သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပေါက်တောမြို့နယ် တရားဝင်နေထိုင်ခွင့် စိစစ်


မြန်မာနိုင်ငံ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေအရ နိုင်ငံသား ဟုတ်မဟုတ် တရားဝင် နေထိုင်ခွင့် ရှိမရှိ ဆိုတာကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ စတင် စစ်ဆေးနေပါတယ်။ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူတွေ၊ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိ မြို့ဖတွေပါဝင်တဲ့ အဖွဲ့တွေက ပေါက်တော မြို့နယ်ထဲမှာရှိတဲ့ ရွာ ၅ ရွာကို ဒီကနေ့ အင်္ဂါနေ့ကတည်းက စတင်ပြီး လိုက်လံစစ်ဆေးနေတာ ဖြစ်ပါ တယ်။ ဒီကနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာလဲ ၁၉၈၂ ခုနှစ် အမျိုးသားလွှတ်တော်ကို ဥပဒေ သစ်နဲ့ အစားထိုးသင့် မသင့် ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပါမယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်နေကြသူတွေဟာ နိုင်ငံသား ဟုတ်မဟုတ်၊ တရားဝင်နေထိုင်ခွင့် ရရှိထားသူ ဟုတ်မဟုတ် ဆိုတာကို ပေါက်တော မြို့နယ်ထဲမှာ စစ်ဆေးနေတာဖြစ်ပါတယ်။ ရွာငါးရွာကို ဒီကနေ့ အင်္ဂါနေ့မှာ စတင် စစ်ဆေးတဲ့ အကြောင်းကို ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဦးဝင်းမြိုင်က ဗွီအိုအေမြန်မာပိုင်းကို ခုလို ပြောပါတယ်။

“ဆင်တက်မော်၊ တိမ်နီပြင်၊ ငှက်ချောင်း၊ နောက် ဆင်ကဲပြင်၊ ငါးဝက်ချောင်း အဲဒီ ငါးရွာပါ။”

တပြိုတည်း စစ်တာပါလား။

"ဟုတ်ကဲ့။ တပြိုင်တည်းစစ်တာပါ။ ဒီကနေ အင်အား အပြည့်အစုံနဲ့သွားတာပါ။ ကျနော်တို့က စစ်တဲ့အခါကျတော့ ဒီရွာစစ်ရင် ဟိုဘက်ကဝင်လာ၊ ဟိုဘက်ကစစ်တဲ့အခါကျတော့ ဒီဘက်က ပြန်သွား အဲလိုတွေ ဖြစ်မှာစိုးလို့။ ၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ စစ်မှာပါ။ ဥပမာ ပေါက်တောက ပြေးလာတယ်။ ဒီမှာ လာတယ်။ မြေပုံက ပြေးလာတယ်။ ဒီမှာလာတယ်။ တခြားနေရာကနေပြီး ဒီဘက်ကို ဝင်လာမှာ ရှိတယ်လို့ ပြောတဲ့အတွက် ကျနော်တို့က ၈၂ ခုနှစ် ဥပဒေအရ ပြန်စစ်မှာပါ။ "

ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ မြို့နယ်တွေထဲကမှ ဘာကြောင့် ပေါက်တောမြို့နယ်ကို စတင်စစ်ဆေးဖို့ ရွေးချယ်ရတာပါလဲ။


“ပေါက်တောကို ရွေးချယ်တာက အဲဒီမှာ ကျွန်းလည်း ဖြစ်နေတယ်။ ကျနော်တို့က ကယ်ဆယ်ရေး စခန်း ရိက္ခာပို့တော့ နည်းနည်း အခက်အခဲရှိမယ်။ ဆိုတော့ - အဲဒီမှာ ဘယ်ကလာလဲ၊ ပေါက်တောဘက်က လာသလား၊ မြေပုံကလာတာလား၊ ကျောက်ဖြူက လာတာလား။ အဲဒါတွေ ကျနော်တို့ ပြန်စစ်မှာပါခင်ဗျ။ ”

ဒီကနေ့ စတင်စစ်တဲ့ ဆင်တက်မော်နဲ့ ငှက်ချောင်းရွာတွေဘက်ကို သွားကြည့်ခဲ့တဲ့ ဒေသခံ တယောက်ကလည်း ဘယ်သူတွေ ဘယ်လို စစ်ဆေးသလဲဆိုတာကို ခုလို ရှင်းပြပါတယ်။

“လောလောဆယ်ကတော့ သူတို့ကောက်ထားတဲ့ စာရင်းတွေနဲ့ ပြန်တိုက်ကြည့်တယ်။ ပြီးတော့ ရွာတစ်ရွာလုံးကို သူတို့က ဝိုင်းထားတယ်ပေါ့။ ရွာထဲကလူတွေလည်း အပြင်မထွက်ရဘူး၊ အပြင်ကလူတွေလည်း ရွာထဲမဝင်ရဘူး။ သူတို့အုပ်စုထဲမှာ လဝက ပါတယ်၊ ရဲ ပါတယ်။ စစ်တပ်က ပါတယ်။ ပြီးလို့ရှိရင် နစက အသင်း၊ မြို့မိမြို့ဘ ရခိုင်ဘက်က ပါတယ်။ မွတ်ဆလင်ဘက်က ပါတယ်။ သူတို့တွေလည်း သူတို့ကောက်ထားတဲ့ စာရင်းတွေကို လောလောဆယ် ပြန်တိုက် တယ်။ ပြန်ကောက်တယ်။ ပြီးလို့ရှိရင် သူတို့ထဲက တချို့တွေကကျတော့ ဟိုဘက်ရွာ ကို ရောက်နေတာရှိတယ်၊ ဒီဘက်ရွာကို ရောက်နေတာ ရှိတယ်။ အဲဒါတွေကို သူတို့ ပြန်စုနေတယ်။ ”


အခုစစ်ဆေးနေတဲ့ ရွာတွေမှာ ပင်ကိုယ်နေထိုင်နေသူတွေအပြင် ပဋိပက္ခတွေကြောင့် လာရောက် ခိုလှုံနေကြသူတွေပါရှိနေတဲ့အတွက် စစ်ဆေးမှု ဘယ်လောက်ကြာမယ်ဆိုတာကတော့ မပြောနိုင်သေးပါဘူး။

“အဲဒါကိုတော့ အချိန်ကန့်သတ်ချက် မရှိဘူးလို့ ပြောပါတယ်။ ဘယ်လောက်ကြာမလဲဆိုတာလည်း မသိဘူးတဲ့။ တပတ်ကြာရင်လည်းကြာမယ်၊ တလ ကြာရင်လည်း ကြာမယ်-တဲ့။ ”

အခုလို မြန်မာနိုင်ငံမှာ တရားဝင် နေထိုင်ခွင့် ရှိမရှိ စစ်ဆေးမှု အရ နေထိုင်ခွင့် မရှိသူတွေတွေ့ခဲ့ရင် ဘယ်လို ဆောင်ရွက်မှာလဲ ဆိုတာကို ဦးဝင်းမြိုင်ကို မေးကြည့်တော့-

“အဲဒါက လဝက ဥပဒေရှိပါတယ်ခင်ဗျ။ သူ့ဥပဒေနဲ့သူ ဆက်ပြီး လုပ်ပါ့မယ် ခင်ဗျ။”

လူဝင်မှုကြီးကြပ်ရေး ဥပဒေအတိုင်း အရေးယူနိုင်ဖို့ စစ်ဆေးနေတဲ့ ပေါက်တောမြို့နယ်ထဲက ရွာတွေမှာ ခုလို လုံခြုံရေးတာဝန်ရှိသူတွေနဲ့ ရွာတွေကို ပိတ်ပြီး စစ်ဆေးနေလို့ ရွာထဲကသူတွေ ကရော စိုးရိမ်ထိတ်လန့်နေကြပါသလား။

"သူတို့ကတော့ ၁၉၈၂ ခုနှစ် ဥပဒေအရ သူတို့ကတော့ သိပ် မကြောက်ကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ကမန် တိုင်းရင်းသားတွေ ဖြစ်တယ်။ သူတို့တွေက မှတ်ပုံတင်ရှိတယ်။ ဒါပေမဲ့ သူတို့က ကျောက်ဖြူကနေပြီး အရေးပေါ်ထွက်ပြေးလာရတော့ သူတို့မှာ အဝတ်တထည် ကိုယ်တခုပဲ ပါတယ်။ ဘာမှ မပါဘူး။ အခုလက်ရှိမှာ သူတို့မှာ နေစရာ လုံးဝ မရှိဘူး။ လယ်ကွင်းထဲမှာ ဘာလုပ်ထားလဲ ဆိုတော့ သစ်ပင်လေးနှစ်ပင်မှာ အုန်းလက်လေးကို မိုးပြီးတော့ အိပ်နေရတယ်။ လယ်ကွင်းတွေထဲမှာ။ မနေ့ညကတော့ တာပေါ်လင်စတွေ ရောက်လာတယ် လို့ ပြောတယ်။ ရောက်လာတယ် ဆိုပေမဲ့ အဲဒီ တာပေါ်လင်စတွေကို အဲဒီရွာက စစ်တပ်နဲ့ ဘာနဲ့ ရှိတဲ့အတွက် လောလောဆယ် ထုတ်မပေးသေးဘူး။

ထုတ်မပေးသေးတော့ တချို့တွေက လောလောဆယ် စက်လှေတွေပေါ်မှာ အိပ်ကြရတယ်၊ တချို့တွေက နီးစပ်ရာ အိမ်တွေမှာ အိပ်ကြတယ်၊ တချို့တွေက လယ်ကွင်းတွေထဲမှာပဲ တဲထိုးပြီးတော့ အိပ်ကြတယ်။ WFO ကနေ ဆန်ပေးထားတယ်။ ဒါပေမဲ့ သူတို့က ပြောတာက ရေတို့ ဘာတို့ကအစ အခက်အခဲတွေ အများကြီးတွေ့ရတယ်။"


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ထဲမှာ နေထိုင်နေကြသူတွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနဲ့ ကိုက်ညီ မညီ စစ်ဆေးနေချိန်မှာပဲ ဒီကနေ့ ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ ဒီဥပဒေကို ဥပဒေသစ်နဲ့ အစားထိုးသင့် မသင့်ဆိုတာကိုလည်း ဆွေးနွေးကြပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တယောက်က တင်ပြတဲ့ အဆိုကို ဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကိုဖုန်းမြင့်အောင်က ခုလို ပြောပြပါတယ်။

“ဒီအဆိုကို တင်သွင်းတဲ့လူ အများစုကတော့ ရခိုင်အမတ်များ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့ ရခိုင်အားလုံး ကလည်း ၁၉၈၂ ဥပဒေဟာ ပြုပြင်ပြောင်းလဲဖို့ မလိုဘူး၊ ခေတ်ကာလအရ ဒဏ်ကြေးငွေနဲ့ စကားလုံး အသုံးအနှုန်းသာ ပြင်ဖို့လိုတယ်။ နည်းဥပဒေအရ ခိုင်မာမှု ရှိတယ်။ ကာကွယ်မှု ရှိတယ်ဆိုတဲ့ သဘောမျိုးပဲ တင်ပြသွားပါတယ်။ တချို့ ရခိုင် အမတ်တွေကတော့ အခု တင်တဲ့အဆိုကို ကန့်ကွက်ကြောင်း၊ မလိုအပ်ကြောင်း တည့်တည့်ကြီး ပြောကြပါ တယ်။ ထောက်ခံဆွေးနွေး တဲ့လူ မရှိပါဘူး။ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြန်ဆွေးနွေးတဲ့အခါမှာလည်း ၈၈ မှာ ပေါ်တဲ့ နိုင်ငံသားဥပဒေ အားသာချက်တွေကို တင်ပြသွားပါတယ်။

ဒါ့ကြောင့် ဒီလို တင်ပြချက်တွေအရ ကျနော်တို့ အဆိုရှင်ကို ပြန်ပြီးမေးတဲ့အခါမှာ အဆိုရှင်ကတော့ သူ့အဆိုကို ပြန်လည် ရုပ်သိမ်းသွားပါတယ်။”

၁၉၄၈ ခုနှစ်မတိုင်ခင်ကတည်းက မြန်မာနိုင်ငံမှာ ရောက်ရှိ အခြေချနေထိုင်ကြသူ မိဘတွေက မွေးဖွားတဲ့ တတိယ မျိုးဆက်ကစလို့ နိုင်ငံသားအဖြစ် အသိအမှတ်ပြုပေးရမယ်လို့ ၁၉၈၂ ခုနှစ်မှာ ပြဌာန်း ထားတဲ့ နိုင်ငံသားဥပဒေထဲမှာ ပါဝင်ပါတယ်ရှင်။
XS
SM
MD
LG