သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေ မိုးတွင်းအတွက်ပြင်ဆင်


ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတခု
ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတခု

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေဟာ မြန်မာနိုင်ငံပြန်သွားရရင် လုံခြုံရေးအခြေအနေ စိုးရိမ်နေကြဆဲဖြစ်ကြောင်းနဲ့ သူတို့တွေရဲ့နေရပ်ရင်းပြန်ဖို့ နှောင့်နှေးနေရတဲ့အခက်အခဲတွေနဲ့ ရေရှည်ဘဝအာမခံချက်၊ နိုင်ငံသား အခွင့်အရေး အပြည့်အဝပေးဖို့ သမ္မတကြီးထံ တင်ပြပေးဖို့ မြန်မာဝန်ကြီးကို တောင်းဆိုမယ်လို့ ပြောပါတယ်။ ဒေါက်တာ ဝင်းမြတ်အေး ရှေ့သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဆီ ပထမဆုံးအကြိမ် လာရောက်ဖို့ရှိပါတယ်။ လောလောဆယ်မှာတော့ သိန်းချီတဲ့ဒုက္ခသည်တွေ မုတ်သုံရာသီဥတုဒဏ်ခံနိုင်အောင် စခန်းတာဝန်ရှိသူတွေက နေရာရွှေ့ပြောင်းပေးဖို့ စီစဉ်သလို လမ်းတွေ ဖောက်ပေး၊ နေအိမ် အဆောက်အဦးတွေ ခိုင်ခံအောင် ဆောက်ပေးနေကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာအစိုးရရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးလည်းဖြစ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း Kofi Annan ဦးဆောင်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ရေး ကော်မတီကို ဦးဆောင်နေသူ လည်းဖြစ်တဲ့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးဟာ လာမယ့် ဧပြီလ ၁၁ ရက်နေ့ ဗုဒ္ဓဟူးနေ့ မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို သွားရောက်မှာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဒုက္ခသည်တွေနဲ့တွေ့ဆုံဖို့ ဧပြီ ၁၂ ရက်နေ့မှာ Cox’s Bazar က ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှုမှာဖြစ်ပါတယ်။

ဝန်ကြီးရောက်လာမှာကို ဒုက္ခသည်တွေက ကြိုဆိုပြီး ဝန်ကြီးကနေတဆင့် နိုင်ငံတော်သမ္မတသစ်ဦးဝင်းမြင့်ထဲကို သူတို့ရဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ နေရပ်ရင်းပြန်ဖို့ နှောင့်နှေးနေရတဲ့ အခြေအနေတွေကို တင်ပြဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေက ပြောပါတယ်။ နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးဖို့နဲ့ သူတို့ရဲ့မူလနေရာတွေမှာ ပြန်လည်နေရာချထားပေးရေး တောင်းဆိုကြမယ်လို့ ဘာလုခါလီဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံက အခုလိုပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး - ကျနော်တို့ ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်များကို လာရောက် ကြည့်ရှုမယ် ဆိုတော့ .. ဝန်ကြီးကို ကျနော်တို့ သတင်းကောင်း ပါးလိုက်ချင်ပါတယ်။ ဝန်ကြီးနဲ့တကွ ကျနော်တို့ နိုင်ငံတော်သမ္မတသစ်ပေါ့ ဦးဝင်းမြင့်ကိုလည်း ကျနော်တို့က - ရိုဟင်ဂျာလူမျိုးရေး အတွက်ကို ဆောင်ရွက်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အမှန်တရားကို လုပ်ဆောင်မယ်လို့ ကျနော်တို့က ယုံကြည်အားထားပါတယ်။ ဝန်ကြီးရောက်လာမယ်ဆိုရင် ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမယ် ဆိုပြီးတော့ ပြောသံတွေ ကြားနေရတယ်။ ကျနော်တို့ ဒုက္ခသည်တွေနဲ့ လာတွေ့မယ်လို့ အများကြီး မျှော်လင့်ပါတယ်။ တွေ့မယ်ဆိုရင် ကျနော်တို့ရဲ့ အခက်အခဲတွေကို ဝန်ကြီးကိုကျနော်တို့ တင်ပြချင်ပါတယ်။ ကျနော်တို့ရဲ့တောင်းဆိုချက်ကို ဝန်ကြီးနဲ့ သမ္မတကြီးတို့က လိုက်လျော ဆောင်ရွက်ပေးမယ် ဆိုပြီးတော့ အဲဒီလို ကျနော်တို့ယုံကြည်နေပါတယ်ခင်ဗျား”

မဆုမွန် မေး။ ။ ဝန်ကြီးနဲ့တွေ့ရင် အဓိက ဘာများတောင်းဆိုချင်ပါသလဲ။

“ကျနော်တို့ရဲ့ဝန်ကြီးနဲ့ တွေ့မယ်ဆိုရင် ကျနော်တို့က နိုင်ငံသားအခွင့်အရေး အပြည့်အဝ ပြန်လည်ရရှိဖို့နဲ့ နောက် ဘေးကင်းလုံခြုံစွာ မြန်မာနိုင်ငံက နေရပ်ဒေသကို ပြန်လည် သွားဖို့အတွက်၊ နောက် မိမိတို့ မူလကျေးရွာမှာ ပြည်လည်နေထိုင်ရေးအတွက် ကျနော်တို့က အဓိက တောင်းဆိုသွားမှာပါ။”

ရိုဟင်ဂျာဒုက္ခသည်ကိုမျိုးသန့်ကလည်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ တွေ့ရင် ဒုက္ခသည်တွေမှာ သူတို့ဘာကြောင့် နေရပ်ရင်းပြန်ဖို့ အခက်အခဲဖြစ်နေကြရသလဲ နှောင့်နှေးနေကြရသလဲဆိုတာ တင်ပြမယ်လို့ ဆိုပါတယ်။

“ ကျနော်တို့ စီစဉ်ထားတာကလဲ ကိုယ့်မူလနေရာ ကိုယ်ရရှိရေး အဲဒါကို အကုန်လုံးက တောင်းဆိုမယ်လို့ ကျနော်တို့ အဲဒီလို စီစဉ်နေတယ်။ ကျနော်တို့ နိုင်ငံသားအခွင့်အရေးအရ အပြည့်အဝပေးပြီးတော့ .. နိုင်ငံသားပြုတယ်၊ ပြန်လည် တိုင်ပင်ပြီးတော့ ကျနော်တို့ မူလနေရာ ပြန်လည်ရချင်တယ်။ ပြီးတော့ အဓိက ကျနော်တို့ဘ၀ လုံခြုံမှုပါပဲ။ ကျနော်တို့ဘ၀ လုံခြုံမှုအတွက် သူ့ကို တောင်းဆိုချင်ပါတယ်။”

အခုလတ်တလောအခြေအနေမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မကြာခင် မုတ်သုံရာသီ မိုးတွင်းကျရောက်တော့မှာမို့လို့ ဆိုးဝါးလှတဲ့ရာသီဥတုဒဏ်ခံနိုင်အောင် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

ကြိုတင်ပြင်ဆင်မှု အနေနဲ့ အဲ့ဒီ့ကအကြီးဆုံးဒုက္ခသည်စခန်းထဲမှာတော့ လမ်းပမ်းဆက်သွယ်ရေးအတွက် အဓိက အသုံးပြုဖို့ - လမ်းဖောက်လုပ်နေကြပါတယ်။ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေ တည်ရှိနေတဲ့နေရာကလည်း မိုးအများဆုံးရွာသွန်းတဲ့အပိုင်းဖြစ်နေပြီး UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး ရဲ့ ကွန်ပြူတာနဲ့ ခန့်မှန်းတွက်ချက်မှုအရ ဒုက္ခသည် တစ်သိန်းကျော်ဟာ လာမယ့်မိုးရာသီအတွင်း မိုးများပြီးမြေပြိုမှု ရေလွှမ်းမိုးမှုတွေနဲ့ ကြုံရလိမ့်မယ်လို့ တွေ့ရှိရပါတယ်။

ကော့ဇ်ဘဇားက UNHCR ရဲ့ ဒုက္ခသည်များစခန်းနေရာချထားရေး အရာရှိကတော့ JOAO SOBRAL ကတော့-

“မိုးကျလာရင် ဒီလမ်းက လုံးဝ ရွှံလမ်းကြီးဖြစ်သွားမှာမို့လို့ ကုန်တင်ကားတွေ ထရပ်ကားတွေ ဖြတ်မောင်းဖို့ လုံးဝ မဖြစ်နိုင်ပါဘူး ဒါကြောင့် ဒီကားတွေ မောင်းလို့ရတဲ့ အနေအထားဖြစ်အောင်လို့ သေချာလုပ်နေကြတာပါ။ ဒီလို စခန်းထဲ အဝင်လမ်းတင်မကဘူး ဒီစခန်းတွေကနေ ရေတွေ သေချာပြန်ထွက်ဖို့လည်း လုပ်ထားရမှာပါ။”

အခုဖောက်လုပ်တဲ့လမ်းက ကုတုပလောင်၊ ဘာလုခါလီ ဒုက္ခသည်စခန်းတွေဆီမှာ အလုပ်လုပ်ကြတဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ပေးရေးအဖွဲ့အတွက် အဓိက အသုံးပြုအားထားရမယ့်လမ်းဖြစ်ပြီး အဲ့ဒီ့ဒုက္ခသည်စခန်းတွေရဲ့ နေရာသုံးပုံတပုံက ရေလွှမ်းမိုးမှုနဲ့ကြုံရနိုင်လို့ ဒုက္ခသည် ရှစ်သောင်းခွဲကျော် နေရာထိုင်ခင်းအခက်အခဲဖြစ်မယ်လို့ UNHCR က ပြောပါတယ်။

တောင်ကုန်းတွေပေါ် နေထိုင်နေကြရတဲ့ဒုက္ခသည်အချို့ မြေပြန့်တွေဆီ ပြောင်းရွှေ့တာ သွားလာရေးအဆင်ပြေအောင် လမ်းဖောက်လုပ်နေတာတွေရှိတယ်လို့ ရိုဟင်ဂျာဒုက္ခသည်ဦးအီစလံကပြောပြပါတယ်။

“ အခုတလောမှာတော့ မိုးရာသီအတွက် IOM ဆိုပြီးတော့ ကုလသမဂ္ဂအဖွဲ့အစည်းတွေက မြေနိမ့်နေရာတွေကို ပြောင်းရွှေ့နေတာ တချို့တလေကို တွေ့ရပါတယ်။”

ယာယီတာလပတ်အမိုးအကာတွေနဲ့ နေထိုင်နေရတဲ့ဒုက္ခသည်တွေအတွက် ရာသီဥတုဒဏ်ခံနိုင်အောင် တဲအိမ်လေးတွေ တည်ဆောက်ပေးကြတယ်လို့လည်း ကိုမျိုးသန့်ကပြောပြပါတယ်။

“ မိုးရာသီလည်း ရောက်လာမှာဆိုတော့ သူတို့အတွက် အန္တရာယ်ရှိတယ်ဆိုပြီးတော့ သူတို့ကို အခြားနေရာမှာ ပြောင်းရွှေ့ပေးထားတာ။ ဟို အန္တရာယ်မရှိတဲ့နေရာမှာ ရာသီဥတုဒဏ်ကို ခံနိုင်တဲ့ - ပြီးတော့ အသွားအလာကောင်းတဲ့ နေရာကို ဆွဲသွင်းထားတာပါ။”

မုတ်သုန်ရာသီနီးကပ်လာနေတာနဲ့အမျှ ဖြစ်သလို နေထိုင်နေကြရတဲ့ ဒုက္ခသည်တွေ ဘေးအန္တရာယ် ကြုံရနိုင်ကြောင်းလည်း တာဝန်ရှိသူတွေ သတိပေးနေကြတာပါ။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကတော့ ဒုက္ခသည်တွေအတွက် ယာယီစခန်းသစ်အဖြစ် တောင်ပိုင်းကမ်းရိုးတန်းက Bhashan Char ကျွန်းမှာ စီစဉ်ထားကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG