သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝစစ်ရှောင် ၂၀၀ ကျော် ဘင်္ဂလားဒေ့ရှ် ခိုလုံခွင့် ငြင်းပယ်


စစ်ရှောင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)
စစ်ရှောင်ဒုက္ခသည်များ (photo-Rakhine Ethnics Congress)

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ပလပ်၀ ဒေသဘက်က ဒုက္ခသည် ၂၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မခံတာ ကြောင့် နယ်စပ်ကျေးရွာတွေမှာပဲ ခိုလုံနေရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ကြိုးစားနေသူတွေကိုလည်း ဘင်္ဂလားဒေ့ရှ်နယ်စပ် စစ်တပ်အကြီးအကဲက ပိတ်ပင်နေ တာကြောင့် ဒုက္ခသည်တွေ အခက်ကြုံနေရပါတယ်။ ဒီအကြောင်းနဲ့အတူ ရခိုင်ပြည်နယ်ဘက်က ပဋိပက္ခ နောက်ဆုံး အခြေအနေတွေကို ထိုင်းအခြေစိုက်သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်တို့အကြားတိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရ်နိုင်ငံဖက်ကို တိမ်းရှောင်ထွက် ပြေးခဲ့ တဲ့ ပလက်မြို့နယ်က ရခိုင်နဲ့ခမီးစစ်ရှောင်မိသားစု(၂၀၀)ကျော်ဟာ ဘင်္ဂလားအစိုးရကနေ လက်မခံတဲ့အတွက် မနေ့ကအင်္ဂါနေ့မှာ မြန်မာနယ်စပ်ဘက်ကို လှည့်ပြန်လာရပြီးလို့ ဘင်္ဂလားဒေ့ရ်အခြေစိုက်စစ်ဘေးရှောင် ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဦးဝင်းသိန်းကဗွီအိုအေကိုပြောပါတယ်။

“ဒီဘင်္ဂလားဒေ့ရ်ဝန်ကြီးရယ် ခရိုင်မှူးရယ် စစ်တပ်ကရယ် သူတို့ကတရားဝင်သတင်းစာရှင်းလင်းပွဲလုပ်တယ်။ ဘယ် ဒုက္ခသည်မှဝင်လို့မရဘူး။ လက်ခံလို့မရဘူးဆိုတယ်။ အပေါ်ကအမိန့်နဲ့ထုတ်ပြန်ပြီးလို့ ဒီနယ်ခြားစောင့်တပ် BGB က နေပြီးတော့ နင်တို့(၃)ရက်အတွင်းမှာ ဒီနေရာကနင်တို့ မြန်မာပြည်ကိုပြန်သွားဖို့ဆိုပြီးတော့ သူတို့ကိုနှင်ထုတ် လိုက်တာပါ။ အဲဒီနှင်ထုတ်တော့ ဟိုဒုက္ခသည်တွေကြောက်ပြီးတော့ (၈)မိသားစုကအိန္ဒိယနေပြည်တော် ဘက်ထွက် သွားတယ်။ ကျန်နေတဲ့မိသားစုတွေက အဲဒီနေရာမှာနေလို့မရတော့ ဗမာပြည်ကိုလဲဝင်လို့မရတော့ မြန်မာနယ်စပ် တည်မြို့ဆိုတဲ့ ရွာတရွာရှိပါတယ်ခင်ဗျာ။ အဲဒီတောင်ပေါ်မှာ ယာယီတဲလေးထိုးပြီးတော့ ခိုလှုံနေရတယ်လို့ ကျွန် တော်တို့ သိရတယ်ခင်ဗျ။”

ဒီစစ်ရှောင်(၂၀၀)ကျော်ဟာ မြန်မာ့တပ်မတော်နဲ့ရခိုင့်တပ်မတော်AAတို့အကြားတိုက်ပွဲကြောင့် ချင်းပြည်နယ် ပလက်ဝမြို့နယ် ခမောင်းဝနဲ့ကင်းတလင်းကျေးရွာကနေ ဒီလဆန်းပိုင်းတုန်းက ဘင်္ဂလားဒေ့ရ်နိုင်ငံဘက်ကို စစ်ဘေးတိမ်း ရှောင်ခဲ့ကြတာပါ။

ဘင်္ဂလားဒေ့ရ်အစိုးရကနေ ဒုက္ခသည်တွေကိုလက်မခံတဲ့အတွက် လက်ရှိခိုလှုံရာ ဘင်ဒရာဘင်ခရိုင် ရုံမော်မြို့နယ် အမှတ်(၇)ရမ္မက်ကြီးနယ်မြေစော်ချိုင်ရွာကနေ မြန်မာဘင်္ဂလားဒေ့ရ်နယ်စပ်တည်မြို့ကျေးရွာ ဘက်ကို မနေ့ညနေ ပိုင်းမှာရောက်ရှိလာနေကြတာပါ။

လက်ရှိသူတို့နေထိုင်တဲ့ဒေသဘက်ကိုအကူညီပေးဆောင်ဖို့တားဆီးမှုတွေရှိနေသလို စစ်ရှောင်တွေအနေနဲ့ ကျန်းမာရေးအခက်ခဲတွေ့ကြုံနေရတယ်လို့ကယ်ဆယ်ရေးကော်မတီဥက္ကဌ ဦးဝင်းသိန်းကဆက်ပြောပါတယ်။

“အဲဒီနေရာကို UNHCRရယ် Red Crossရယ် ဘယ်အဖွဲ့အစည်းမှသွားရောက်ကူညီလို့မရဘူးခင်ဗျ။ ဘင်ဒရာဘင်မှာ ရှိတဲ့စစ်တပ်အကြီးအကဲက အဲဒီအထိကိုလုံးဝပေးမဝင်ဘူးခင်ဗျ။ အဲဒီနေရာမှာကလေး(၅၀)ကျော်က ချောင်းဆိုးပြီး တော့ အအေးပတ်ပြီးတော့ ဖြစ်နေတယ်ခင်ဗျ။ ဒီအတွင်း ကလေးကလဲ(၃)ယောက်မွေးပါတယ်။ ”

လက်ရှိမှာတော့နယ်စပ်ဘက်ကိုပြောင်းရွှေ့လာတဲ့စစ်ရှောင်တွေကို အနီးအနားမှာရှိတဲ့မြိုကျေးရွာသားတွေကဘဲ ကူညီမှုပေးဆောင်နေတယ်လို့သူကပြောပါတယ်။

ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်း နှစ်ဖက်တိုက်ပွဲအတွင်း စစ်ရှောင်ဦးရေ(၈၀၀)ကျော်ရှိနေပြီး ဘင်္ဂလားဒေ့ရ် နယ်စပ်အပါအဝင် ပလက်ဝမြို့နယ် ကျောက်တော်မြို့နယ်တွေဖက်မှာတိမ်းရှောင်နေကြရပါတယ်။

ရခိုင်ပြည်နယ်ဖက်မှာလဲ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော်AAတို့အကြားတင်းမာနေဆဲစစ်ရေးအခြေ အနေ တွေကြောင့် ရွာသား(၇၀၀၀)ခန့် စစ်ဘေးတိမ်းရှောင်နေရပါတယ်။

မနေ့ကတနင်္လာနေ့မှာလဲ ရသေ့တောင်မြို့နယ် အငူမော်ကုန်တန်းရွာနဲ့ သာစည်ကုန်းကျေးရွာအကြား တပ်မ တော်ယာဉ်တန်းဖြတ်သန်းစဉ် မိုင်းသုံးလုံးပေါက်ကွဲခဲ့တယ်လို့ အငူမော်ကုန်တန်းရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်း ထွန်း ကပြောပါတယ်။

“မနေ့က တနာရီ(၃၅)လောက်ရှိမယ်ထင်တယ်။ ပေါက်ကွဲသံသုံးလုံး သုံးကြိမ်လောက်ကြားလိုက်တာဘဲလေ။ ကျွန် တော် တို့ရွာနဲ့ သာစည်ကုန်းကျေးရွာကြားထဲမှာပေါ့။ ပေါက်ကွဲသံကြားလို့ နာရီဝက်လောက်အကြာ ကျွန်တော်တို့ သွားကြည့်တော့ ဘာမှမရှိတော့ပါဘူး။ ပေါက်ကွဲတယ်ဆိုတာ လမ်းမှာပေါက်ကွဲတာ။ ဘယ်အဖွဲ့ဖေါက်တာလဲ မပြော တတ်ဘူးအဲတာ။

ဗုံးပေါက်ကွဲအပြီးလက်နက်ငယ်ပစ်ခတ်သံကြိုကြား ကြားနေရပေမဲ့ နှစ်ဖက်အဖွဲ့တိုက်ပွဲဖြစ်တဲ့လက္ခဏာမရှိဘူးလို့ လဲ သူကဆိုပါတယ်။

မနေ့ကရသေ့တောင်မြို့နယ်အတွင်း စစ်ယဉ်တန်းမိုင်းခွဲခံရမှုအခြေအနေနဲ့ပက်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ တွဲဘက်အတွင်းရေးမှူး နဲ့AAပြန်ကြားရေးတာဝန်ခံကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ် လို့ မရခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း မြို့နယ်တွေအတွင်း တပ်မတော်နဲ့AAအကြား စစ်ရေးပဋိပက္ခနယ်မြေကျယ်ပြန့်လာတဲ့အခြေ အနေကြောင့် ရခိုင်ပြည်နယ်အစိုးရကနေ သွားလာရေးနဲ့ မြို့ရွာတွေမှာ အိမ်ထောင်စုစာရင်းအပါအဝင် စစ်ဆေးမှု တွေ ပိုမိုတင်းကြပ်လာတဲ့အခြေအနေမှာရှိနေပါတယ်။

စစ်ဆေးမှုတွေတင်းကြပ်နေတဲ့ကြားမှာဘဲ မနေ့ညတုန်းက မင်းပြားမြို့တောင်ဘက်(၁၀)မိုင်အကွာမှာရှိတဲ့ ကျောက် ခုတ်ကျေးရွာ ဥက္ကဌတဦးဟာ သေနတ် နဲ့ပစ်ခတ်လုပ်ကြံခံရတယ်လို့ မင်းပြားမြို့ ကျန်းရိပ်ကရုဏာဖောင်ဒေးရှင်း တာဝန်ခံ ဦးသိန်းထွန်းကပြောပါတယ်။

“သူကဒီမင်းပြားကျေးရွာ ကျောက်ခုတ်ကျေးရွာ ရွာဥက္ကဌဘဲသူက။ သူ့ နာမည် ကမောင်ကျော် တဲ့ မောင်ကျော်။ ဘာဖြစ် လို့ လုပ်ကြံတာလဲမသိဘူး။ သေနတ်နဲ့ညလာပစ်တာ။ သေနတ်(၄)ချက် ပစ်ပစ်ပြီးတော့ထွက်ပြေးသွားတာ။ မနေ့က တော့အဲဒီအလောင်းကျွန်တော်တို့သွားကြည့်တာ။”

ဘယ်အဖွဲ့ကနေ ဘာအကြောင်းကြောင့်လုပ်ကြံတာလဲဆိုတာ မသိရသေးဘူး လို့သူကဆိုပါတယ်။

ဇန်ဝါရီ(၂၂)ရက်နေ့ညပိုင်းမှာလဲ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာသားတဦးကို အမည်မသိသေနတ်သမား တဦးက လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့သလို ယနေ့အထိလက်သည်မဖေါ်ထုတ်နိုင်သေးပါဘူး။

ဒီရက်ပိုင်းအတွင်း မောင်တောမြို့နယ်အတွင်း ညမထွက်ရအမိန့်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြစ်မှုဆိုင် ရာကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ကို အမိန့်အမှတ် (၆/၂၀၁၉)ကို နောက်(၂)လအထိတိုးမြင့်ထုတ်ပြန်ထားပါတယ်။

၂၀၁၈ ဒီဇင်ဘာ ၁၁ ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် (၅/၂၀၁၈)ရက်ကုန်ဆုံးလို့ နောက်ထပ်(၂)လတိုးပြီး ညမထွက်ရအမိန့်ကိုထပ်မံထုတ်ပြန်တာလဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG