သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်နယ်ခြားစောင့် ရဲတပ်ဖွဲ့ရဲမှူးချုပ် အစားထိုးခန့်


စစ်တွေတွင် လုံခြုံရေးရဲများ နေရာယူစဉ် (June 2012)
စစ်တွေတွင် လုံခြုံရေးရဲများ နေရာယူစဉ် (June 2012)

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်း (၃) ခု အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးချုပ် မောင်မောင်ခင် နေရာမှာ ရဲမှူးချုပ် သူရစန်းလွင်နဲ့ အစားထိုးခန့်အပ်လိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောပါတယ်။ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အစိုးရစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး သေဆုံးခဲ့ပြီး အကြမ်းဖက် တိုက်ခိုက်သူတွေဖက်က အမျိုးသမီး ၂ ဦး အပါအဝင် စုစုပေါင်း ၃၀ သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့် ကင်းစခန်း (၃) ခု အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးပြီး လက်နက်တွေလည်း လုယူခံခဲ့ရမှုနဲ့ ပတ်သက်လို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့အကြီးအကဲ ရာထူးအပြောင်းအလဲတွေ လုပ်ဆောင်လိုက်တဲ့အကြောင်း စစ်တွေမြို့ကိုရောက်ရှိနေတဲ့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက သတင်းထောက်တွေကို ပြောပါတယ်။

“ငါတို့ ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့တော့ တော်ရင်တော်သလိုချီးမြှောက်မယ်၊ အသုံးမကျရင် အသုံးမကျသလို အရေးယူမယ်။ ဖြစ်စဉ်ဖြစ်ရပ် အပေါ်မှာ ခေါင်းဆောင်ကို မကြည့်ဘူး။ အဲဒီအတွက် ချက်ချင်းခေါင်းဆောင် အသစ်ကို ငါ လဲတယ်။ ပြီးတော့ ဒီနယ်မှာရှိတဲ့ရဲတွေကို Moral encourage အောင်ပြန်လုပ်ပေးမယ်။ မိသားစုတွေအားကိုးမှုရှိအောင်လုပ်မယ်။”

ဒါ့အပြင် ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ နေရပ်စွန့်ခွာပြီး တခြားနေရာတွေမှာ ပြောင်းရွှေ့ နေထိုင်တာမျိုး မလုပ်ကြဖို့အတွက်လည်း ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားခဲ့ပါတယ်။

“တို့ရခိုင်တွေက ကိုယ့်နယ်မြေမနေပဲနဲ့ ကချင်ပြည်နယ်ကိုသွားပြီးတော့နေမယ် ဆိုရင် ငါတို့ဘယ်လိုသွားလုပ်မလဲ ။ဒါတွေကို မင်းတို့အများကြီးကူညီပေးမှရမယ်။ ငါတို့လူမျိုး၊ တို့တိုင်းရင်းသားတွေက ကိုယ့်နယ်မြေကို ပစ်ခွာသွားရင် သူတို့က လွတ်တဲ့နေရာကို ဝင်လာမှကွ။ အဲဒါတွေက လူကို လူနဲ့ပဲ ပြဿနာပေးတာ။ လူဦးရေပေါက်ဖွားမှုနှုန်းဟာ သူတို့နဲ့ ကျန်တဲ့လူတွေနဲ့ အဆမတန် ကွာဟမှုရှိတယ်။ ငါတို့က ယောကျာ်းတယောက်ကို မိန်းမ ၁ ယောက်ပဲယူတယ်။ ဟိုဘက်က ယောကျာ်းတယောက်ကို မိန်းမ ၄ ယောက်ယူတယ်။ ၁ ယောက်ကို ၁၀ နှုန်းနဲ့မွေးရင် အိမ်ထောင်စုတခုကို လူ ၄၀။ အဲဒီလိုပေါက်ဖွားမှုများတာကို တို့က လူနဲ့ပြန်ပြီးမကာရင်မရဘူး။ လူနဲ့ပြန်ကိုကာရမယ်။ အဲဒါကြောင့် တို့ တိုင်းရင်းသားတွေကို ကိုယ့်နယ်မြေ၊ ကိုယ့်ဒေသကို ချစ်စေချင်တယ်။ ပြန်ပြီးတော့ မြတ်နိုးစေချင်တယ်။ စိတ်တဝှမ်းတည်း ဖြစ်စေချင်တယ်။ ဗဟိုအစိုးရကလည်း ကူညီပေးရမှာဖြစ်သလို ၊ ပြည်နယ်အစိုးရမှာလည်း တာဝန်ရှိတယ်။ ပြည်နယ်အစိုးရလည်း ကူညီပေးရမယ်။”

ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ စစ်တွေမြို့ကို အောက်တိုဘာလ ၁၆ ရက်နေ့က ရောက်သွားတာဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင် (၄) ဦးရဲ့ ဇနီးတွေကို တွေ့ဆုံပြီး တစ်ဦးကို ထောက်ပံ့ငွေ ကျပ်သိန်း (၂ဝ) စီ ပေးပြီး အားပေးစကား ပြောကြားခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေ အဖြစ်မှန်တွေကို သိရှိနိုင်ရေးအတွက် အောက်တိုဘာလ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ဘာသာရေးခေါင်းဆောင်တွေ၊ ပြည်နယ်အစိုး၇တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေအပါအဝင် ဒေသခံ မြို့မိ မြို့ဖ တွေနဲ့ တွေ့ဆုံခဲ့တဲ့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတို့ ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ သူတို့ခရီးစဉ် အတွေ့အကြုံတွေကို မနေ့ အောက်တိုဘာလ ၁၇ ရက်နေ့က နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာမှာ အခုချိန်ထိ အစိုးရဘက်က တပ်မတော်သား ၅ ဦး၊ ရဲအရာရှိ ၁ ဦး၊ တခြားအဆင့်ရှိ ရဲတပ်ဖွဲ့ဝင် ၈ ဦး၊ စုစုပေါင်း ၁၄ ဦး ကျဆုံးခဲ့ပြီးဖြစ်ကြောင်း၊ အကြမ်းဖက် အဖွဲ့အစည်းတွေဖက်ကတော့ အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း ၃၀ ဦး သေဆုံးပြီးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက သတင်စာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဖမ်းဆီးရမိသူအရေအတွက်နဲ့ စစ်ဆေးမေးမြန်းမှုအခြေအနေတွေနဲ့ ပတ်သက်လို့တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းက သတင်းစာရှင်းလင်းပွဲမှာ အခုလို ရှင်းပြခဲ့ပါတယ်။

“ကျနော်တို့ဆီမှာ အခု ဖမ်းဆီးထိန်းသိမ်းထားတာ အားလုံး ၂၉ ဦး ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံက လွှဲပေးတဲ့ ၂ ယောက်အပါအဝင် ၂၉ ဦး ဖြစ်ပါတယ်။ ဒီ ၂၉ ဦးထဲက စစ်တွေ အကျဉ်းထောင်မှာ ၂ ဦး ချုပ်ထားပါတယ်။ မောင်တောဒေသမှာရှိတဲ့ အချုပ်ခန်းတွေမှာ ကျန်တဲ့ ၂၇ ဦးချုပ်နှောင်ထားပါတယ်။ အားလုံးကိုတော့ အချုပ်သားများ ရသင့်ရထိုက်သည့် လုပ်ထုံးလုပ်နည်းများနဲ့အညီ ကျနော်တို့ စစ်တာ ဆေးတာကအစ အားလုံး မှတ်တမ်းလုပ်ပြီး စနစ်တကျ ထိန်းသိမ်းစစ်ကြောမေးမြန်းဆောင်ရွက်လျက် ရှိပါတယ်။

ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းလေ့လာတွေ့ရှိမှုအခြေအနေတွေကိုတော့ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောပါတယ်။

“ပြဿနာသည် အချိန်ကြာမြင့်စွာဖြစ်ပေါ်ခဲ့တဲ့ အကြောင်းတရားတွေကို အခြေပြုပြီးတော့ ဒီဖြစ်စဉ်ပေါ်ပေါက်တယ်လို့ သုံးသပ်ပါတယ်။ ပြီးတဲ့နောက် လက်တလောအရေးယူဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ ဆုံးရှုံးသွားတဲ့ လက်နက်အင်အားများ အမြန်ဆုံးပြန်လည်ရရှိရေးနဲ့ အကြမ်းဖက်သောင်းကျန်းသူများ အမြစ်ပြတ်ချေမှုန်းရေး ၊ ၎င်းတို့နှင့် အဆက်အသွယ်ရှိသူများ ကိုအမြန်ဆုံးဖော်ထုတ်ရေး ဒါတွေလိုအပ်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ကြားမှာရှိတဲ့ ခြံစည်းရိုးကို ခိုင်ခံ့ပြီးလုံခြုံမှုရှိစေဖို့အတွက် ဘဏ္ဍာငွေသုံးစွဲပြီးဆောင်ရွက်ဖို့ လိုအပ်ကြောင်း သုံးသပ်ပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူတွေကို လိုက်လံရှင်းလင်းမှုတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူတွေက စိုးရိမ်မကင်းကြောင်းပြောဆိုနေချိန်မှာပဲ အကြမ်းဖက်တိုက်ခိုက်မှုကို ဖြေရှင်းရာမှာ နိုင်ငံတကာဥပဒေတွေနဲ့ အညီ မျှမျှတတဖြေရှင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာအစိုးရတာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲအတွင်းမှာ ပြောကြားသွားပါတယ်။ လက်ရှိအချိန်အထိတော့ ပြဿနာဖြစ်ပွားခဲ့တဲ့နေရာက ဒေသခံတွေကို အစိုးရတာဝန်ရှိသူတွေက ဘေးကင်းရာကို ရွေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG