သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လက်ထောက်အတွင်းရေးမှူးချုပ် ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံမည်


ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်လာတဲ့ ကုတုပလောင်ဒုက္ခသည်စခန်းက ဒုက္ခသည်များ။
ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်လာတဲ့ ကုတုပလောင်ဒုက္ခသည်စခန်းက ဒုက္ခသည်များ။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာအကဲခတ်ဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Andrew Gilmour ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မနက်ဖြန် သွားရောက်ဖို့ ရှိနေပါတယ်။ ဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်နဲ့ Dhaka မြို့တော်တို့ကို ၄ ရက်ကြာ သွားရောက်မှာဖြစ်ကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးက ဒီကနေ့ပဲ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

လက်ထောက်အတွင်းရေးမှူးချုပ်ဟာ ရခိုင်ပြည်နယ်က ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရှိရာ Cox’s Bazar ကို သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိ သွားရောက်မှာဖြစ်ပြီး၊ မကြာသေးခင် သီတင်းပတ်တွေက နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေနဲ့ တွေ့ဆုံစကားပြောဖို့လည်း စီစဉ်ထားပါတယ်။

ခရီးစဉ်အတွင်း ကုလသမဂ္ဂနဲ့ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ မိတ်ဖက်အဖွဲ့တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ဒေသခံ အာဏာပိုင်တွေနဲ့လည်း တွေ့ဆုံမှာပါ။ ခရီးစဉ်နောက်ဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့မှာတော့ အစိုးရအဆင့်မြင့်အရာရှိတွေ၊ ဘင်္ဂလားဒေ့ရှ် အမျိုးသားလူ့အခွင့်အရေး ကော်မရှင် တာဝန်ရှိသူတွေနဲ့ Dhaka မြို့တော်မှာ တွေ့ဆုံပြီး၊ Cox’s Bazar က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက် အုပ်စုကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းရာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့ကြောင်း၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲခဲ့ကြသလို၊ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည် ခန့်မှန်းချေ ၆ သိန်းခွဲကျော် ရှိခဲ့ကြောင်းလည်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းကို သွားရောက် ကြည့်ရှုခဲ့ကြတဲ့ အမျိုးသမီး ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ၃ ဦးကလည်း မြန်မာအစိုးရ အနေနဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့ မနေ့တုန်းက ခရီးစဉ် အဆုံးသတ်ချိန်မှာပဲ တိုက်တွန်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG