ရခိုင်ပြည်နယ်အတွင်း UN အဖွဲ့အစည်းခြောက်ဖွဲ့ရဲ့ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် ဂျပန်အစိုးရကနေ မြန်မာအစိုးရကို ဂျပန်ယန်းငွေ၂.၂ ဘီလီယံ အလှူငွေပေးအပ်လိုက်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွေကို ကွင်းဆင်းကြည့်ရှု့ပြီးတဲ့နောက်မှ အကူညီတွေဆက်ပေးဖို့ ဂျပန်အစိုးရဘက်က ဆုံးဖြတ်ခဲ့တာလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ ရခိုင်ပါတီဘက်က ဝေဖန်မှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်တွင်း ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ရခိုင်ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ သူကဆိုပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုကနေ ဂျပန်နိုင်ငံအစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွက် ဂျပန်ယန်းငွေ ၂.၂ဘီလီယံ အကူအညီပေးဖို့ သဘောတူညီခဲ့တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးက မနေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်အတွက် စီမံကိန်း ၂ရပ်အတွက် လက်မှတ်ရေးထိုးပွဲမှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီအလှူငွေတွေကို အဓိကအားဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေတဲ့ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အဓိကထား လှူဒါန်းတာဖြစ်ပါတယ်။
ဂျပန်အစိုးရရဲ့ အထောက်အပံ့ ကူညီငွေတွေကို UEHRD စီမံကိန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ UNICEF, WFP, UNFPA, UNDP, UNHCR, UN Woman အဖွဲ့တွေက ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်အစီအစဉ်ဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
" ဂျပန်နိုင်ငံက မြန်မာနိုင်ငံ ရခိုင်ဒေသက ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဖို့ UEHRD က တဆင့် UN အဖွဲ့အစည်းတွေကို လှူဒါန်းတယ်။ အဓိကကတော့ UNICEF, WFP, UNFPA, UNDP, UNHCR, UN Woman ပါတယ် အားလုံးခြောက်ဖွဲ့ပေါ့။ လုပ်ငန်းနဲ့ပတ်သက်တဲ့ ဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီးတော့ စီမံကိန်းတွေ ရေးဆွဲမယ်။ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလည်းပါတယ်။"
ဂျပန်နိုင်ငံအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး Mr. Taro Kono အနေနဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရခိုင်ပြည်နယ်၊ မောင်တောက နေရပ်တိမ်းရှောင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံနေရာချထားရေးစခန်းတွေကို သူကိုယ်တိုင် သွားရောက်လေ့လာပြီးနောက်မှာတော့ ဒီလိုမျိုး ဂျပန်အစိုးရဘက်ကနေ ရခိုင်ပြည်နယ်တွင်းအကူအညီတွေ ဆက်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းကိုလည်း ဂျပန်သံအမတ်ကြီးက စီမံကိန်းတွေအတွက် လက်မှတ်ရေးထိုးပွဲမှာ ပြောကြားခဲ့ပါတယ်။
အဓိကအားဖြင့်တော့ ရခိုင်ပြည်နယ်တွင်း ပြန်လည်လက်ခံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးခြင်း၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးများ ချိတ်ဆက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
" ဒါကတော့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ပြရာရောက်သလို ကျနော်တို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အောင်မြင်မယ်ဆိုတာ ဂျပန်က ပြတာနေမှာပေါ့။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးသွားတုန်းက ကျနော်တို့နဲ့ အတူတူသွားတယ်။ ကားနဲ့သွားတာလည်းရှိတယ်။ ရဟတ်ယာဉ်နဲ့သွားတာလည်းရှိတယ်။ မြင်ရ တွေ့ခဲ့ရတာတွေရှိတယ်။ ဟိုဘက်ကို ထွက်မသွားပဲနဲ့ ကျန်ခဲ့တဲ့မူဆလင်တွေနဲ့လည်း သူတွေ့တယ်။ စကားတွေပြောတယ်။ အိမ်တွေလည်း လိုက်ကြည့်တယ် နယ်စပ်ဂိတ်တွေလည်း ရောက်တယ်။ သူတို့ပြန်သွားပြီးတော့ လမ်းမှာလည်း ကျနော့်ကိုပြောတယ်။သူတို့ဘက်က တတ်နိုင်တဲ့အကူညီတွေ ပေးချင်တယ်။ လက်တွေ့လည်း တွေ့ရတယ်။လက်တွေ့လုပ်ဆောင်နေတာတွေလည်း တွေ့တယ်ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ အခုလို ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်တာနဲ့ပတ်သက်ပြီးတော့ နိုင်ငံတွေကလည်း ပူးပေါင်းဆောင်ရွက်မယ် အဖွဲ့အစည်းတွေကလည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုလို့ရှိရင် အောင်မြင်တဲ့လုပ်ငန်းစဉ်ဖြစ်မယ်ဆိုတာ သက်သေပြတာပေါ့။"
အခုလို ရခိုင်ပြည်နယ်တွင်း ရေတိုရေရှည်စီမံကိန်းတွေ အစိုးရနဲ့ အလှူရှင်နိုင်ငံတွေ ကုလလက်အောက်ခံအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အရှိန်အဟုန်မြင့်လုပ်ဆောင်နေပေမဲ့လို့ ရခိုင်ဒေသခံပြည်သူတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ဆန္ဒသဘောထားကို မတောင်းခံပဲ လုပ်ဆောင်နေတယ်လို့ ရခိုင်နိုင်ငံရေးပါတီဘက်က ဝေဖန်မှုတွေရှိနေတဲ့အပေါ် ဒေါက်တာဝင်းမြတ်အေးက အခုလိုရှင်းပြပါတယ်။
" တကယ့်တကယ်ကျတော့ ကျနော်တို့ ဆောင်ရွက်မှုတိုင်းဟာ ပူးပေါင်းဆောင်ရွက်မှု ပုံစံနဲ့ပဲ သွားတာ။ တနိုင်ငံလုံးတောင်မှာ ကျနော်တို့က ပွင့်လင်းမြင်သာမှုနဲ့သွားတာ။ Union Enterprise ဆိုတာ လုပ်ထားတယ်။ ရခိုင်တခုတည်းတင်မကပဲ တနိုင်ငံလုံးတောင် ပါဝင်နေမှတော့ ရခိုင်ပြည်သူတွေ မပါဝင်ဘူးဆိုတာ မရှိပါဘူး။ ရခိုင်ပြည်သူတွေလည်း ပါဝင်ကြပါတယ်။ ပါဝင်တာမှ ကျနော်တို့ Youth Volunteers တောင်မှ ရခိုင်တင်မကပဲနဲ့ တိုင်းရင်းသားမျိုးနွယ်စု သေးသေးလေးတွေတောင်ပါတယ်။ ဆိုတော့ အကုန်လုံးပါဝင်ကြတာပဲ နောက်ပြီးတော့ ကျနော်တို့က ဆောင်ရွက်တာတွေက ပွင့်လင်းမြင်သာမှုရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့သွားရောက်တဲ့ အကြိမ်တွေတိုင်းမှာ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ပါတယ်။ မြို့မိမြို့ဖတွေနဲ့လည်း တွေ့တယ် သံဃာတော်တွေနဲ့လည်းတွေ့တယ်။ နှစ်ဘက် အကုန်လုံးနဲ့တွေ့ပါတယ်။ ကျနော်တို့ ဒီတလအတွင်းမှာကို ၇ကြိမ်ရှိပြီခင်ဗျ အောက်ခြေအထိလေ တွေ့ပါတယ်။ လုပ်ပါတယ်ခင်ဗျ။ ပြည်သူသို့ အစီရင်ခံစာဆိုပြီး သတင်းစာထဲမှာလည်း ထည့်ပါတယ်ခင်ဗျ အားလုံးအသိပါပဲခင်ဗျ။"
ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေတဲ့ UEHRD ပြည်ထောင်စုစီမံကိန်းရဲ့ လုပ်ငန်းစဉ်တွေထဲက ဂျပန်နိုင်ငံအစိုးရအထောက်အပံ့ဖြင့် ကုလအဖွဲ့ ၆ဖွဲ့ က စတင်အကောင်အထည်ဖော်မယ့် ပြည်ထောင်စုစီမံကိန်း(၂)ရပ်အတွက် လက်မှတ်ရေးထိုးပွဲကိုလည်း ဖေဖော်ဝါရီ ၂၂ရက်နေ့ မနေ့က နေပြည်တော်မှာကျင်းပခဲ့ပြီး ဝန်ကြီးဒေါက်တာဝင်းမြတ်အေးနဲ့ မြန်မာနိုင်ငံ ဆိုင်ရာဂျပန်သံအမတ်ကြီး Mr. Tateshi HIGUCHIအပါအဝင် UN လက်အောက်ခံအဖွဲ့က ဌာနေကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။