သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာ လူမှုရေးအသွင်ဆောင်မှာ ဒေသခံတွေစိုးရိမ်


ရခိုင်ပြည်နယ် မောင်တော ရသေ့တောင် တိုက်ခိုက်မှုတွေကနေ ဒေသတွင်း ရခိုင်နဲ့ မူဆလင် အသိုင်းအဝိုင်းနှစ်ဖက်ကြား ပြဿနာတွေပိုကြီး ထွားလာမှာကို စိုးရိမ်မိတယ် လို့ ဒေသခံတချို့က ပြောပါတယ်။ တဖက်နဲ့တဖက် နဂိုကရှိပြီးသား သံသယတွေ ဟာ ဒီတိုက်ခိုက်မှုတွေကြောင့် ခုချိန်မှာ ပိုကြီးထွား လာနေတယ် လို့လည်း ပြောဆို ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အောက်တိုဘာလ(၉)ရက်နေ့ ရခိုင်ပြည် မောင်တောနဲ့ ရသေ့တောင် မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု နောက်ဆက်တွဲ အဖြစ် အဲဒီဒေသတွင်း နေ ထိုင်ကြတဲ့ ရခိုင်နဲ့မူဆလင် အသိုင်းအဝိုင်းနှစ်ဖက်ကြားမှာ လူမျိုးရေးအသွင်ဆောင် တဲ့ ပြဿနာတွေ ပိုပြီးကြီးထွား လာမှာကို စိုးရိမ်မိတယ်လို့ ဘူးသီးတောင်မြို့နယ် က ဒေသခံ ဦးစောသိန်းထွန်းက ပြောပါတယ်။

“အခုဖြစ်တာက ရခိုင်နဲ့ ဒီမူဆလင်တွေနဲ့ ဖြစ်တာမဟုတ်ပါဘူး။ အခုဖြစ်တာက RSO ကလာပြီးတော့ အစိုးရနဲ့ တိုက်ခိုက်လို့ ဖြစ်တာပေါ့။ အခု ဖြစ်နေတာက နိူင်ငံတော်အစိုးရနဲ့ ဖြစ်နေတာ ဆိုတော့ နောက်ကျရင် လူမျိုး တမျိုးနဲ့တမျိုး ပြဿနာကူးစက်မှာကို ကျနော်တို့ စိုးရိမ်မိတယ်”

မောင်တောမြို့ နယ်ခြားလုံခြုံရေးရဲစခန်းတွေ တိုက်ခိုက်မှုမှာ အကြမ်းဖက်သူတွေ နဲ့ ဒေသခံမူဆလင်တွေကြား ပူးပေါင်းဆောင်ရွက်ခဲ့တယ် ဆိုတဲ့သံသယတွေ ဒေသ ခံတွေကြား ပျံ့နှံ့နေတာပါ။ လတ်တလောဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက် မှုကြောင့် နဂိုကရှိပြီးသား သံသယတွေ ခုချိန်မှာ ပိုကြီးထွားလာနေတယ် လို့ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းရီက ပြောပါတယ်။

“အခုလိုပုံစံမျိုး တိုက်ခိုက်လိုက်တဲ့အချိန်မှာ အဲ့မှာ မူဆလင်ကျေးရွာနဲ့ အခု တိုက်ခိုက်တဲ့ လူတွေနဲ့ကတော့၊ နှစ်ခုစလုံးရဲ့ ပူးပေါင်းမှုနဲ့ ဒီလို ဖြစ်ရတယ် ဆိုတဲ့ ဟာမျိုးတွေ (သတင်း)ထွက်နေတယ်ပေါ့”

မေး ။ ။ ဆိုတော့ ဒီလူ့အဖွဲ့အစည်းနှစ်ခုကြားမှာ သံသယတွေ ပိုတိုးသွားစေလား။

“သံသယတွေကတော့ ပိုပြီးတိုးနေတယ်ပေါ့နော်။ နဂိုကတည်းကလဲ တဖွ့ဲနဲ့တဖွဲ့က သံသယတွေက ရှိနေ၊ အခုဆိုလို့ရှိရင် ပိုပြီး သံသယ တအားကို ဖြစ်သွားတာပေါ့။ အခုလိုဖြစ်နေတဲ့ ကိစ္စကတော့ ငြိမ်းချမ်းမှုရဖို့ ကျမ မထင်မိဘူး”

မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ညမထွက်ရအမိန့် ပုဒ်မ(၁၄၄) ထုတ် ထားပြီး၊ မောင်တောမြို့နယ်တဝိုက် အလယ်သံကျော်၊ ငါးခူရ စတဲ့ကျေးရွာဘက်တွေ မှာ စစ်တပ်ရော ရဲပါ လုံခြုံရေးအင်အား ပိုချထားပြီး၊ နယ်မြေရှင်းလင်းရေးတွေ ဆက်လက် လုပ်ဆောင်နေ ပါတယ်။ လောလောဆယ်မှာတော့ ဒေသခံတွေ အပြင် သိပ်မထွက်ရဲကြပဲ ဖြစ်နေတယ်လို့ ဒေါ်ခင်သန်းရီက ပြောပါတယ်။

“အပြင်ကို ထွက်လဲမထွက်ရဲကြဘူးပေါ့နော်၊ လမ်းတွေ ပိတ်ဆို့တာကလည်း ရှိထား တယ်လေ။ ဒီပြည်သူတွေ အနေနဲ့ကလည်း မောင်တော မြို့ထဲကို သွားလိုက် လာလိုက် သိပ် မလုပ်ကြဘူး။ နယ်စပ်မှာဆိုလို့ရှိရင် အရောင်းအဝယ်က ရပ်သွား တယ်ပေါ့ … အခုလိုဖြစ်နေတဲ့ အခြေနေတွေကြောင့် ”

မောင်တောနဲ့ ရသေ့တောင် အကြမ်းဖက်တိုက်ခိုက်ခံရမှုကို အစိုးရက ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို ဒေသခံတွေက စောင့်ကြည့် နေကြပြီး၊ ဒီပြဿ နာ ရေရှည်သွားမှာကိုတော့ မလိုလားဘူးလို့ ဘူးသီးတောင်ဒေသခံ ဦးစောသိန်းထွန်းက ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ဒါ နိူင်ငံတော်အစိုးရ ပေါ်မှာပဲ မူတည်ပါတယ်၊ တဖက်နဲ့ တဖက် တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားလို့ရှိရင် ပိုကောင်း တာပေါ့။ ရေရှည်သွားပြီး ဒီလိုအခက်အခဲမျိုးတွေ ကြုံနေရမှာကိုတော့ ကျနော်တို့အနေနဲ့ စိုးရိမ်မိပါတယ်”

မောင်တောအကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရတဲ့ ရဲတပ်ဖွဲ့ဝင်(၉)ဦး ရဲ့ဈာပနအခမ်းအနားကို အောက်တိုဘာ(၁၁)ရက်နေ့ မွန်းလွဲ ပိုင်းက မောင်တောမြို့ သုဿ န် မှာ ကျင်းပခဲ့ပြီး ကျန်ရစ်သူမိသားစုတွေအပါအဝင် လူရာနဲ့ ချီတက်ရောက်ခဲ့ပါတယ်။

တရက်ထဲမှာပဲ မောင်တော မြု့ိအပြင်ဖက် ငါးစာကြူးကျေးရွာ အနီးမှာ မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်နေစဉ် အကြမ်းဖက်သမားတချို့နဲ့ အပြန်လှန် ပစ်ခတ်မှုတွေ ရှိခဲ့ကြောင်း မောင်တောမြို့ နယ်ခြားစောင့်တပ် အမည်မဖေါ်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။ နယ်ခြားစောင့်ရဲဌာနချုပ်နှင့် ရဲစခန်း သုံးခုကို ဝင်ရောက်စီးနင်းခဲ့သူတွေ ဘယ်သူလဲဆိုတာကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေကရော အစိုးရဖက်ကပါ တရားဝင် ရှင်းလင်းပြောကြား တာမျိုး ခုထိ မတွေ့ရသေး ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG