ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ကနေ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကိုယ်စားလှယ် ၅ ယောက်ကို ပြိုင်ဖက်ကိုယ်စားလှယ်တွေက ဒီကနေ့ တရားထပ်မံ စွဲလိုက်တယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က ရသေ့တောင်မြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းက တရားစွဲဆိုအပြီး နောက်ထပ် ၅ ဦး ထပ်မံတရား စွဲခံရတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်တွေက အပြန်အလှန် တရားစွဲဆိုနေကြတာပါ။ ဒီကနေ့ တရားထပ်စွဲခံရတဲ့ RNDP လွှတ်တော်ကိုယ်စားလှယ် ၅ ဦးဟာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလို့ ခေါ်တဲ့ ပြည်နယ်လွှတ်တော်အတွက် ရွေးကောက်တင်မြောက် ခံထားကြရကိုယ်စားလှယ်တွေ ဖြစ်တဲ့ အကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
“ဒီနေ့ အကြောင်းကြားတဲ့ဥစ္စာက ကျောက်ဖြူက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအုန်းတင် ပါတယ်။ နောက်တယောက် ကျောက်ဖြူကပဲ ဦးကျော်လွင် ဆိုတာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ပါတယ်။ ပေါက်တောက အမျိုးသားလွှတ်တော်က ဦးကျော်ထွန်းအောင် ပါတယ်။ ပြည်သူ့လွှတ်တော်က ဦးအောင်ကျော်ဇံ ပါတယ်။ နောက်ပြီး ပြည်နယ်လွှတ်တော်က ဦးမောင်ကျော်သိန်း ပါတယ်။ အကုန်လုံး ၆ ဦးကို စွဲချက်တင်လိုက်တာပေါ့လေ။”
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ RNDP ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလှမောင်သိန်းကို ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းက တရားစွဲဆိုပြီး တပတ်အကြာမှာ RNDP က ရွေးကောက်ခံ ကိုယ်စားလှယ် ၅ ဦး ထပ်ပြီး တရားစွဲခံရတာဖြစ်ပါတယ်။
“ထပ်ပြီး ၅ ယောက်တိုးတယ်ဆိုတာ သူတို့ဆီက သတင်းပို့ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကပါ။ အဲဒီအမှုတွေကတော့ လာမယ့်ဇန်နဝါရီ ၂၄ ရက်နေ့ ၁၀ နာရီမှာ နေပြည်တော်မှာ ခုံမှာ ပြန်လည်ထုချေရမယ်။ ၄ ရက်ကျော်ပြီးကာမှ ဒီဘက်က ချေပလွှာကိုပေးရမယ်လို့ ကျနော်တို့ သိရပါတယ်။”
ကိုယ်စားလှယ်တွေကို အခုလို တရားစွဲတယ် ဆိုပေမဲ့လည်း အသေးစိတ် အချက်အလက်တွေကို မသိရသေးတဲ့အတွက် ဘယ်သူ စွဲတယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ဖြစ်နိုင်ခြေရှိတဲ့ပါတီကို ဒေါက်တာအေးမောင်က ပြောပြပါတယ်။
“ကျနော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ဖြစ်မယ်လို့ပဲ ယူဆပါတယ်။ သို့သော်လည်း အသေးစိတ်ကတော့ ကျနော်နဲ့ အဆက်အသွယ်မရသေးဘူးလေ။ ပါတီတခုကများ သြဇာသုံးပြီးကာမှ ဒါ တဦးချင်းတဦးချင်းကို စွဲချက်တင်အောင်လုပ်သလား။ တဦးချင်းရဲ့ ဆန္ဒကြောင့်ပဲ ခုနက ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဥစ္စာကို စွဲချက်တင်သလားပေါ့နော်။ အဲဒီဟာလေး နှစ်ခုကို ကျနော်တို့ confuse ဖြစ်နေတယ်။”
ဒီရွေးကောက်ပွဲကို အာဏာပိုင်တွေကိုယ်တိုင် ကြီးကြပ်စီစဉ်ခဲ့တာ ဖြစ်တာကြောင့် ထွက်လာတဲ့ ရလဒ်တွေအပေါ် မကျေနပ်ရင် အာဏာပိုင်တွေအနေနဲ့ ရွေးကောက်ပွဲကို အချိန်မရွေး ပြန်ကျင်းပနိုင်တယ်လို့ ကိုယ်တိုင်လည်း စစ်တွေမြို့နယ်ကနေ အမျိုးသားလွှတ်တော်အတွက် ရွေးကောက်တင်မြောက် ခံထားရတဲ့ ဒေါက်တာအေးမောင်က ပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရင် ခုနကလို ကျနော်တို့ ပါတီအပေါ်မှာ ကျနော်တို့ရဲ့ပုဂ္ဂိုလ်တွေအပေါ်မှာ ကန့်ကွက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကို ကျနော်တို့ ပြန် စိန်ခေါ်ရဲပါတယ်။ ပြန်ပြီးတော့ ရွေးကောက်ပွဲ ဝင်မလား။ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောပြတာပါ။ တကယ် Free and fair ဖြစ်တဲ့ ရွေးကောက်ပွဲတခုကို လုပ်ပေးနိုင်မလား။ နိုင်ငံတကာ စောင့်ကြည့်ခွင့်ပေးမလား။ ကြားဖြတ်အစိုးရတခုခုနဲ့ သမမျှတတဲ့ ရွေးကောက်ပွဲကြီးတခုကို သေချာ ကျင်းပနိုင်မလား ကျနော်တို့က ပြန်ရေးပါတယ်။ ကျနော်တို့က ပြည်သူကို ယုံတယ်။ ကျနော်တို့ ပုဂ္ဂိုလ်တွေကို စွဲချက်တင်တဲ့ပုဂ္ဂိုလ်တွေက ပြည်သူတွေကြားထဲကို ပြန်ဆင်းရဲ့မလား။ ကျနော်တို့ ဒါ ပြည်သူကြားထဲမှာ ဒီကိစ္စကို ပြန်ရှင်းလင်းကြရအောင်ပါ။ ဒါ ကျနော်တို့ဘက်က ပြန်ပြီး challenge လုပ်တာပါ။ ကျနော်လည်း ပြန်ရေးပါတယ်။”
RNDP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ပြောပြခဲ့တာပါ။
အခု တရားစွဲခံထားရတဲ့ RNDP ကိုယ်စားလှယ် ၆ ယောက်ထဲက ၃ ယောက်ဟာ လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ နေပြည်တော် တရားရုံးမှာ အမှုရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်ပါတီကနေ မန္တလေး တိုင်းဒေသကြီးလွှတ်တော်အတွက် ရွေးကောက် တင်မြောက်ခံထားရတဲ့ ကိုယ်စားလှယ် ဒေါ်တင်တင်မာကို ပြိုင်ဖက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ တရားစွဲဆိုခဲ့သလို ဒီမိုကရက်တစ်ပါတီကရဲ့ အတွင်းရေးမှူးတဦးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်း ကလည်း ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်ကို တရားစွဲဆိုထားပါတယ်။
RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ အမတ်နေရာ စုစုပေါင်း ၃၅ နေရာ အနိုင်ရထားတဲ့ ပါတီလည်းဖြစ်ပါတယ်။