သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် စုစုပေါင်း ၇ ဦးသေဆုံး


အင်္ဂါနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို လှေနဲ့ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အနည်းဆုံး ၄ ဦး ဘင်္ဂလာဒေ့ရှ် တောင်ပိုင်း ကမ်းခြေနား အရောက် လှေမှောက်တဲ့အတွက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့က ပြောပါတယ်။ နောက်တနေရာမှာလည်း လှေနဲ့ ထွက်ပြေးလာကြတဲ့ မိသားစုတွေထဲက ကလေးငယ် ၃ ဦး ရေနစ် သေဆုံးခဲ့ရပါတယ်။ UNHCR ဌာနချုပ်ရှိရာ ဂျီနီဗာကနေ VOA သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပိုင်း Gozon Dia ကနေ မနက်ခင်း ၂ နာရီလောက်က ထွက်လာတဲ့ ငါးဖမ်းလှေထဲမှာ အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးတွေပါပါတဲ့ မိသားစု ၆ စုက လူပေါင်း ၄၂ ယောက် လိုက်လာတာ ဖြစ်ပြီး အဲဒီလှေဟာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေနား ကပ်ချိန် မနက် ၈ နာရီခွဲ လောက်မှာ လှိုင်းက သိပ်ကြီးနေတာမို့ လှေမှောက်သွားတာ ဖြစ်ကြောင်း UNHCRပြောခွင့်ရ Babar Baloch က ပြောပါတယ်။

အခင်းဖြစ်ပွါးရာ နေရာကို အဲဒီမှာ ရှိနေတဲ့ ကုလသမဂ္ဂ ကယ်ဆယ်ကူညီရေး လုပ်သားတွေနဲ့ သူတို့နဲ့အတူ လက်တွဲ လုပ်ဆောင်နေသူတွေ ချက်ချင်းသွားရောက်ပြီး အသက်ရှင် ကျန်ရစ်သူတွေ အတွက် ဆေးအကူအညီ၊ အစားအစာ၊ စောင်တွေနဲ့ အဝတ်အစားတွေ ပေးအပ်ခဲ့တယ် လို့လည်း ပြောပါတယ်။

“သိပ်ကြီးမားတဲ့ လှိုင်းတွေရဲ့ ဒဏ်ကြောင့် လှေက မှောက်သွားပြီး လှေအောက်မှာ လူတွေ ပိတ်မိကုန်တာပါ။ အတော်များများက လှေအင်ဂျင်နဲ့ ခိုက်မိပြီး ဒဏ်ရာရကုန်ပါတယ်။ အသက် ၁၅ နှစ်သားလေး တယောက်ကတော့ နေရာတင် ပွဲချင်းပြီး သေသွားပါတယ်။ ဒဏ်ရာရသူ ၂၂ ယောက်ကိုတော့ ဆေးရုံတွေ၊ NGO တွေဖွင့်ထားတဲ့ ဆေးခန်းတွေဆီ အမြန်ပို့ပေးပါတယ်။ ဒါပေမယ့် လမ်းမှာတင် ဆုံးသွားသူက ၃ ယောက်ရှိနေပါတယ်။”

ကျန် ၁၉ ယောက်ကိုတော့ ကူတူးပါလောင် စခန်းနားမှာ ရှိတဲ့ UNHCR ရဲ့ ဒုက္ခသည် ယာယီလက်ခံ စခန်းကို ခေါ်သွားတယ်လို့လည်း မစ္စ Baloch က ပြောပါတယ်။ သူတို့ကို သူတို့ရဲ့ မိသားစုတွေနဲ့ အတူ ရှိအောင်လည်း ဂရုတစိုက် လုပ်ဆောင်ပေးနေကြောင်း ပြောပါတယ်။

နောက်တနေရာဖြစ်တဲ့ Teknaf မှာလည်း လှေနဲ့ ထွက်ပြေးလာကြတဲ့ မိသားစုတွေထဲက ကလေးငယ် ၃ ဦးဟာ ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို အရောက် လှေပေါ်ကနေ ကမ်းပေါ်အသွား သူတို့ မိခင်တွေရဲ့ လက်ထက်ကနေ ပြုတ်ကျပြီး ရေနစ် သေဆုံးခဲ့ရပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို လူအစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ကြတဲ့ နောက်ပိုင်း Cox’s Bazar ကိုရောက်ရှိလာတဲ့ ဒုက္ခသည်က ၆ သိန်း ၇ ထောင်ကျော်နေပြီလို့ IOM ရွှေ့ပြောင်း အခြေချသူများ ဆိုင်ရာ နိုင်ငံတကာ အဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ယာယီ ဒုက္ခသည် စခန်းတွေကို ရောက်လာသူတွေ နေ့တိုင်းလိုလို ဆက် ရှိနေဆဲ ဖြစ်ပေမယ့် အခု နောက်ထပ် လူသစ် လာရောက်မှုကတော့ နဲနဲကြဲလာတဲ့ ပုံပေါ်နေတယ်လို့ IOM အဖွဲ့ ပြောခွင့်ရ Joel Millman ကပြောပါတယ်။

“ စခန်းတွေဟာ အန္တရာယ်ဖြစ်လောက်အောင် ကြပ်ညပ်ပြီး လူတွေပြည့်လျှံနေတာပါ။ သောက်ရေသန့် ရဖို့နဲ့ တကိုယ်ရေ သန့်ရှင်းရေး အတွက် အခြေခံ လိုအပ်ချက်တွေ ရဖို့ကလည်း အတော့်ကို အဆင်မပြေ ဖြစ်နေပါတယ်။ ရေနဲ့ စားနပ်ရိက္ခာ မရှိပဲ ရက်အတော် ကြာလာချိန်မှာ စခန်းတွေကို ရောက်လာတဲ့ ဒုက္ခသည်တွေအတွက်တော့ ရေငတ်တဲ့ ဒဏ်နဲ့ ပင်ပမ်းနွမ်းနယ် နေကြပြီး ဖျားနာသူလည်း အများအပြား ရှိနေပါတယ်။”

အစီအစဉ်မရှိပဲ ချက်ချင်း ဖြစ်သလို ဆောက်ထားတဲ့ စခန်းတွေအားလုံးမှာ နေနေကြတဲ့ ဒုက္ခသည်တွေ ကပ်ရောဂါ အန္တရာယ် မကျရောက် အောင် ကာကွယ် နိုင်ဖို့အတွက် သောက်သုံးရေ၊ တကိုယ်ရေ သန့်ရှင်းရေးနဲ့ ကျန်းမာရေး ဆိုင်ရာတွေ အရေးတကြီး လိုအပ်နေတယ်လို့လည်း Millman က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG