စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့သွားရောက်တဲ့ စစ်ကောင်စီ စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေရှိနေတဲ့ အမ်း-ပဒါန်းလမ်းပိုင်း အခြေအနေ သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင် ပြောပြပါမယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်း ၃ စီးကို အမ်း - ပဒါန်းလမ်းပိုင်း လင်းတဲရွာနဲ့ စွန်တက်ရွာကြားမှာ ကာကွယ်ရေး တပ်ဖွဲ့တွေက ဒီဇင်ဘာ ၄ ရက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်တပ်ယာဉ် ၂ စီး ပျက်စီးသွားပြီး သေဆုံးတာတွေရှိခဲ့တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဖြစ်တဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA - Mgway) ရဲ့ စစ်ရေးတာဝန်ခံ ကိုနောင်သူရိန်က ပြောပါတယ်။
"လုံခြုံရေးပါလာတယ်။ ရိက္ခာတွေ လက်နက်ခဲယမ်းတွေပါလာတယ်။ အဲ့ဒါကို ကျွန်တော်တို့ လင်းတက်ရွာနဲ့ စွန်တဲရွာကြားမှာ အဲ့နေရာမှာ ကျွန်တော်တို့ မိုင်းဆင်ပြီးတော့ အသင့်စောင့်ကြို တိုက်ခိုက်ခဲ့တယ်။ အဲ့မှာ ၂ စီးကတော့ မိုင်းကွင်းထဲဝင်လာတယ်ပေါ့နော်။ ကား ၂ စီးကတော့ ရှေ့ ဆက်တက်သွားလို့မရအောင် ပျက်စီးသွားတယ်။ အဲ့တိုက်ပွဲမှာတော့ မျက်မြင် ၉ ယောက်လောက် ရန်သူဘက်ကနေ ကျသွားတယ်။ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေကတော့ ဘေးကင်းစွာနဲ့ ပြန်ပြီးတော့ ဆုတ်ခွါနိုင်ခဲ့တယ်ပေါ့လေ။"
အခုတိုက်ခိုက်ခံရတဲ့ ယာဉ်တွေဟာ စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို အင်အားရိက္ခာဖြည့်တင်းပြီး ရခိုင်ပြည်ထွက်ပေါက်တခုဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို နယ်မြေစိုးမိုးဖို့ စေလွှတ်တဲ့ စစ်ယာဉ်တန်းဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။
နိုဝင်ဘာ ၂၃ ရက်ကလည်း နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ ၅ နာရီနီးပါး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီတိုက်ပွဲမှာလည်း စစ်တပ်ဘက်က သေဆုံးထိခိုက်တာတွေရှိခဲ့ပြီးတဲ့နောက် ဘုံဘောကျေးရွာက နေအိမ်တွေကို မီးရှို့ခဲ့လို့ နေအိမ် ၆၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ကိုနောင်သူရိန်က ပြောပါတယ်။
"စစ်ကြောင်း အင်အား ၉၀ လောက်က ၂ နေရာကနေ ဖြန့်ပြီးတော့လာတယ်။ အဲ့အချိန်မှာ လုံခြုံရေး ကင်းပုန်းတွေနဲ့ တွေ့ပြီးတော့ စတင်ပြီးတော့ ထိတွေ့မှုဖြစ်တယ်ပေါ့။ တဆင့်ချင်းဆီးတိုးလာတဲ့အတွက် ကျွန်တော်တို့ ပြန်ဆုတ်ခဲ့ရတဲ့ အခြေအနေလေးပေါ့နော်။ တိုက်ပွဲတော့ ၅ နာရီဝန်းကျင်လောက် ကြာခဲ့တယ်။ အဲ့ထဲမှာ ရန်သူ့ဘက်က မျက်မြင် ၁၄ ယောက်လောက် ကျဆုံးခဲ့တာကို မြင်ခဲ့ရတယ်ပေါ့။ ကျွန်တော်တို့ တိုက်ပွဲအပြီး ပြန်ဆုတ်တော့ ရန်သူကစပြီးတော့ မီးရှို့တဲ့အခြေအနေ ဖြစ်သွားတာပေါ့။ အိမ်ခြေကတော့ သိရသလောက်ဆိုရင် ၆၀ ဝန်းကျင်လောက်တော့ အရှို့ခံလိုက်ရတယ်။"
အမ်း-ပဒါန်းလမ်းပိုင်းမှာ စစ်ကောင်စီ ကင်းစခန်းတွေရှိပေမယ့် လမ်းပိုင်းနေရာအချို့ကို ကာကွယ်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်တပ်ယာဉ်တန်းတွေကို မကြာခဏ မိုင်းဆွဲခြုံခို တိုက်ခိုက်နေတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ၂၀ ရက်ကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကူသွားတဲ့စစ်ယာဉ်တန်းတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဘက်က ၉ ယောက်သေဆုံးခဲ့တယ်လို့ လူထုတော်လှန်ရေးမဟာမိတ် အင်အားစုကသတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာမရှိပါဘူး။
Forum