ ဗုဒေါ္ဓကျေးရွာရဲ့ အနောက်ဖက်က တောင်တန်းတွေကို သူတို့လက်နက်ကြီးတွေနဲ့ မနေ့က မနက်(၁၀)နာရီကနေ ဒီနေ့မနက်(၁၀)နာရီလောက် အထိ လက်နက်ကြီး ပစ်တဲ့ အကြိမ်ပေါင်းက (၂၀၀၀) ကျော်ရှိသွားပြီး။ ဟယ်လီကော်ပတာ နဲ့လည်း မနေ့ညနေ (၄)နာရီလောက် ကစပြီးတော့ ည(၉)နာရီအထိ လာရောက် တိုက်ခိုက်နေတာ ရှိတယ်။ မနေ့ကည(၉)နာရီ နောက်ပိုင်းမှာ ဂျက်လေယာဉ် နဲ့နေပြီးတော့ တညလုံးဗုံးကြဲတယ်။တိုက်ပွဲကတော့ တနေ့လုံးပြင်းထန်နေတာဘဲ။ (၇)ရက်ဆက်တိုက်ပေါ့နော် တောက်လျှောက်ဖြစ်လာ တယ်တိုက်ပွဲက။”

ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲဖြစ်ပွား နေဆဲအခြေအနေကို သိရှိဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့အတွင်း ရေးမှူးကို ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ် ခဲ့ပေမဲ့ ဆက်သွယ်လို့မရရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AAတို့ အကြား တိုက်ပွဲအတွင်း စစ်ရှောင် နှစ်သောင်း ဝန်းကျင်ခန့် ရှိနေပြီလို့ ပုဏ္ဏားကျွန်းမြို့နယ် မဲဆန္ဒနယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်ကဆိုပါတယ်။

“ပုဏ္ဏားကျွန်း ၊ရသေ့တောင် ၊ဘူးသီးတောင် (၄)လတိုက်ပွဲအတွင်းမှာ အခု(၂၀၀၀၀)လောက် ရှိနေပြီး။ စာရင်းကတော့ စခန်းတွေ၊ တောင်းတော့ (၁၀၀၀၀)ကျော်ကျော် လောက်ရှိတယ်။ ဒါပေမဲ့ အခုနှစ်ရက် သုံးရက်ရွာတွေမှာရွာတွေမှာ ဝင်ပြီးတော့ ဆွေမျိုးတွေ မှာ ဝင်ပုန်း နေတာနဲ့ ထွက်ပြေးနေတာ နဲ့ဆို နှစ်သောင်း အပေါ်မှာဘဲရှိတယ်။”

၂၀၁၈ နိုဝင်ဘာလကစပြီး ၂၀၁၉ မတ်လအထိ ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးအရှိန်မြင့်မားလာ သလို တိုက်ပွဲ အကျိုးဆက်ကြောင့် ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင် ၊မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့အစ ရှိတဲ့မြို့နယ်က ကျေးရွာသား(၂၀၀၀၀)နီးပါး စစ်ဘေးတိမ်း ရှောင် နေရပါတယ်။

လက်ရှိရခိုင်ပြည်နယ်အတွင်းလုံခြုံရေးအခြေအနေအရ စီစစ်မှုတွေ တင်းကြပ်လာတာကြောင့် စစ်ရှောင်တွေကို အကူညီပေးရေးမှာလည်း အခက်တွေ့နေတယ်လို့ အကူညီပေးရေးအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG