မကြာသေးခင်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်မှာ စစ်ဘေးကြောင့် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြတဲ့ ဒေသခံ ထောင်နဲ့ချီ နေရပ်ပြန်ခဲ့ကြတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း စစ်ဒဏ်သင့် ရခိုင်ပြည်နယ်မှာ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်သေးပဲ ဖြစ်နေကြတာပါ။ ရခိုင်ပြည်နယ်က ဒုက္ခသည်အရေး ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား မြို့သိမ်းတိုက်ပွဲတွေကြောင့် အိုးစွန့်ခွာထွက်ပြေးသွားရတဲ့ မောင်တောဒေသခံတွေကို ဒီလဆန်းပိုင်းက စလို့ AA ဘက်က နေရပ်ပြန်ခွင့်ပေးလိုက်ပါတယ်။ လက်ရှိမှာတော့ မောင်တောမြို့ခံ ၄,၀၀၀ ကျော်လောက် မိမိနေရပ်ပြန်ဝင်လာတာရှိတယ်လို့ ရခိုင်ဒေသခံတဦးကပြောပါတယ်။
“မောင်တောမြို့ကနေ စစ်ဘေးရှောင်သွားတဲ့ စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခွင့်ပြုတာကတော့ အခုမှ မဟုတ်ဘူးပေါ့နော်၊ ဇန်နဝါရီလ, လဆန်းကတည်းက အသုတ်လိုက် အသုတ်လိုက်ဝင်ခွင့်ပြုထားတာလို့ ကျနော်တို့သိရတယ်။ အဲဒီထဲမှာ ကျနော်တို့ ရခိုင်တွေရော၊ မွတ်ဆလင်တွေရော၊ ဟိန္ဒူတွေရော အကုန် လုံးပါတယ်ပေါ့နော်။”
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တနှစ်ကျော်တိုက်ပွဲကာလအတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခန့်မှန်းခြေ ၆ သိန်းနီးပါးအထိရှိနေတယ်လို့ ရခိုင် စစ်ဘေးဒုက္ခသည်အရေး ဆောင်ရွက်နေ သူတွေက ပြောထားပါတယ်။ အဲဒီထဲက တချို့ကတော့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြသလို တချို့ ကတော့ နီးစပ်ရာ ဆွေမျိုးအိမ်တွေနဲ့ တောတောင်တွေထဲမှာ တဲထိုးပြီးတော့ ဖြစ်သလို နေထိုင်စားသောက် နေကြပါတယ်။
စစ်ဘေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအတွက် အာရက္ခတပ်တော် AA ဘက်က အပြည့်အဝ တာဝန်ယူ ပေးနိုင်တာမရှိသလို ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေရဲ့ ကူညီထောက်ပံ့မှုတွေလည်း မရှိတာကြောင့် ဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်လာကြတာလို့လည်း မောင်တောဒေသခံတယောက ကပြောပါတယ်။
“မောင်တောမြို့နယ် တခုတည်းမဟုတ်ဘူး။ ရခိုင်ပြည်နယ်က မြို့နယ်တိုင်းလိုလိုမှာ လေကြောင်း အန္တရာယ် စိုးရိမ်ရတာပါပဲ။ စစ်ဘေးရှောင်လာတာ နှစ်ကာလကြာလာနဲ့အမျှ စားဝတ်နေရေးကိစ္စတွေ၊ ပြီးတော့ အလုပ်အကိုင်ကိစ္စတွေကအစ အခက်အခဲဖြစ်လာကြတယ်။ အဲဒါကြောင့် မိမိနေရပ် မိမိနေထိုင်ခဲ့တဲ့ အိမ်တွေကို ပြန်လိုကြတာကြောင့် အခုလို နေရပ်ပြန်ခွင့်ပြုတာလို့ ကျနော်တို့က မြင်တယ်။ လေကြောင်းအန္တရာယ်ကတော့ ရခိုင်ပြည်နယ်အတွင်းသာမက မြန်မာနိုင်ငံအတွင်းက ဘယ်နေရာမဆို စစ်ကောင်စီကတော့ လေကြောင်းပစ်ခတ်မှုကတော့ ဒုက္ခပေးနေဆဲပေါ့နော်။”
လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၄ မြို့နယ်ကို AA ဘက်က သိမ်းပိုက်ထိန်းချုပ်နိုင်ပေမယ့် စစ်ဘေးဒုက္ခသည်တွေ အနည်းစုလောက်ပဲ နေရပ်ပြန်နိုင်ကြပါသေးတယ်။ အများစုကတော့ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်စိုးရိမ်မှုတွေကြောင့် နေရပ်မပြန်ရဲသေးဘူးလို့လည်း သူကဆက်ပြောပါတယ်။
“ရခိုင်ပြည်နယ်မှာ AA က သိမ်းပိုက်ထားတဲ့မြို့နယ်တွေက စစ်ဘေးရှောင်သွားကြတဲ့သူတွေ ပြန်ဝင်နေတဲ့ အနေအထားကကျတော့ အလုံးစုံ မဟုတ်သေးဘူးလို့ ပြောလို့ရတယ်ပေါ့နော်။ အထူးသဖြင့် တချို့ကျတော့ လေကြောင်းအန္တရာယ်ကို စိုးရိမ်ပြီးတော့ မဝင်ကြသေးတဲ့ နေရာတွေရှိ သေးတယ်။ အထူးသဖြင့် စစ်တွေလို နေရာမျိုးမှာ စစ်ရိပ်စစ်ငွေ့တွေသန်းလာတာကြောင့် စစ်တွေနဲ့ အနီးပတ်ဝန်ကျင်မှာရှိနေတဲ့ ပေါက်တောတို့၊ ပုဏ္ဏားကျွန်းတို့၊ ရသေ့တောင်လိုနေရာတွေ အထူးသဖြင့် စစ်တွေက လက်နက်ကြီးနဲ့လှမ်းပစ်လို့ရတဲ့နေရာတွေ ဆိုရင် အခုကပြန်ပြီး စစ်ရှောင်နေရတဲ့ အနေအထားရှိတယ်။”
လက်ရှိရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့နယ်မှာ AA နဲ့ စစ်ကောင်စီကြား နှစ်ဘက်မကြခဏ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်နေပြီး ကျောက်ဖြူ နဲ့ မာန်အောင်မြို့နယ်မှာတော့ နှစ်ဘက်စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ AA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကျန်တဲ့မြို့နယ်တွေမှာတော့ နှစ်ဘက်တိုက်ပွဲဖြစ် ဖြစ်ပွားတာမရှိတော့ပေမယ့် စစ်ကောင်စီက လေကြောင်းက မကြာခဏဆိုသလို ဗုံးကြဲနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိနေပါတယ်။
Forum