သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာဒုက္ခသည်အရေး ကနေဒါဦးဆောင်ဖို့ အထူးကိုယ်စားလှယ် တိုက်တွန်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို Bob Rae သွားရောက်ခဲ့စဉ် (twitter )
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို Bob Rae သွားရောက်ခဲ့စဉ် (twitter )

ရိုဟင်ဂျာဒုက္ခသည်တွေကို ကနေဒါနိုင်ငံက လက်ခံလိုတဲ့ဆန္ဒရှိကြောင်းပြသဖို့နဲ့ မြန်မာနိုင်ငံမှာဖြစ်ပွါးနေတဲ့ လူသားချင်း စာနာမှုဆိုင်ရာအကျပ်အတည်းမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူဒဏ်ခတ်ဖို့တိုက်တွန်းထားတဲ့ အစီရင်ခံစာတစောင် မနေ့ကထွက်ခဲ့ပါတယ်။ ကနေဒါနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှည် Bob Rae က ကနေဒါအစိုးရကိုတင် သွင်းခဲ့တဲ့အစီရင်ခံစာပါ။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပါလိမ့်မယ်။

ကနေဒါလွှတ်တော်ကိုယ်စားလှယ်ဟောင်း Bob Rae တင်သွင်းတဲ့အစီရင်ခံစာက Tell them we’re human ကျနော်တို့ ဟာ လူသားတွေဖြစ်တယ်ဆိုတာ ပြောပြလိုက်ပါလို့ အမည်ရပါတယ်။ ရိုဟင်ဂျာမူဆလင်ပဋိပက္ခနဲ့ပတ်သက်ပြီး လေ့လာ စုံစမ်းဖို့ Bob Raeကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ကနေဒါနိုင်ငံရဲ့ မြန်မာပြည်ဆိုင်ရာအထူးကိုယ်စားလှယ်အဖြစ် ကနေဒါဝန်ကြီးချုပ် Justin Trudeauက ခန့်အပ်ခဲ့တာပါ။ ရိုဟင်ဂျာပဋိပက္ခနဲ့ပတ်သက်ပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေ ကို Bob Rae သွားရောက်ခဲ့ပါတယ်။ မနေ့ကတော့ စာမျက်နှာ၃၉မျက်နှာပါတဲ့ သူ့ရဲ့အစီရင်ခံစာကိုထုတ်ပြန်ပြီး ကနေဒါအစိုးရ ကိုတင်သွင်းခဲ့ပါတယ်။ ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကိုလည်းကျင်းပခဲ့ပါတယ်။

"အစိုးရကို ကျနော်တိုက်တွန်းထားတဲ့ ပထမတချက်က ရိုဟင်ဂျာတွေအတွက် ကနေဒါကပြောဆိုပေးဖို့နဲ့ နေရာပေးဖို့ပါ။ ရိုဟင်ဂျာတွေရဲ့အခြေအနေတွေကို ကမ္ဘာက သိအောင်ပြောပြဖို့နဲ့ ရိုဟင်ဂျာတွေသိအောင်ပြောပြဖို့က သူတို့ဟာလည်း သာမန်လူသားတွေဖြစ်တယ်၊ အခြေအနေဆိုးတွေကိုရင်ဆိုင်နေရတဲ့ တကယ့်လူတွေဖြစ်တဲ့အကြောင်း အားပေးဖို့ပါ။ ကျနော့်ရဲ့ဒုတိယတိုက်တွန်းချက်ကတော့ ကနေဒါအစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ဆိုင်တဲ့ မူဝါဒတွေရေးဆွဲချမှတ် ဖို့လိုတဲ့အကြောင်းပါ။ ကနေဒါရဲ့နိုင်ငံခြားရေးမူဝါဒဆိုင်ရာ တန်ဖိုးတွေကိုအခြေခံပြီး မြန်မာနဲ့ဘင်္ဂလားဒေ့ခရှ်နိုင်ငံတွေ အတွက် လက်တွေ့အကောင်အထည်ဖေါ်နိုင်မယ့်မူဝါဒတွေရေးဆွဲဖို့ပါ။ ရိုဟင်ဂျာတွေကြုံနေတဲ့အကျပ်အတည်းကို ကျနော်တို့တနိုင်ငံထဲ မဖြေရှင်းနိုင်ပါဘူး တခြားနိုင်ငံအဖွဲ့အစည်းတွေနဲ့ပေါင်းပြီးလုပ်ဆောင်ရမှာပါ။"

အထူးကိုယ်စားလှယ် မစ္စတာ Raeက သူ့ရဲ့အစီရင်ခံစာထဲမှာ ကနေဒါအစိုးရအနေနဲ့လုပ်ဆောင်ဖို့အကြံပြုချက် ၁၇ ခု တင်ပြထားပါတယ်။ အဲဒီအထဲမှာ ကနေဒါနိုင်ငံရဲ့ ရိုဟင်ဂျာအရေး ထောက်ပံ့ငွေတွေတိုးမြင့်ဖို့နဲ့ ပြစ်မှုကျူးလွန်သူတွေ ကိုစုံစမ်းစစ်ဆေးရေးမှာ ကနေဒါက အရေးပါထင်ရှားတဲ့အခန်းကဏ္ဍ ကနေပါဝင်ဆောင်ရွက်ဖို့ဆိုတာလည်းပါဝင်ပါတယ်။

"ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေအတွင်းမှာ ကြုံနေရတဲ့အကျပ်အတည်းတွေနဲ့ မြန်မာပြည်တွင်း မှာလည်း သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေက အန္တရာယ်ကြီးတဲ့အခြေအနေတွေနဲ့ကြုံနေရတဲ့အကြောင်း ကျနော်တို့ပြောပြဖို့ လိုပါတယ်။ ဒါက ပထမအကြံပြုချက်ပါ။ ဒုတိယအရေးကြီးတဲ့အချက်ကတော့ မြန်မာနိုင်ငံကနိုင်ငံရေးအခြေအနေပါပဲ။ အကဲစမ်းမှုတွေ အခက်အခဲတွေအများအပြားရှိနေတဲ့ နိုင်ငံရေးအခြေအနေ၊ အရပ်ဘက်နဲ့စစ်ဘက်ဆိုပြီး နှစ်ဘက်ရှိနေတဲ့ နိုင်ငံရေးအခြေအနေ၊ စစ်ဘက်က ပြည်တွင်းရေး ကိစ္စတော်တော်များများကို ချုပ်ကိုင်ထားတာပါ။ နယ်စပ်ဒေသတွေမှာလည်း တိုက်ပွဲတွေကဖြစ်နေတုန်းပါပဲ။ ဒီလိုအခြေအနေတွေကြားထဲမှာ ကျနော်တို့ကခက်ခက်ခဲခဲ လုပ်ကိုင်ရမှာဖြစ်ပါတယ်။ တတိယ အချက်ကတော့ ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေ အပေါ်မှာ တာဝန်ရှိတဲ့သူတွေကို အရေးယူဖို့ပါပဲ။"

ရိုဟင်ဂျာအကျပ်အတည်းကိုဖြေရှင်းရာမှာ ရင်ဆိုင်ကြုံတွေ့ရမယ့်အခြေအနေတွေနဲ့လုပ်ဆောင်သင့်တဲ့အခြေအနေတွေ ကိုလည်း Bob Raeက ဆက်ပြီးရှင်းပြပါတယ်။

"အစီရင်ခံစာထဲမှာ ကြီးမားတဲ့အချက်၃ချက် ကိုလည်း ကျနော်ရှင်းပြထားပါတယ်။ ရိုဟင်ဂျာပြဿနာကို ကျနော်တို့ဝင်ပြီး ဆောင်ရွက်ဖြေရှင်းနေတယ်ဆိုတာကို ထင်ထင်ရှားရှားပြသဖို့၊ ဇွဲကောင်းကောင်းနဲ့ဒီကိစ္စကို ဆောင်ရွက်ဖို့နဲ့ စိတ်ရှည်သီး ခံပြီးလုပ်ဆောင်ဖို့တို့ပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးတို့ ဥပဒေစိုးမိုးရေးတို့ဆိုတာတွေက အရေးကြီးတာတွေမဟုတ်ဘူး ၊ လူ့အခွင့်အရေးကို ကာကွယ်ဖို့က အရေးကြီးတာမဟုတ်ဘူးလို့ သဘောထားနေတဲ့လူတွေအတွက် ကျနော်တို့က ဒါတွေဟာအရေးကြီးတဲ့အချက်တွေဖြစ်တယ်ဆိုတာကို ပြသရမှာပါ။"

ရိုဟင်ဂျာပဋိပက္ခမှာ အပြစ်ကျူးလွန်သူတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်ကပြောဆိုမှုတွေ မရှိတဲ့အပေါ် ဝေဖန်မှုတွေကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီးဘယ်လိုမြင်သလဲ ဆိုတာကိုလည်း Bob Rae ကိုသတင်းထောက်တွေကမေးကြပါတယ်။

"အစိုးရ ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကဘာလဲဆိုတဲ့ကိစ္စဟာ အခုထိဆက်ပြီးပြောဆိုငြင်းခုန်နေရ တဲ့ကိစ္စ ဖြစ်နေတုန်းပါပဲ။ ရိုဟင်ဂျာပဋိပက္ခမှာ တာဝန်ရှိတဲ့သူတွေက ဘယ်သူတွေလဲ ဆိုတာကို ထုတ်ဖေါ်တွေ့ရှိပြီဆိုရင် အရပ်သားအစိုးဘက်ကပဲဖြစ်ဖြစ် စစ်အုပ်ချုပ်မှုဘက်ကပဲဖြစ်ဖြစ် ဘယ်သူ့ကိုမှ ဘေးဖယ်ထားပြီးချန်ထားလို့မဖြစ်ပါဘူး။ တာဝန်ရှိတဲ့သူက တာဝန်ခံရမှာပါပဲ။ ကျနော်တို့နားလည်ထားဖို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်ကို လူတော်တော် များများက သိကြတယ်ဆိုပေမဲ့ ဗိုလ်ချုပ်မှုးကြီးရဲ့နာမည်ကိုတော့ သိတဲ့သူနည်းတယ်ဆိုတာပါပဲ။ ပဋိပက္ခတွေဖြစ်ပွါးခဲ့တဲ့ နေရာမှာ အစိုးရရဲ့ထိန်းချုပ်မှုတွေတော်တော်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖြစ်ပွါးခဲ့တဲ့ကိစ္စတွေကို ထုတ်ဖေါ် ပြောဆိုသင့်တယ်လို့ကျနော်ထင်ပါတယ်။ ထုတ်ပြောသင့်တာထက်ပိုအရေးကြီးတယ်လို့ ကျနော်ထင်တာကတော့ ဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မြန်မာအစိုးရက အရေးယူဖို့ပါပဲ။ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိဖို့နဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နိုင်ရေးကလည်း အရေးကြီးတဲ့အခြေအနေတွေဖြစ်တဲ့အကြောင်း ကျနော့် အစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်"

ကနေဒါအစိုးရကိုမနေ့ကတင်သွင်းခဲ့တဲ့အစီရင်ခံစာထဲမှာ လူ့အခွင့်ရေး ချိုးဖေါက်သူတွေကို အရေးယူတဲ့ Magnitsky ဥပဒေသစ်နဲ့ မြန်မာစစ်ခေါင်းဆောင် တချို့ကို ပစ်မှတ်ထား အရေးယူဖို့လည်း Bob Raeက တိုက်တွန်းထားပါတယ်။ အရေးယူရမယ့် သူတွေ စာရင်းထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းမှူးဟောင်း ဗိုလ်မှူးချုပ် မောင်မောင်စိုးနဲ့ တခြားသူတွေကိုပါ ထည့်သွင်းဖို့လည်း တောင်းဆိုထားတာပါ။

အစီရင်ခံစာမှာ အထိကအကြံပြုတိုက်တွန်းထားတဲ့ အချက်ကတော့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေကို ကနေဒါနိုင်ငံက လက်ခံဖို့လိုလိုလားလားရှိတဲ့အကြောင်း ပြသဖို့နဲ့ ဒုက္ခသည်တွေကိုလက်ခံလိုစိတ်ရှိတဲ့ တခြားနိုင်ငံတွေကိုလည်း ရိုဟင်ဂျာတွေကိုလက်ခံရေး ကနေဒါနိုင်ငံက တိုက်တွန်းအား ပေးဖို့ပဲဖြစ်ပါတယ်။ ဒုက္ခသည်တွေပြောင်းရွှေ့အခြေချရေးနဲ့ပတ်သက်ပြီး Bob Raeရဲ့တိုက်တွန်းချက်တခုကတော့ ဒုက္ခ သည်တွေကိုလက်ခံမယ်ဆိုတဲ့အချက်ဟာ ဆက်ပြီးဖြစ်ပွါးနေတဲ့ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းတဲ့နည်းလမ်းမဖြစ်သင့်တဲ့ အကြောင်းနဲ့ ဒီလိုလက်ခံတဲ့အတွက် ပဋိပက္ခမှာတာဝန်ရှိတဲ့သူတွေကို အရေးယူဖို့ဆိုတဲ့ မြန်မာအစိုးရရဲ့တာဝန်ဟာလည်း မှေးမှိန်မသွားသင့်ဘူးလို့ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG