သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသံအမတ်ကြီးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာန ဆင့်ခေါ်


မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ လွတ်မြောက်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ဒေသတွင်းက ရိုဟင်ဂျာတွေ အများအပြားဟာ အိမ်နီးချင်း Bangladesh နိုင်ငံအတွင်းကို နယ်စပ် ဖြတ်ကျော် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုဖြစ်ရကြောင်း Bangladesh အစိုးရက Dahka မှာရှိတဲ့ မြန်မာ သံအမတ်ကြီးကို ဆင့်ခေါ် ပြောကြားလိုက်ပြီး၊ အခုအချိန်မှာ လုပ်ပေးနိုင်တာ ကတော့ ဒုက္ခသည်တွေကို အကာကွယ်ပေးဖို့နဲ့ အကူညီပေးရေးသာ ဖြစ်တယ်လို့ နှစ်နိုင်ငံ နယ်စပ်မြို့မှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး တာဝန်ရှိသူကပြောပါတယ်။ အကြောင်းစုံကို ဦးစံမိုးဝေက တင်ပြထားပါတယ်။

အောက်တိုဘာလ ၉ရက်နေ့ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့တွေမှာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို အကြမ်းဖက် တိုက်ခိုက်တာတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အစိုးရက နယ်မြေရှင်းလင်းရေးဆောင်ရွက်ချိန်မှာ ရာနဲ့ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးနေကြောင်း အနောက်နိုင်ငံတွေ လူ့အခွင့်အရေး အုပ်စုတွေ အပြင် ကုလသအမဂ္ဂ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း ထုတ်ဖော် ပြောဆိုနေချိန်မှာပဲ Bangladesh အစိုးရကလည်း Dahka မှာရှိတဲ့ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်း ကို ဗုဒ္ဓဟူးနေ့မှာ ဆင့်ခေါ်ပြီး မြန်မာအစိုးရထံ ဒီကိစ္စနဲ့ ပတ်သက်ပြီး အသိပေးပြောကြားလိုက်ပါတယ်။

ဦးမျိုးမြင့်သန်းကို Bangladesh နိုင်ငံရဲ့ နှစ်နိုင်ငံဆိုင်ရာ ကောင်စစ်အတွင်းဝန် Kamrul Ahsan က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ခေါ်ယူ တွေ့ဆုံပြီး မြန်မာအစိုးရထံ အမှာစကားရေးသားထားတဲ့ စာကို ပေးအပ်လိုက်တာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရ လက်နက်ကိုင် တပ်ဖွဲ့တွေက ဆက်လက် ဆောင်ရွက်နေဆဲ စစ်ဆင်ရေးတွေကြောင့် ဖြစ်ပေါ်လာရတဲ့ ကြောက်မက်ဖွယ် အကျိုးဆက်တွေ၊ ယိုယွင်းနေတဲ့ နယ်မြေ အခြေအနေတွေကို Bangladesh နိုင်ငံက အလွန် စိုးရိမ်မှုဖြစ်နေရတဲ့ အကြောင်း တွေ့ဆုံပွဲအတွင်း Bangladesh အတွင်းဝန်က ပြောကြားခဲ့ပါတယ်။

လူသားချင်း စာနာမှု အထောက်ကူ ရရှိဖို့ စိုးရိမ်တကြီးနဲ့ ထွက်ပြေးလာကြတဲ့ လူတွေဟာ နယ်စပ်တလျှောက်မှာ နေထိုင်စရာနဲ့ ကာကွယ်စောင့်ရှောက်မှု ပေးဖို့ တောင်းခံနေကြတဲ့အကြောင်း မြန်မာသံအမတ် ကြီးကို Bangladesh အတွင်းဝန်က ပြောပြပါတယ်။ကလေးတွေ၊ အမျိုးသမီးတွေ၊ အသက်အရွယ် ကြီးရင့်သူတွေ အပါဝင် Bangladesh နိုင်ငံအတွင်းကို နယ်စပ်ဖြတ်ပြီး ဆက်လက်ဝင်ရောက်ဖို့ ကြိုးစားနေကြသူတွေ ထပ်ပြီး မဝင်ရောက်နိုင်အောင် Bangladesh နယ်ခြားစောင့် တပ်ဖွဲ့တွေက ဟန့်တားနေကြရပါတယ်။

ရခိုင်ပြည်နယ်အတွင်းက လူတွေ Bangladesh နိုင်ငံအတွင်းကို မဝင်ရောက်နိုင်အောင် ဟန့်တားဖို့အတွက် နယ်စပ် ဒေသကို တည်တံ့ခိုင်မြဲအောင် ကာကွယ်ရေး Bangladesh နိုင်ငံရဲ့ ကြိုးပမ်းမှုကို မြန်မာနိုင်ငံအနေနဲ့ အကူညီပေးဖို့ နိုင်ငံခြားရေးဌာန အတွင်းဝန်က တောင်းဆို လိုက်ပါတယ်။ တဆက်ထဲမှာပဲ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အရေးအခင်းနဲ့ ပတ်သက်ပြီး Bangladesh နိုင်ငံကို ဆွဲထည့် ရေးသားပြောဆိုနေကြတဲ့ မြန်မာမီဒီယာတွေကို ကန့်ကွက်ကြောင်းလည်းပြောပါတယ်။

မြန်မာသံအမတ်ကြီးကတော့ မြန်မာအစိုးရရဲ့ တရားဝင် ရပ်တည်ချက် ကို ထပ်မံ ပြောဆိုခဲ့ပြီး သူ့အနေနဲ့ Bangladesh အစိုးရရဲ့ သဘောထားကို မြန်မာ အစိုးရထံ တင်ပြပေးမှာ ဖြစ်ကြောင်းပြောကြားပါတယ်။ မြန်မာနိုင်ငံနယ်စပ် Bangladesh နယ်စပ် Cox’s Bazar မှာ ရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး လက်အောက်ခံ ရုံးခွဲရဲ့ အကြီးအကဲ John McKissisk ကတော့ -

"မကြာခင်က ဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာနဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့အတွက် အခြေအနေ၊ မူလအနေအထားအတိုင်း ပြန်ရောက်အောင် မြန်မာအစိုးရအပေါ် ဖိအားပေးတောင်းဆိုတဲ့ကိစ္စကတော့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ သဘောပါပဲ။ ဒါပေမဲ့ အခုအချိန်မှာ လုပ်နိုင်တာကတော့ ဒီလူတွေကို အကူအညီပေးဖို့နဲ့ အကာကွယ်ပေးဖို့ပဲ ဖြစ်ပါတယ်။"

Cox’s Bazar မှာ ရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး လက်အောက်ခံ ရုံးခွဲရဲ့ အကြီးအကဲ John McKissisk ပြောပြသွားတာပါ။ သူက ဆက်လက်ပြီး

"အမြဲတမ်းအတွက် ကျနော်တို့ မပြောပါဘူး။ ဘာကြောင့်လဲဆိုတော့ အခုရောက်လာတဲ့ ရိုဟင်ဂျာတွေ အပြောကတော့ အခြေအနေ ငြိမ်းချမ်းရင် သူတို့ပြန်ချင်တယ်။ သူတို့ အိမ်ပြန်မယ်။ သူတို့အိမ်တွေ ဘာဖြစ်ကုန်သလဲဆိုတာ မြင်ချင်တယ်။ သူတို့ရဲ့ ဆွေမျိုး မိတ်ဆွေတွေ ကွဲကွာကုန်ကြသူတွေ ဘာတွေဖြစ်ကုန်ကြသလဲဆိုတာ သူတို့သိချင်တယ်။ အဲဒီတော့ သူတို့ဒီမှာ အကြာကြီး မနေလိုကြဘူးလို့ ပြောပါတယ်။"

မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသူတွေ စုစုပေါင်း သုံးသောင်း လောက်ရှိတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။ မကြာခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူဦးရေ ၈၀ ကျော်ရှိတယ်လို့ လူ့ အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG