သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်ဝန်ကြီးတဦးကို ရခိုင်လွှတ်တော်စုံစမ်းစစ်ဆေးနေ


ရခိုင်လွှတ်တော်

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီးကို ဝန်ကြီးဌာနရဲ့ စည်းမျဉ်း၊ စည်းကမ်းနဲ့ တာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ လွှတ်တော်စုံစမ်းရေး အဖွဲ့က စစ်ဆေးနေတာ သက်သေ ၁၇ ယောက်ထိရှိသွားပြီ်ဖြစ်ကြောင်း စုံစမ်းရေးအဖွဲ့ကအတည်ပြုပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ်လွှတ်တော်မှာ စစ်ဆေးခံနေရတဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းကို ဝန်ကြီးဌာနလုပ်ငန်းတွေရဲ့ ထိခိုက်နစ်နာမှုတွေကြောင့် ရာထူးကရပ်စဲပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ယောက်က တိုင်ကြားခဲ့တဲ့အတွက် ဒီလ၁၂ရက်ကစပြီး သက်သေတွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွယ်အေးက ပြောပါတယ်။

“ကျွန်တော်တို့က စစ်ဆေးတယ်ဆိုတာက ဝန်ကြီး(ဘဏ္ဍာရေးဝန်ကြီး) ရှေ့မှာကျွန်တော်တို့က သက်သေတွေကို ကျွန်တော်တို့က ကြားနာတာပေါ့။ စွပ်စွဲအပြစ်တင်တဲ့ ပုဂ္ဂိုလ်တွေ၊ သက်သေတွေက ထွက်ဆိုချက်ကို ဝန်ကြီးရှေ့တင် ကျွန်တော်တို့က မေးခွန်းတွေ မေးခိုင်းတယ်။ အဲဒီတော့ ကျွန်တော်တို့က အခု သက်သေတွေရဲ့ ထွက်ချက်နဲ့ ဝန်ကြီးဘက်ကပြန်ပြီးတော့ မေးတဲ့မေးခွန်းနဲ့ အဲဒီအချက်တွေပေါ် မူတည်ပြီး ကျွန်တော်တို့က စစ်ဆေးတာ။ စစ်ဆေးတဲ့အခါ ဒါတွေကပေါ်ပေါက်လာတာ။ သက်သေကဒီနေ့နှစ်ယောက်ပါ၊ စုစုပေါင်း ၁၇ယောက်ရှိသွားပါပြီ။”

သက်သေထွက်ဆိုတဲ့သူတွေထဲမှာ တိုင်ကြားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နစ်နာတဲ့ လုပ်ငန်းရှင်တွေပါတယ်လို့ ဆိုပါတယ်။

ဝန်ကြီး ဦးကျော်အေးသိန်းက ရွှေးကောက်ခံရတဲ့ ကိုယ်စားလှယ်ထဲကမဟုတ်ဘဲ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က အဆိုပြုခန့်ထားတဲ့ သူဖြစ်ပါတယ်။ အခုလို စစ်ဆေးခံနေရတာနဲ့ပတ်သတ်ပြီး ဝန်ကြီးဦးကျော်အေးသိန်းက မကြာခင် အကြောင်းစုံကို ရှင်းလင်းပြောပြမယ်ဆိုတဲ့အကြောင်း အခုလိုပြောပါတယ်။

“ကျွန်တော့်ဘက်ကတော့ ဘာမှ တုံ့ပြန်စရာတော့ အထွေအထူးမရှိဘူးလေ၊ သူတို့လည်း သူတို့ဥပဒေ လုပ်ထုံး၊လုပ်နည်း အတိုင်းလုပ်တာလေ။ သူတို့လုပ်ပိုင်ခွင့် အထဲကနေလုပ်တာပေါ့နော်။ ကျွန်တော်ကလည်း ကျွန်တော့ဘက်က သူတို့စွပ်စွဲတာတွေ မမှန်ကန်ဘူးဆိုတာ ဖြေရှင်းတာပေါ့။ အဲဒီဟာပါပဲ။ အသေးစိတ်တော့ ကျွန်တော်နောက်မှ ထုတ်ပြန်တာတို့ ဘာတို့ တစ်ခုရှိတယ်လေ၊ အဲဒီတော့မှပဲ အသေးစိတ်ကြည့်လိုက်ပေါ့နော်။”

ရခိုင်ပြည်နယ်လွှတ်တော်ကနေ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၂၆၃)ပုဒ်မခွဲ(ဂ) နဲ့ ဒီလ၉ရက်က ဖွဲ့စည်းပေးခဲ့တာဖြစ်ပြီး အခုရက်ပိုင်းအတွင်း စစ်ဆေးနေတဲ့ ရလာဒ်ကို ဒီလ၃၀ရက်မှာ ပြည်နယ်လွှတ်တော်ဥက္ကဌကို တင်ပြမှာဖြစ်ပါတယ်။ အဲဒီနောက် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့် စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံနေရကြောင်းနဲ့ နှုတ်ထွက်သွားတဲ့အကြောင်း သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပေမဲ့ တရားဝင်သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ NLD အစိုးရလက်ထက်မှာ အဂတိလိုက်စားမှုပပျောက်ရေး အကောင်အထည်ဖေါ်ဆောင်ရွက်ရာမှာ FDA အစားအစာနဲ့ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုကြောင့် ရာထူးကထုတ်ပယ်လိုက်ပြီး အခုအမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG