သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်များစီစစ်ခေါ်ယူရေး UNHCR ပူးပေါင်းပါဝင်မှု ကမ်းလှမ်း


ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ စီစစ်ပြန်လက်ခံရေးအစီအစဉ်မှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး UNHCR အကူအညီကို ရယူဖို့ရှိနေပြီး၊ ဒီအကူအညီဟာလည်း UEHRD ရခိုင်ပြည်နယ်တွင်းလူသားချင်းစာနာမှု အကူအညီထောက်ပံ့ရေး ၊ပြန်လည်နေရာချထားရေးနဲ့ ဖွံဖြိုးရေးစီမံကိန်းရဲ့ လမ်းညွှန်ထားချက်တွေအောက် မှာ ဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေ ပြန်လည်လက်ခံနေရာချရေးကိစ္စတွေမှာ နိုင်ငံတကာ အထူးသဖြင့် ကုလသမဂ္ဂရဲ့ စောင့်ကြည့်မှုလိုအပ်တယ်လို့ နိုင်ငံတကာရဲ့တိုက်တွန်းတောင်းဆိုချက်တွေပေါ်လာပြီးနောက် UNHCR ရဲ့ပါဝင်မှုကို အခုလို ကမ်းလှမ်းလိုက်တာဖြစ်ပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားတာပါ။

ရခိုင်မြောက်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေရ်ှနိုင်ငံဖက် ထွက်ပြေးသွားကြတဲ့ သိန်းဂဏန်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်စီစစ်လက်ခံရေးကို ဇန်နဝါရီလကုန်ပိုင်းမှာ စတင်ဖို့ မြန်မာဖက်က ပြင်ဆင်ဆောင်ရွက်ထားပေမယ့်၊ ဒုက္ခသည်တွေ ပြန်လာဖို့ ဆန္ဒမရှိသေးတာကြောင့် ဒီ အစီအစဉ်ဟာ ပျက်သလောက်ဖြစ်သွားခဲ့ရတာပါ။ ဒုက္ခသည်တွေ သူတို့ သဘောဆန္ဒအတိုင်းပြန်လာဖို့ဆိုရင် ပြန်လည်နေရာချထားမယ့် သူတို့မူရင်းဒေသတွေမှာ လုံခြုံဘေးကင်းမှုရှိဖို့ အထူးသဖြင့် နိုင်ငံတကာရဲ့စောင့်ကြပ်မှုလိုတယ်ဆိုပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေရော အစိုးရတွေကပါ ပြောခဲ့ပါတယ်။ ပြန်လည်စီစစ်လက်ခံရေးမှာ မြန်မာအစိုးရဖက်က ဖွဲ့ထားတဲ့ UEHRD က ဦးစီးဦးဆောင်လုပ်ပြီး၊ နိုင်ငံတကာအဖွဲ့အစည်းရယ်ဆိုလို့ ICRC ကြက်ခြေနီအသင်းလောက်ကိုပဲ ခွင့်ပြုခဲ့တာပါ။ ဒါပေမယ့်အခုတော့ လာမယ့် ပြန်လည်စီစစ်လက်ခံရေးအစီအစဉ်မှာတော့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ အကူအညီကို ရယူဖို့ မြန်မာအစိုးရဖက်က ကမ်းလှမ်းလိုက်ပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း နိုင်ငံတကာဆက်ဆံရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်က တရားဝင်အသိပေးလိုက်တာပါ။

“ ဒုက္ခသည်တွေ ပြန်လာရေးနဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ် အဆင့်ဆင့်တွေမှာ ပါဝင်ဖို့ UNHCR နဲ့ အခြားကုလသမဂ္ဂအေဂျင်စီတွေကို ဖိတ်ခေါ်သွားပါမယ်။ မြန်မာအာဏာပိုင်တွေဟာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ UNHCR တာဝန်ရှိသူတွေကို ဖေဖော်ဝါရီလ ၂၃ရက်နေ့က တွေ့ဆုံခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင်းလူမှုအသိုက်အဝန်းအားလုံးအတွက် ဖွံဖြိုးရေးအစီအစဉ်နဲ့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားရေး အစိုးရလုပ်ငန်းတွေမှာ ပူးပေါင်းကူညီဖို့ ဖိတ်ခေါ်လိုက်တယ်ဆိုတာကို အခု လူ့အခွင့်အရေးကောင်စီကို အသိပေးလိုက်ပါတယ်။”

မြန်မာဖက်က တာဝန်ရှိသူအချို့ကို ဗွီအိုအေက ဆက်သွယ်စုံစမ်းကြည့်ရာမှာတော့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အဆင့်သုံးဆင့် သတ်မှတ်ထားရာမှာ ဒုတိယနဲ့တတိယအဆင့်တွေမှာပဲ UNHCR ကို ပါဝင်ပတ်သက်ခွင့်ပေးဖို့ မူလက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး၊ အခုတော့ ပထမဆုံးအဆင့်ဖြစ်တဲ့ Repatriation ဒုက္ခသည်ပြန်လည်လက်ခံရေးမှာပါ UNHCR ကို တစုံတရာ ပါဝင်ခွင့်ပေးဖို့ ညှိုနှိုင်းဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး UN တာဝန်ရှိသူတွေနဲ့ မြန်မာဖက်က ပြည်ထောင်စုဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ UNHCR ဖက်က ဘယ်လို ကူညီနိုင်မလဲဆိုတာကို ကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။ ဒါပေမယ့်လည်း အစိုးရရဲ့ကော်မတီဖြစ်တဲ့ UEHRD ရဲ့ လမ်းညွှန်ချက်အောက်မှာပဲ UNHCR အနေနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အသေးစိတ်ကိုတော့ နှစ်ဖက်စလုံး ညှိုနှိုင်းဖို့ရှိနေသေးတယ်လို့သိရပါတယ်။ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးဖက်ကတော့ ဒီကိစ္စအပေါ်မှာ သီးခြားထုတ်ပြန်ချက် မကြာမီ ထုတ်ပြန်မယ်လို့ပဲ ဗွီအိုအေကို အကြောင်းပြန်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်ပို့ရေးနဲ့ပတ်သက်လို့တော့ ဘင်္ဂလားဒေ့ရ်ှဖက်မှာတော့ မူလကတည်းက UNHCR နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဇန်နဝါရီလအကုန် စမယ့် အစီအစဉ်မှာတော့ ဒုက္ခသည်တွေရော နိုင်ငံတကာရဲ့ စိုးရိမ်ချက်ကြောင့်ပါ ဘင်္ဂလားဒေ့ရ်ှဖက်က ဒီ ပြန်ပို့ရေးအစီအစဉ်မှာ မူလသတ်မှတ်ချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့် မကြာခင်ကပဲ မြန်မာ ပြည်ထဲရေးဝန်ကြီးနဲ့အဖွဲ့ ဘင်္ဂလားဒေရ်ျနိုင်ငံကို သွားရောက်ဆွေးနွေးခဲ့ပြီးတဲ့နောက်၊ ဒုက္ခသည်တွေပြန်ပို့ရေးအတွက် အပြန်အလှန်စာရင်းပေးပို့တဲ့ လုပ်ငန်းစဉ်တွေ ပြန်လည်စတင်နိုင်နေပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG