သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် အင်တာနက်ပြန်ဖွင့်ဖို့ ကုလ မြန်မာရုံးတောင်းဆို


မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီ ပုထိုးများ
မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီ ပုထိုးများ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တွေထဲက နယ်မြေဒေသ တချို့မှာ အင်တာနက် ပိတ်ပင်ထားတာကို ပြန်လည်ဖွင့်လှစ်ပေးဖို့ ကုလသမဂ္ဂ မြန်မာနိုင်ငံရုံးက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ လူသားချင်းစာနာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့နေရာမှာ လက်ကိုင်ဖုန်းကတဆင့် အင်တာနက်ကို အားကိုး အားထားပြုရတာကြောင့် အင်တာနက် ဝန်ဆောင်မှုကို ပိတ်ပင်တာဟာ ကုလသမဂ္ဂလုပ်ငန်းတွေကို အဟန့်အတားဖြစ်စေတယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်တာနက်ပိတ်ပင်ခံရတဲ့ မြို့နယ် ၉ မြို့နယ်အနက် ၅ မြို့နယ်မှာ ဝန်ဆောင်ပြန်လည်ဖွင့်ပေးခဲ့တဲ့ လုပ်ရပ်ကို ကြိုဆိုပေမဲ့ ဝန်ဆောင်မှု ဆက်လက်ပိတ်ထားတဲ့ မြို့နယ်တွေမှာဆိုရင် ဒီနေ့ စက်တင်ဘာ ၃၀ ရက်နေ့အထိ ဝန်ဆောင်မှု ပိတ်ပင်ချိန် ရက်ပေါင်း ၁၀၁ ရက်ပြီလို့လည်း ဖော်ပြထားပါတယ်။

ဆက်လက် ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ၊ အဲဒီပဋိပက္ခတွေနဲ့ ဆက်စပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေအပေါ် ကန့်သတ်ချက်တွေကြောင့် ဒေသခံပြည်သူတွေအတွက် ထိခိုက်တဲ့ကြားက ထပ်ပြီး အင်တာနက် ပိတ်ပင်ခံရတဲ့အတွက် နေ့စဉ်လူမှုဘဝကို အကြီးအကျယ် အခက်အခဲဖြစ်စေတယ်လို့လည်း ထောက်ပြထားပါတယ်။

အင်တာနက် ပိတ်ပင်မှုဟာ မြန်မာအစိုးရက လက်မှတ်ရေးထိုးထားတဲ့ SDG ရေရှည် တည်တံ့တဲ့ ရည်မှန်းချက်မူတွေ၊တန်ဖိုးတွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ ဆိုထားပါတယ်။

အင်တာနက်ဆက်သွယ်မှုပိတ်ထားတဲ့အတွက် စားနပ်ရိက္ခာ၊ ပညာသင်ကြားရေး၊ ကျန်းမာရေး ဝန်ဆောင်မှုများနဲ့ သတင်းအချက်အလက် ရရှိရေးဆိုင်ရာ အခြေခံ အခွင့်အရေးတွေကို ဆက်လက်ထိခိုက်နိုင်တဲ့ အလားအလာရှိတဲ့အတွက် အင်တာနက်ပိတ်ထားတဲ့ နယ်မြေဒေသတွေမှာ ပြန်လည်အသုံးပြုနိုင်အောင် ချက်ချင်း ပြန်ဖွင့်ပေးဖို့ ကုလသမဂ္ဂ ရန်ကုန်ရုံးက တောင်းဆိုထားပါတယ်ရှင်။

[Unicode Version]







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG