သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော လုံခြုံရေးအထူးတင်းကျပ်


ရခိုင်ပြည်နယ်တွင်း၂၀၁၂ ခုနှစ် လူမျိုးရေး အဓိကရုဏ်းအတွင်း မြင်ရသော ရဲတပ်ဖွဲ့ပုံအခြေအနေ
ရခိုင်ပြည်နယ်တွင်း၂၀၁၂ ခုနှစ် လူမျိုးရေး အဓိကရုဏ်းအတွင်း မြင်ရသော ရဲတပ်ဖွဲ့ပုံအခြေအနေ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက နယ်ခြားစောင့်ရဲကင်းစခန်းနဲ့ ဌာနချုပ်ကို တိုက်ခိုက်ခံရပြီးနောက် မောင်းတော်မြို့မှာ လုံခြုံရေးကိုတင်းကျပ်လိုက်ပြီး မောင်တောမြို့မှာ ဈေးတွေကျောင်းတွေလည်း ပိတ်ထားပါတယ်။ တဆက်တည်းမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကလည်း နယ်စပ်ဒေသလုံခြုံရေးကို တိုးမြှင်ထားပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက နောက်ဆုံးအခြေအနေကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

မောင်တောမြို့နယ်မှာ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရပြီး နောက်တရက်မှာပဲ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်း ဘင်္ဂလားနိုင်ငံ နယ်စပ်ဒေသတွေမှာ လုံခြုံရေးတွေ တိုးမြှင့်ထားလိုက်ပါတယ်။ တနင်္ဂနွေနေ့က တိုက်ခိုက်မှုအတွင်းမှာတော့ ရဲတပ်ဖွဲ့ဝင်၉ ဦးကျဆုံးခဲ့သလို ဝင်ရောက်တိုက်ခိုက်သူ ၈ယောက်ကို အသေနဲ့ ၂ဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာတော့ မောင်တောမြို့မှာ ညမထွက်ရအမိန့်ကို တိုးမြှင့်ထုတ်ပြန်ခဲ့သလို နယ်စပ်အဝင်အထွက်တွေကိုလည်း တင်းကျပ်ခဲ့တယ်လို့ ဒေသခံတယောက်က အခုလို ပြောပါတယ်။

“မောင်တောမှာ အခုအရေးပေါ်အခြေအနေတော့ကြေညာထား ပြီလို့ပြောပြီး ည ၇ နာရီကနေစပြီးတော့ မနက် ၆ နာရီအထိတော့ ထွက်လို့မရဘူး။ မောင်တောမြို့မှာ မနေ့ကစပြီးတော့ အဝင်အထွက်တွေကို တားမြစ်ထားတယ်၊ ပိတ်ထားတော့ အခုမြို့ပေါ်မှာ ဘင်္ဂလီဆိုင်တွေ၊ မူဆလင်ဆိုင်တွေအားလုံးပိတ်ထားတယ်၊ အခုမြို့ပေါ်မှာလည်း တိတ်ဆိတ်နေတယ်။ ဒီနေ့ဆိုရင် စာမေးပွဲတွေတောင်စစ်နေတာ ဒါပေမယ့်ကျောင်းတွေဘာတွေရောပိတ်ထားတယ်၊ အရေးပေါ်ကာလဖြစ်လို့ ။ ဟိုမှာ ဖြစ်စဉ်တွေတော့ ဘာတွေလည်းမသိဘူးပေါ့နော်။ သူ့ဟာသူတပ်တွေရော သွားတယ်၊ လာတယ် အဲဒီလိုတော့ ကြားတယ်။”

အခြားဒေသခံတယောက်ကတော့ မောင်တောဒေသက အစ္စလာမ်ဘာသာဝင်တချို့ကို ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့က သင်တန်းပေးထားကြောင်း ပြောဆိုပြီး ဒီအတွက် စိုးရိမ်နေကြကြောင်း ပြောပါတယ်။

“အဲဒီလိုတော့ ကျနော်တို့မမြင်ပါဘူးခင်ဗျ။ မြို့က မြို့မှာရှိရင် ရဲက မြို့တွင်းကိုသူတို့လုံခြုံရေးယူတဲ့ပုံစံမျိုး မြင်တွေ့ရတယ်။ RSO ဆိုတာက ချိုမှ မပါတာ ။ ဒီလိုပါ မူဆလင်တွေက အကုန်လုံး ဒီရွာအနီးမှာတခါကိုက သင်တန်းပေးထားတာ။ ဒါကို ကျနော်တို့ ဒေသခံတွေ က စိုးရိမ်နေရတယ်။”

မနေ့က ဖြစ်ပွားတဲ့တိုက်ခိုက်မှုကို RSO အဖွဲ့တွေ လက်ချက်အဖြစ် ဒေသခံတွေက ပြောဆိုနေပေမဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းကတော့ ဘယ်သူလက်ချက်ဖြစ်တယ်ဆိုတာကို အတည်မပြုနိုင်သေးကြောင်း သတင်းစာရှင်းလင်းပွဲမှာဖြေကြားခဲ့ပါတယ်။

တချိန်တည်းမှာတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလည်း လုံခြုံရေးတိုးမြှင့်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်တဲ့ ကုလားတန်သတင်းဌာန အယ်ဒီတာ ဦးတင်စိုးက ပြောပါတယ်။

“ဒီဘက်မှာတော့ စစ်တပ်တွေက ချထားတယ်ခင်ဗျ ။ စစ်တပ်တွေချထားတယ်ဆိုတာက ဒီနေရာ နယ်ခြားစောင့် တွေက ဒီပြဿနာပေါ်ကတည်းက ဘာမှ ၊ ဘယ်သူမှ ဝင်လို့မရအောင် ၊ ဘယ်သူမှ ထွက်လို့ မရအောင်ပုံစံမျိုးလုပ်ထားတာ။ ပိတ်ဆို့ထားတဲ့ပုံစံမျိုးပဲ ဒီဘက် တလျှောက်လုံးမှာ အဲဒီလို့ပုံစံမျိုးလုပ်ထားတာရှိတယ်။”

နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရခိုင်ပြည်နယ်အစိုးရကို ဆက်သွယ်ရာမှာတော့ တာဝန်ရှိသူတွေမအားလပ်တာကြောင့် ပြန်လည်ဖြေဆိုတာမရှိပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီတုံပြန်ဖို့နဲ့ သတိကြီးစွာထားဖြေရှင်းဖို့ ညွှန်ကြားထားပါတယ်။

မောင်တော လုံခြုံရေးအထူးတင်းကျပ်
please wait

No media source currently available

0:00 0:02:59 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG