သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စုံစမ်းရေးကော်မရှင်သစ် ဖွဲ့စည်းမှုအပေါ် နှစ်ဘက်အမြင်


လွတ်လပ်သော စုံစမ်းရေးကော်မရှင်သစ် ဖွဲ့စည်းမိန့်

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင်း စစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး နောက်ပိုင်း ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခဲ့ရတဲ့ ရခိုင်ပဋိပက္ခအတွင်း လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို စုံစမ်း စစ်ဆေးဖို့ အဖွဲ့ဝင် ၄ ဦးပါ လွတ်လပ်သော စုံစမ်းရေးကော်မရှင် တရပ်ကို ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးက ကြေညာပါတယ်။ ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်တွင်း ပြည်ပက ဝါရင့်ပုဂ္ဂိုလ်တွေ ဥပဒေ ပညာရှင်တွေနဲ့ ဖွဲ့စည်းလိုက်တာမို့ နိုင်ငံတကာက အာရုံစိုက်နေတဲ့ ရခိုင်ပြဿနာအတွက် ကောင်းကောင်း ဖြေရှင်းနိုင်မယ်လို့ သုံးသပ်သူတွေ ရှိသလို၊ အစိုးရထက် စစ်တပ်က အာဏာရှိနေတဲ့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ စုံစမ်းမှုမျိုး မရနိုင်တဲ့အတွက် ယုံကြည်စိတ်ချရတဲ့ စုံစမ်းမှုမျိုး ဖြစ်မလာနိုင်ဖူးလို့ သုံးသပ်သူတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်တွင်း ပြည်လည် သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်နိုင်ဖို့ အမျိုးသားအစီအစဉ် တရပ် အနေနဲ့ အဖွဲ့ဝင် ၄ ဦးပါ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ကို မြန်မာအစိုးရက ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ လွတ်လပ်သော စုံစမ်းရေးကော်မရှင်မှာ ဥက္ကဌအဖြစ် ဖိလစ်ပိုင်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ ကုလသမဂ္ဂ CEDAW ကော်မတီဥက္ကဌဟောင်းလည်းဖြစ်သူ သံအမတ်ကြီး ရိုဆာရီယိုမယ်နာလို Rosario Manalo ကဦးဆောင်ပြီး၊အဖွဲ့ဝင်တွေအဖြစ် ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်းဖြစ်လည်းဖြစ်၊ ကုလသမဂ္ဂ လူသားချင်းစာနာမှု ကိစ္စရပ်များ ဆိုင်ရာ ဒုအတွင်းရေးမှုးချုပ်ဟောင်း သံအမတ်ကြီး ကန်ဇိုအိုရှီးမား Kenzo Oshima ၊ မြန်မာနိုင်ငံ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌဟောင်း ဦးမြသိန်းနဲ့ UNICEF အဆင့်မြင့်အကြံပေးဟောင်းလည်းဖြစ် ကုလသမဂ္ဂဝန်ထမ်းကောလိပ် အဆင့်မြင့်အရာရှိ ဟောင်းလည်းဖြစ်တဲ့ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်တို့လည်း ပါဝင်ပါတယ်။

ဒီကော်မရှင်ဟာ ARSA အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွါးပြီးနောက်ပိုင်း လူ့အခွင့်ရေး ချိုးဖေါက်ကြောင်း စွပ်စွဲချက်တွေကို စုံစမ်းမှာ ဖြစ်ပြီး ဒီကော်မရှင်ကို ပြည်တွင်းနဲ့ နိုင်ငံတကာက ဥပဒေနဲ့ နည်းပညာ ကျွမ်းကျင်သူတွေက ပံ့ပိုး ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းလည်း သမ္မတ ရုံး ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။

အခုဖွဲ့စည်းလိုက်တဲ့ ၄ ဦးပါကော်မရှင် အသစ်ကို နိုင်ငံတကာက လက်ခံမှု ပိုရှိလာနိုင်တယ်လို့ မြင်သူကတော့ အမေရိကန် အခြေစိုက် မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ တင့်ဆွေပါ။

“ အသစ်ဖွဲ့လိုက်တဲ့ ကော်မရှင်မှာ ထူးခြားတာကတော့ နိုင်ငံခြားသား ၂ဦးပါတယ်။ နောက်တခါ ၄ဦးမှာ အနည်းဆုံး ၃ဦးဟာ ဥပဒေနဲ့ ပတ်သက်လို့ အထူးကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့ အားလုံးလောက်ဟာ ကုလသမဂ္ဂမှာ အဆင့်မြင့်တဲ့ ရာထူးတာဝန်တွေကို ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ရခိုင်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်ကို နိုင်ငံတကာက အမြင်မကြည်တာတွေ ရှိနေတယ်။ အထူးသဖြင့် နိုင်ငံတကာမှာ ကုလသမဂ္ဂဖြစ်တော့ ကုလသမဂ္ဂနဲ့ဆက်စပ်တဲ့ ပုဂ္ဂိုလ်တွေ ဥပဒေနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပြီးတော့ ကော်မရှင်ဖွဲ့ခြင်းဟာ အရင်ကော်မရှင်တွေထက် ပိုပြီးတော့ ပြသနာဖြေရှင်းရေးနဲ့ နိုင်ငံတာအပြမှာ ပိုပြီးတော့ ကောင်းမယ်လို့ ကျနော်ယူဆ ပါတယ်။”

ဒါပေမယ့် ရခိုင်ပဋိပက္ခမှာ လွတ်လပ်တဲ့ စုံစမ်းမှုတွေကို လုံခြုံရေးအတွက် အဓိက တာဝန်ရှိတဲ့ စစ်တပ်က တကယ်လုပ်ခွင့် ပေးမှသာ ဒီကော်မရှင် လုပ်ငန်း အောင်မြင်နိုင်မယ်လို့ HRW လူ့အခွင့်ရေးအဖွဲ့က Brad Adams ကပြောပါတယ်။

ဒီကော်မရှင်ဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တကယ်အာဏာရှိတာက စစ်တပ်ပါ။ အစိုးရမဟုတ်ပါဘူး။ ဒီကိစ္စမှာ စစ်တပ်က လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုမျိုးကို ခွင့်ပြုတဲ့ အချိန်ကျမှ တကယ် အလုပ်ဖြစ်မှာမို့ အခုအချိန်မျိုးမှာ ယုံကြည်စိတ်ချရတဲ့ စုံစမ်းရေး ကော်မရှင် ဖြစ်မလာနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီကိစ္စအတွက် တခုခု ကောင်းတာကို လုပ်ပေးလိုက်တယ်လို့ ထင်ချင်ထင်မယ်။ ဒါပေမယ့် တကယ်က ယုံကြည်စိတ်ချရတဲ့ စုံးစမ်းမှုမျိုးကို သူလိုချင်ရင် လုပ်ရမှာက ကုလသမဂ္ဂကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးပြီး စုံစမ်းခွင့် ပေးဖို့ လုပ်ရမှာပါ။

ကော်မရှင်ထဲမှာ မြန်မာနိုင်ငံရဲ့ အခြေနေကို သဘောပေါက်လွယ်မယ့် ကုလသမဂ္ဂ အတွေ့အကြုံရှိသူတွေ၊ ဝါရင့် ပညာရှင်တွေ ပါဝင် နေတဲ့ အတွက် ပြည်တွင်း လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်တရပ် ဖြစ်နိုင်တယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ အာရှတိုက်က ပါလာတာကတော့ အနောက်နိုင်ငံတို့ ဥရောပတို့နဲ့ စာရင်တော့ မြန်မာနိုင်ငံအရေးမှာ ပိုပြီးနီးစပ်တယ်လို့ ကျနော်မြင်ပါတယ်။ ဦးမြသိန်းကလည်း သူက ဖွဲ့စည်းပုံ ရုံးမှာတောင် တာဝန်ယူခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ဥပဒေမှာတော့ အထူးကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်ဖြစ်တော့ ဥပဒေရှုထောင့် ဘက်ကနေ ကြည့်မယ့်ပုဂ္ဂိုလ်ဖြစ်တယ်။ နိုင်ငံရေးအရောင်တွေ အခြားအဖွဲ့အစည်း အရောင်တွေမပါဘဲနဲ့ ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ရပါတယ်ခင်ဗျ။ ဆရာအောင်ထွန်းသက်က ကျနော်သိသလောက် သူဟာ အတွေ့အကြုံရှိပြီးတော့ အကဲဖြတ် လေ့လာသုံးသပ်မှုတွေမှာ နိုင်ငံတကာအဆင့်မီတဲ့ ပညာရှင်တဦးဖြစ်တဲ့အတွက် သူလည်းပဲ ပညာဒေါင့်ကနေကြည့်ပြီး ဆုံးဖြတ် ပါဝင်မယ့်ပုဂ္ဂိုလ်လို့ ယူဆရပါတယ်။”

ဒီအဖွဲ့ကို လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် လို့ နံမယ် တပ်ထားပေမယ့် နိုင်ငံတကာကတော့ လွတ်လပ်တဲ့ကော်မရှင် အနေနဲ့ မသတ်မှတ် နိုင်ဘူးလို့ HRW အဖွဲ့က Brad Adams ကပြောပါတယ်။

“ဘာကြောင့်လည်း ဆိုတော့ ဒီအဖွဲ့က လွတ်လွတ်လပ်လပ် စုံစမ်းနိုင်မယ်လို့ အာမ မခံ နိုင်သလို၊ အစိုးရက ထိမ်းချုပ် ထားတဲ့ အဖွဲ့ပါ။ သူုတို့တတွေ ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့နေရာကို သွားကြည့်နိုင်မယ်၊ သူတို့ လိုချင်တဲ့ အချက်အလက်တွေ အားလုံးကို ရနိုင်မယ်၊ ရဲတွေ စစ်ဘက်က လူတွေက အပြည့်အဝ ပူးပေါင်းမယ် ဆိုရင်တော့ လွတ်လပ်တဲ့ ကော်မရှင်လို့ ကျွန်တော်တို့ သတ်မှတ်မှာပါ။ ဒီလို မလုပ် သရွေ့တော့ လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင်လို့ အသိမှတ် မပြုနိုင်ပါဘူး။ ရိုးရိုး ကော်မရှင် တခုလို့လည်း သတ်မှတ်ပါတယ်။”

အရင် ရခိုင်ပြည်နယ်တွင်း စုံစမ်းရေး အတွက် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းတွေကို စစ်ဘက်နဲ့ ရဲဘက်က အပြည့်အဝ ပူးပေါင်းမှု မရှိပဲ သူတို့ သွားချင်တဲ့ နေရာ အားလုံး သွားခွင့်မရခဲ့ဘူးလို့လည်း ဝေဖန်ပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံကောင်စီ အဖွဲ့ဝင်တွေကလည်း ရခိုင်ပြည်နယ်တွင်း လူ့အခွင့်ရေး ချိုးဖေါက်မှု ကျူးလွန်သူတွေကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို လွတ်လပ်စွာ စုံစမ်း စစ်ဆေးခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG