သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ထောင်စုဝန်ကြီး ကူတူးပလောင်ဒုက္ခသည်စခန်း ရောက်ရှိ


 ဒေါက်တာ ဝင်းမြတ်အေးဘင်္ဂလားဒေရှ့် ရောက်ရှိစဉ်
ဒေါက်တာ ဝင်းမြတ်အေးဘင်္ဂလားဒေရှ့် ရောက်ရှိစဉ်

ဘင်္ဂလားဒေရှ့်နိုင်ငံက သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အရေး ပြေလည်ဖို့မှာ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး စဖို့ လိုအပ်တယ်လို့ ဘင်္ဂလားဒေရှ့်နိုင်ငံ ကူတူးပလောင် ဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုလိုက်ပါတယ်။ဒုက္ခသည်တွေကတော့ ဖမ်းဆီးခံရမယ့် အရေး၊ လုံခြုံရေးနဲ့ ခွဲခြားဆက်ဆံမှု မရှိရေးကို အလေးထား ဆွေးနွေးခဲ့ကြတာပါ။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြန်မာ အစိုးရ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဘင်္ဂလားဒေရှ့် နိုင်ငံ ကူတူးပလောင် ဒုက္ခသည် စခန်းကို သွားရောက်ပြီး ဌာနေပြန်နိုင်ရေး လုပ်ငန်းစဉ်ကို ရှင်းပြခဲ့ပါတယ်။ မြန်မာ အစိုးရ အဖွဲ့ဝင် တဦးအနေနဲ့ ဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။ အခက်အခဲတွေ အားလုံး ပြေလည်ရေး အတွက် အရေးကြီးဆုံးကတော့ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး စတင်နိုင်ဖို့ ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောဆိုခဲ့ပါတယ်။

'ဒုက္ခသည် စခန်းကို သွားရောက်နိုင်ဖို့ ဘင်္ဂလားဒေရှ့် အစိုးရဘက်က စီစဉ်ပေးခဲ့တာ အတွက် အထူးဘဲ ကျေးဇူးတင်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုကလည်း အောင်မြင်ပါတယ်။ ဒီအခြေအနေတွေ အားလုံးကို ကျနော်တို့ အားလုံး ကောင်းကောင်း သိရှိထားပြီး ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို အမြန်ဆုံး စနိုင်ဖို့ပါဘဲ။ ဒါမှ အခက်အခဲ အားလုံးကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံသား လုပ်ငန်းစဉ်ကို ကျနော်တို့ဘက်က ကြိုးစားနေပြီး သူတို့ အနေနဲ့တော့ နိုင်ငံသား ဖြစ်ရေး လျှောက်ထားရမှာ ဖြစ်ပါတယ်။"

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံကြား ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို သဘောတူထားပေမယ့် အခုအချိန်ထိ မစနိုင်သေးပါဘူး။ ရိုဟင်ဂျာ ဒုက္ခသည် သိန်းနဲ့ချီ နေထိုင်နေတဲ့ ကူတူးပလောင် ဒုက္ခသည် စခန်းကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဒီကနေ့ သွားရောက်ပြီး ဒုက္ခသည် ၄၀ လောက်နဲ့ တွေ့ဆုံခဲ့တာပါ။ ဒုက္ခသည်တွေ ဆင်းရဲချို့တဲ့စွာ နေထိုင်နေရတဲ့ အပေါ် စိတ်မကောင်း ဖြစ်ရကြောင်း ပြောဆိုခဲ့ပြီး ဒုက္ခသည်တွေ မြန်မာပြည်ကို ပြန်လာဖို့လည်း ကမ်းလှမ်းခဲ့တယ်လို့ ကူတူးပလောင် ဒုက္ခသည် စခန်းမှာ နေထိုင်နေတဲ့ ဦးမောင်မောင်က ပြောပါတယ်။

"ဟုတ်တယ်။ ဌာနေရေးတဲ့အတွက် သူပြောတာက NVC ယူရမယ်၊ NVC လျောက်ရမယ် ပြီးမှ နိုင်ငံသားရမယ် ချက်ချင်းရမယ်လို့ ပြောတယ်။ သူက ကျနော်တို့ ခံစားနေရတဲ့ နိုင်ငံသားကိစ္စတို့ ကျနော်တို့ ဆုံးရှုံးခဲ့တဲ့ ဥစ္စာတို့ ကျနော်တို့ Genocide လုပ်ခံရတာတို့ ဘာမှထည့်မပြောခဲ့ဘူး။ သူပြောတာနဲ့ ကျနေ်ာ်တို့ ဘယ်လိုလို့ လက်ခံနိုင်ပါ့မလဲ ။ သူပြောတဲ့ အချက်တခုမှ လက်မခံနိုင်ဘူးလေ။ သူကယုံကြည်ပါလို့ပြောတာ ဘယ်လိုယုံကြည်ရမှာလဲ အဲဒါပဲ။"

ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးကြရတဲ့ မူဆလင်တွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ပြောဆိုနေပေမယ့် မြန်မာ အစိုးရကတော့ ရိုဟင်ဂျာ ဆိုတာကို လက်မခံသလို နိုင်ငံသား အဖြစ်လည်း အသိအမှတ်မပြုပါဘူး။ အခု ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာတွေကို ဌာနေပြန်လာပြီး NVC ကဒ်လို့ ခေါ်တဲ့ နိုင်ငံသား စိစစ်ခံမယ့်သူတွေ အတွက် သက်သေခံ ကဒ်ပြားတွေ ရယူကြပြီးနောက် နိုင်ငံသား ဖြစ်ရေး လုပ်ငန်းစဉ်ကိုလည်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးဟာ မိမိရဲ့ သဘောဆန္ဒ အတိုင်းသာ ဖြစ်ရမယ်လို့လည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရှင်းပြခဲ့တယ်လို့ ကူတူးပလောင် ဒုက္ခသည် စခန်းက ဦးမောင်မောင်က ရှင်းပြပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် အဓိက စိုးရိမ်ချက်တွေကိုတော့ မြန်မာ အစိုးရဘက်က ဖြေရှင်းမပေးနိုင်သေးဘူးလို့လည်း သူက အခုလို ပြောပါတယ်။

"ဟုတ်တယ် ကျနော်တို့ အထူးစိုးရိမ်တာက ပထဆုံးတခုစိုးရိမ်တာက သူကအကုန်လုံးကို မတရားကြံပြီး စွပ်စွဲပြီးတော့ သူက ARSA ဆိုပြီးအမှုဖွင့်ထားတယ်၊ အမှုလုပ်ထားတယ် ဆက်ပြီးတော့ဖမ်းမယ်လို့ပြောနေတာက အရေးကြီးဆုံးဖြစ်နေတယ်။ နောက်တခုက ကျနော်တို့ နိုင်ငံသားဖြစ်မှုဟာ ကျနော်တို့ကို တခြားတိုင်းရင်းသားတွေနဲ့ နည်းတူ တန်းတူမပေးပဲနဲ့ ပြန်သွားရင် ဘင်္ဂလီဆိုပြီးတော့ တပ်လိုက်ရင် ကျနော်တို့မှာလည်း ဘာမှ ဘ၀ အာမခံချက်မရှိဘူးလေ ၊ မသွားနိုင်ဘူးလေ အဲဒီ ၂ ခုက အဓိက ဖြစ်နေတယ်လေ။ နောက် လုံခြုံရေးလေ သူရဲ့ လုံခြုံရေးကို မယုံကြည်ဘူး အားမကိုးဘူး ကမ္ဘာ့ လုံခြုံရေး၊ ကုလသမဂ္ဂလုံခြုံရေး လိုအပ်မယ်လေ အဲဒီ ၃ ခုက အဓိက ကျနေတာ။"

ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသမှာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း၊ မြန်မာအစိုးရဟာလည်း ပြုပြင်ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့က ဒုက္ခသည်တွေကို ရှင်းပြခဲ့တာပါ။ ဘင်္ဂလားဒေရှ့်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာတော့ ဒီကနေ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ရဲ့ ခရီးစဉ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ဘဲ သူတို့လိုလားချက်တွေကို တောင်းဆိုဆန္ဒပြကြပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံကို သွားရောက်တဲ့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့က မနက်ဖြန်မှာတော့ ဘင်္ဂလားဒေရှ့် ပြည်ထဲရေးနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာပြည်က ဒုက္ခသည်တွေ အရေးကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG