သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ရိုဟင်ဂျာတွေ မလေးရှားရေပိုင်နက်မှာ တွေ့ရှိ


လှေစီးပြေး ရိုဟင်ဂျာတွေ မလေးရှားရေပိုင်နက်မှာ တွေ့ရှိ
လှေစီးပြေး ရိုဟင်ဂျာတွေ မလေးရှားရေပိုင်နက်မှာ တွေ့ရှိ

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေလို့ ယူဆရသူ ၅၆ ဦး လိုက်ပါလာတဲ့ စက်လှေကို မလေးရှား အာဏာပိုင်တို့က ဒီကနေ့ အင်္ဂါနေ့မှာ ကြားဖြတ်တားဆီးလိုက်ပြီး လိုက်ပါလာသူတွေကို ကမ်းခြေကို ခေါ်ဆောင်သွားပါတယ်။

မလေးရှား ရေပိုင်နက်ထဲကို စက်လှေဝင်ရောက်လာပြီးနောက် အခုလို ကြားဖြတ်တားဆီးလိုက်တာ ဖြစ်ပြီး စက်လှေကိုတော့ မြောက်ပိုင်းက လန်ကာဝီကျွန်းကို ဆွဲယူခဲ့ကြောင်း ရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး Ahmad Kamarulzaman Ahmad Badaruddin က ပြောပါတယ်။ ဒီလူတွေ လိုက်ပါလာတဲ့ စက်လှေက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ခေတ္တ ဝင်ရောက်ခဲ့ပြီး စက်လှေကို ကြံ့ခိုင်ရေးစစ်၊ စားနပ်ရိက္ခာနဲ့ လောင်စာ ဖြည့်တင်းပြီး မလေးရှားကို ထွက်လာခဲ့တာပါ။

လှေပေါ်မှာ လိုက်ပါလာသူတွေရဲ့ ဆန္ဒ အတိုင်း အခုလို မလေးရှားကို ထွက်ခွာတာ ဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တို့က ပြောဆိုထားတာပါ။ မလေးရှားနိုင်ငံကို ဆိုက်ရောက်လာတဲ့ လှေစီးလာသူတွေ ဘေးကင်းလုံခြုံမှု ရှိပေမယ့် ဒီလူတွေ ပင်ပန်းပြီး ဆာလောင်နေကြတဲ့ အတွက် အစားအစာနဲ့ ရေ ပေးထားတယ်လို့လည်း မလေးရှား ရေတပ် အကြီးအကဲက ပြောပါတယ်။ စက်လှေနဲ့ လှေပေါ်မှာ လိုက်ပါလာသူ အားလုံးကိုတော့ လူဝင်မှု ကြီးကြပ်ရေး အာဏာပိုင်တို့ထံ လွှဲပြောင်းပေးသွားမယ်လို့လည်း ပြောဆိုပါတယ်။ လှေပေါ်မှာ လိုက်ပါလာသူတွေထဲမှာတော့ အမျိုးသမီး ၁၉ ဦး၊ အမျိုးသား ၁၇ ဦး၊ ယောက်ျားလေး ၁၂ ဦးနဲ့ မိန်းကလေးငယ် ၈ ဦး ပါဝင်ကြောင်းလည်း မလေးရှား အာဏာပိုင်တို့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG