သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဝန်ကြီးချုပ်သစ် ရွေးကောက်ခံထဲကဖြစ်ဖို့ လိုလား


ရခိုင်ပြည်နယ်
ရခိုင်ပြည်နယ်
လစ်လပ်နေတဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူးကို မကြာခင်မှာပဲ ခန့်အပ်ဖို့ ရှိပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးကျင်းပဖို့ လွှတ်တော်ကိုယ်စားလှယ်တွေကို အကြောင်းကြားထားပြီး အဲဒီအစည်းအဝေးမှာ သမ္မတက အမည်စာရင်း တင်သွင်းသူကို လွှတ်တော် ကိုယ်စားလှယ်တွေက အဆုံးအဖြတ် ပေးကြဖို့ဖြစ်ပြီး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟာ ရခိုင်တိုင်းရင်းသားဖြစ်ဖို့၊ ရွေးချယ်တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ တောင်းဆိုတာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး တက်ရောက်ဖို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကို စစ်တွေမြို့ကို ဒီလ ၂၄ ရက်နေ့မှာ အရောက်လာဖို့အတွက် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ မနက်ဖြန်မှာ ကျင်းပမယ့် ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးမှာတော့ နှုတ်ထွက်သွားတဲ့ ဝန်ကြီးချုပ်နေရာကို အစားထိုး ခန့်အပ်ဖွယ် ရှိတယ်လို့လည်း ကျောက်တော်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်လှကျော်က ပြောပါတယ်။

“ကျနော် မနေ့ကပဲ စစ်တွေကို ရောက်နေပါပြီ။ လွှတ်တော်တက်ဖို့အတွက်လေ။ ကျနော်တို့ ၂၅ ရက်နေ့မှာလာပြီး တင်ရပါမယ်။ မနက်ဖြန်ပေါ့လေ။ သြော် ကျနော်တို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က နှုတ်ထွက်သွားတယ်လေ။ အဲ့ဒီအတွက်ကြောင့် အဲ့ဒီနေရာမှာ ဝန်ကြီးချုပ်အနေနဲ့ ဖြစ်လာမယ့်ကိစ္စကို ကျနော်တို့ကိုယ်စားလှယ်တွေကို ဖိတ်ကြားပြီး အတည်ပြုရမှာပေါ့။ အဲ့ဒီကိစ္စအတွက် ကျနော်တို့ကို အရေးပေါ် အစည်းအဝေးခေါ်တာ။ အဲ့ဒါပဲ ဖြစ်ပါမယ်။”

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်ကို ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားတွေရဲ့ ဆန္ဒနဲ့အညီ ဖြစ်ပေါ်လာမယ့် သူကို ခန့်ထားဖို့ မျှော်လင့်ကြောင်းလည်း ဦးမောင်လှကျော်က ဆက်ပြောပါတယ်။

“ကျနော်တို့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တွေက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူတွေ ကောက်တင်ထားတဲ့ ကိုယ်စားလှယ် တဦးဦးကိုတော့ ထည့်ချင်တာပေါ့။ ကျနော်တို့ နှုတ်ထွက်သွားတဲ့ ဦးလှမောင်တင် ဆိုရင် အဲ့ဒီမိမိဆန္ဒနယ်က ရွေးကောက်ပြီး တင်မြှောက်လာတဲ့ ကိုယ်စားလှယ်ပါ။ ကျနော်တို့ ကိုယ်စားလှယ်တွေကလည်း ရခိုင်ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ ဆန္ဒနဲ့အညီ ဖြစ်ပေါ်လာမယ့် ဝန်ကြီးချုပ်ကိုတော့ မျှော်လင့်ပါတယ်ခင်ဗျ။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ နိုင်ငံတော်ရဲ့သမ္မတကြီးက တိုက်ရိုက် ထုတ်ပြန်ခွင့်ရှိတယ်ဆိုတော့ ဘယ်သူဖြစ်ပေါ်လာမလဲဆိုတာကို မသိသေးပါဘူး။”

ဦးမောင်လှကျော်ရဲ့ မိခင်ပါတီလို့ ဆိုရမယ့် ရခိုင်အမျိုးသားပါတီကလည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်မယ်ဆိုရင် ရခိုင်တိုင်းရင်းသားဖြစ်ဖို့၊ ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဖြစ်ဖို့နဲ့ လွှတ်တော်ကိုယ်စားလှယ် အများဆုံးနေရာ ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကို ခန့်အပ်ဖို့အတွက် သဘောထား ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌလည်းဖြစ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မာန်အောင်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဦးသာညွန့်ကတော့ သူ့ အမြင်ကို အခုလို ပြောပါတယ်။

“ဝန်ကြီးချုပ်ရွေးတာကတော့ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအရဆိုရင်တော့ နိုင်ငံတော်သမ္မတမှ အမည်စာရင်း တင်သွင်းသောပုဂ္ဂိုလ် ဆိုတဲ့ ဥစ္စာကတော့ ကျနော်တို့ ရခိုင်အမျိုးသားဖြစ်ရမယ်လို့တော့ ဖွဲ့စည်းပုံမှာတော့ ကျနော်တို့ မပါဘူးနော်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဆိုတာကတော့ ကျနော်တို့မှာ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ပါသလို၊ တပ်မတော် ကိုယ်စားလှယ်ကလည်း ကျနော်တို့မှာ ၂၅ ရာခိုင်နှုန်း ပါတာကိုး။ နိုင်ငံတော်သမ္မတက ရွေးချယ်တင်မြှောက်ပေးတဲ့၊ အမည်စာရင်းပေးတဲ့ ဒါပေမဲ့လည်း ခုနကပြောတဲ့ တပ်မတော်သား ကိုယ်စားလှယ်ထဲကလည်း ဖြစ်နိုင်တာပါပဲ။ အမည်စာရင်း တင်သွင်းတဲ့အခါကျတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရမှာကိုး။ အမည်စာရင်း တင်သွင်းတဲ့အချိန်မှာတော့ ဒါ ကန့်ကွက်တာတို့၊ ထောက်ခံတာတို့ ဖြစ်လာနိုင်တယ်လေ။ ကန့်ကွက်မှုရှိရင်လည်း ဒါ မဲခွဲရမှာပေါ့နော်။”

ရခိုင်ပြည်နယ် လွှတ်တော်အတွင်းမှာတော့ ရခိုင်အမျိုးသားပါတီက ကိုယ်စားလှယ် ၁၈ ဦး၊ ပြည်ခိုင်ဖြိုးပါတီက ၁၄ ဦးနဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၂ ဦး ပါဝင်နေတာ ဖြစ်ပါတယ်။ တိုင်းရင်းသားပါတီ ၁၅ ပါတီနဲ့ ဖွဲ့စည်းထားတဲ့ NBF ခေါ် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောသန်းမြင့်ကတော့ ရခိုင်အမျိုးသားပါတီရဲ့ သဘောထားဟာ တိုင်းရင်းသားပါတီအားလုံးရဲ့ သဘောထားဖြစ်တယ်လို့ ပြောဆိုပါတယ်။

“ရခိုင်ပဲမဟုတ်ဘူးခင်ဗျ။ ကျနော်တို့ တိုင်းရင်းသားပါတီ အားလုံးရဲ့ သဘောထားပဲဗျ ဒါ။ ကျနော်တို့ ဟို ပြောနေကျအတိုင်းပေါ့ ဖက်ဒရယ်ဖြစ်ဖို့ လိုတယ်ဆိုတာ။ ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်ပြည်သူတွေ နေတဲ့နေရာမှာ ဒီအရပ်က တင်မြှောက်တဲ့ ပုဂ္ဂိုလ်သာလျှင် ဒီအရပ်မှာ အုပ်ချုပ်တဲ့ အစိုးရအဖွဲ့ သို့မဟုတ်လျှင် ဝန်ကြီးချုပ်ဖြစ်သင့်တယ်လို့ ကျနော်ကတော့ ဒီလိုပဲ ခံယူတယ်ခင်ဗျ။ အခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတက တင်သွင်းတဲ့ လူသာလျှင် ဝန်ကြီးချုပ် ဖြစ်ရမယ်လို့ အခြေခံဥပဒေမှာ ပါတာကိုးဗျ။ သမ္မတက ကန့်ကွက်ရင် ဘယ်သူပဲဖြစ်ဖြစ် မရနိုင်ဘူး။ တခြားတင်ရင်လည်း။ ကိုယ့်လူမျိုးတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လိုဖြစ်ဖြစ် ပြုပြင်ပြောင်းလဲမှု လုပ်ရမှာပေါ့နော်။ ပြင်ရမယ်ပေါ့နော်။”

လောလောဆယ်မှာတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်နေရာကို မကြာမီကမှ ရခိုင်ပြည်နယ် တပ်မတော်သား ကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်တဲ့ ဗိုလ်ချုပ်မောင်မောင်အုန်း ခန့်အပ်ဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဗိုလ်ချုပ်မောင်မောင်အုန်းဟာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာတော့ တပ်မတော်သား ကိုယ်စားလှယ်ဖြစ်တဲ့ ဗိုလ်မှူးချုပ် ဇော်မင်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ထားတာ ရှိပါတယ်။
XS
SM
MD
LG