သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မောင်မောင်အုန်း ရခိုင်ဝန်ကြီးချုပ်အဖြစ် သမ္မတအဆိုပြု


(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)
(ဓာတ်ပုံ - ဗွီအိုအေမြန်မာပိုင်း)

ဒီကနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်မှာ နယ်စပ်ရေးရာ ဒုတိယဝန်ကြီးဟောင်း ဗိုလ်ချုပ်မောင်မောင်အုန်းကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အဆိုပြုတဲ့ နိုင်ငံတော် သမ္မတရဲ့ အဆိုပြုလွှာကို ဖတ်ကြားပြီး ကန့်ကွက်မယ်ဆိုရင် ၂၇ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့ လွှတ်တော်ဥက္ကဌက ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ရခိုင်တိုင်းရင်းသားဖြစ်ဖို့၊ ရွေးကောက်ခံ ကိုယ်စားလှယ်ဖြစ်ဖို့အတွက် တောင်းဆိုခဲ့တဲ့ ရခိုင်အမျိုးသားပါတီကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်ကွက်ဖို့ ခက်ခဲမယ်လို့ ယူဆကြောင်း သုံးသပ်ပါတယ်။ အပြည့်အစုံကို ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ အရေးပေါ် အစည်းအဝေးကို စစ်တွေမြို့မှာ ဒီကနေ့ မနက် ၁၀ နာရီမှာ စတင်ခဲ့ပြီး ၁၀ နာရီခွဲမှာ ပြီးဆုံးခဲ့ပါတယ်။ ပြည်နယ်လွှတ်တော်ရဲ့ အရေးပေါ်အစည်းအဝေးမှာ အဓိက ဆောင်ရွက်ခဲ့တာတွေကို ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

“အဓိကကတော့ ကျနော်တို့ ဒီမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို ကျမ်းသစ္စာကျိန်ဆိုကြတာပေါ့။ ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ ဗိုလ်ကြီးကျော်သူ။ သူတို့နှစ်ယောက် ကျမ်းသစ္စာကျိန်ဆိုပြီးရင် သမ္မတသဝဏ်လွှာပို့တဲ့အပိုင်းကို လွှတ်တော်ဥက္ကဌက အဲ့လို ဖတ်ပြတာပေါ့။ ပြီးရင် သမ္မတက ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်အနေနဲ့ အဆိုပြုတယ်ဆိုပြီးရင် လွှတ်တော်ကို တင်သွင်းတယ်ပေါ့။ ပြီးရင် ဒီအဆိုပြုလွှာနဲ့ပတ်သက်ပြီးရင် လွှတ်တော်ကိုယ်စားလှယ်တွေထဲက ကန့်ကွက်မယ့်သူရှိတယ်ဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်ထဲကနေပြီး ကန့်ကွက်နိုင်ဖို့အတွက် ၂၇ ရက်နေ့ နောက်ဆုံးထားပြီး အဆိုပြုလွှာကို တင်သွင်းကြပါ ဆိုပြီးတော့ အဲ့လိုမျိုး ပြောတာပေါ့။ အဲ့ဒါပြောပြီးတာနဲ့ ဒုတိယနေ့ အစည်းအဝေးကို ၃၀ ရက်နေ့မှာ ဆက်လက်ကျင်းပမယ်ဆိုပြီး ဒီကနေ့ အစည်းအဝေးကို အဲ့လိုမျိုး ရုပ်သိမ်းလိုက်တာပေါ့။”

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ခန့်ထားမယ်ဆိုရင် ရခိုင်တိုင်းရင်းသားဖြစ်ဖို့၊ ရွေးချယ်တင်မြှောက်ခံရတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့နဲ့ ဒီမိုကရေစီနည်းအရ လွှတ်တော်ကိုယ်စားလှယ် အများဆုံးနေရာ ရရှိထားတဲ့ ရခိုင်အမျိုးသားပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ကို ခန့်အပ်ဖို့အတွက် ဒီလ ၂၃ ရက်နေ့က သဘောထား ထုတ်ပြန်ထားပါတယ်။ အခုလို ဗိုလ်ချုပ်မောင်မောင်အုန်းကို အဆိုပြုတဲ့အပေါ်မှာ ရခိုင်အမျိုးသားပါတီက ကန့်ကွက်ဖို့ ရှိ မရှိကိုတော့ ဦးအောင်မြကျော်က အခုလို ပြောပါတယ်။

“ကန့်ကွက်ချင်တဲ့ဆန္ဒကတော့ ရှိကြတာပေါ့။ ဒါပေမဲ့ Constitution က အတားအဆီးလုပ်ထားတော့ ဘာမှတော့ ဆက်လုပ်လို့ မရတဲ့သဘောမို့ပါ။”

ဗိုလ်ချုပ်မောင်မောင်အုန်းဟာ နယ်စပ်ရေးရာ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အတွင်းရေးမှူးနဲ့ ပြည်ထောင်စုအဆင့် အရေးပေါ် ပေါင်းစပ်ညှိနှိုင်းရေးဌာန ECC ရဲ့ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်တာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဦးအောင်မြကျော်က ပြောပါတယ်။

“ECC အဖွဲ့ တခုလောက် လုပ်ရုံနဲ့တော့ ကျနော်တို့ ရခိုင်တပြည်နယ်လုံးကို လုပ်နိုင်ပြီဆိုတဲ့ အပိုင်းကတော့ မဖြစ်နိုင်ပါဘူး။ ရခိုင်တပြည်နယ်လုံးရဲ့ ကျနော်တို့ ဖွံ့ဖြိုးတိုးတက်မှု၊ ရခိုင်တပြည်နယ်လုံးရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အုပ်ချုပ်ရေး အကုန်လုံးပိုင်းမှာ တော်တော် ကျယ်ပြန့်ပါလိမ့်မယ်။ အဲ့ဒါကြောင့် သူ လုပ်လာမယ့်အပိုင်းမှာ ရခိုင်ပြည်နယ် တခုလုံးအတွက် ဘယ်လိုမျိုး ကိုင်တွယ် ဖြေရှင်းမလဲဆိုတဲ့ အပိုင်းကတော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ရော တခြားပြည်သူတွေအနေနဲ့ အများကြီး စောင့်ကြည့်သွားကြရမယ်လို့ပဲ ကျနော့်အနေနဲ့ ထင်မြင်ယူဆပါတယ်။”

ဝန်ကြီးချုပ်သစ်အနေနဲ့ စိန်ခေါ်ချက်တွေကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေး ပဋိပက္ခတွေကို ဖြေရှင်းဖို့ဖြစ်ပြီး၊ အခြားအချက်ကတော့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ် ၁၄ ခုမှာ ဒုတိယ အနိမ့်ကျဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အခြေအနေတွေကို မြှင့်တင်ဖို့ ဖြစ်နိုင်မယ်လို့ ဦးအောင်မြကျော်က သုံးသပ်ပါတယ်။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်သစ်အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်းကို အဆိုပြုထားတဲ့ အပေါ်မှာတော့ ကမန်အမျိုးသားတိုးတက်ရေးပါတီက ကြိုဆိုကြောင်း ပါတီဒုဥက္ကဌ ဦးလှတိုးက ပြောပါတယ်။

“ဗိုလ်ချုပ်မောင်မောင်အုန်းက အရင်တုန်းက နယ်စပ်ရေးရာ ဒုဝန်ကြီး လုပ်ခဲ့တော့ သူက ရခိုင်ပြည်နယ်မှာလည်း အဖွဲ့အစည်းတွေမှာလည်း တကယ် ထိပ်တန်း တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် သူ့ကို ဒီရခိုင်ပြည်နယ် ဝန်ကြီးချုပ်အနေနဲ့ အမည်စာရင်း တင်သွင်းတယ်ဆိုရင်တော့ ဒါ လက်ခံကြိုဆိုရမှာပဲဗျာ။ သူက ရခိုင်တွေနဲ့ အကျွမ်းဝင်ပါတယ် တော်တော်လေးကို။ ကျနော့်အနေနဲ့ကတော့ ကောင်းတယ်လို့ မြင်ပါတယ်ခင်ဗျ။”

စစ်တွေမြို့ခံတဦးကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေ အကုန်လုံးကတော့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးနေရာကို ရခိုင်တိုင်းရင်းသားတယောက်ဖြစ်ဖို့ ဆန္ဒရှိကြပါတယ်။ အခု လက်ရှိ အနေအထားကတော့ ရခိုင်တိုင်းရင်းသားမဟုတ်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်လာမယ့် အနေအထားမျိုး ဖြစ်နေတယ်။ အဲ့လို အနေအထားမျိုးမှာ ငြင်းပယ်လို့လည်း ရတဲ့အနေအထားမျိုး မဟုတ်တဲ့အတွက်ကြောင့် အခု အသစ်ဖြစ်လာမယ့် ဝန်ကြီးချုပ်ရဲ့ ရခိုင်ပြည်အပေါ် စေတနာထားမှုတွေ၊ လုပ်ငန်းကိုင်ငန်းတွေကို ရခိုင်တိုင်းရင်းသားတွေက စောင့်ကြည့်ရုံပဲရှိတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်ခင်ဗျ။”

ရခိုင်ပြည်နယ် လွှတ်တော်က ဗိုလ်ချုပ်မောင်မောင်အုန်းကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုမယ်ဆိုရင် ဒါဟာ လက်ရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာ ဒုတိယမြောက်ဖြစ်ပြီး လက်ရှိ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းဟာလည်း တပ်မတော်သား ကိုယ်စားလှယ်ကနေ ခန့်အပ်ထားသူ ဖြစ်ပါတယ်။

XS
SM
MD
LG