သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတမန်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အခြေအနေလေ့လာ


သံတမန်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အခြေအနေလေ့လာ
သံတမန်အဖွဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အခြေအနေလေ့လာ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်က ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးစခန်းတွေဖြစ်တဲ့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရကြားစခန်းတွေကို ဒီကနေ့မှာ EU ဥရောပသမဂ္ဂအပါအဝင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာ သံတမန်အဖွဲ့တွေ သွားရောက် ကွင်းဆင်းလေ့လာကြတယ်လို့ ဒုက္ခသည်တွေ ပြန်လည်လက်ခံ နေရာချထားရေး ဦးဆောင်စီစဉ်နေတဲ့ ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ မြန်မာအစိုးရဘက်ကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနေရာချထားရေး အဆင်သင့်ဖြစ်အောင် ပြင်ဆင် ထားပြီးဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

အခုလို EU ဥရောပသမဂ္ဂ ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံတမန်တွေကို ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး မြန်မာအစိုးရဘက်က စီစဉ်ဆောင်ရွက် နေတာတွေနဲ့ပတ်သက်လို့ လက်ခံတဲ့ စခန်းနေရာတွေအထိ ကွင်းဆင်းပြသခဲ့တဲ့ အခြေအနေကိုတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။ ဒီကတော့ ဝန်ကြီးဦးကျော်တင် ဦးဆောင်တဲ့အဖွဲ့ ဒီနေ့သွားတယ်။ ကျနော်တို့ ဒီလက်ခံရေး စခန်း တောင်ပြိုလက်ဝဲနဲ့ ငါးခူရရယ် အဲဒီ ၂ ခုကတော့ သေချာတယ်။ အချိန်ရရင် ကျန်တဲ့နေရာတွေ သွားမယ်လို့ပြောတယ်။ ဒီကညင်ချောင်းစီးပွားရေးဇုံတို့တော့ပါနိုင်တယ်။ အဓိကတော့ တာင်ပြိုလက်ဝဲနဲ့ ငါးခူရတို့ကိုသွားတာ။ ရဟတ်ယာဉ်နဲ့ သွားပြီးတော့ လမ်းတလျောက်လည်း ကြည့်လို့ရတယ်။ ဒေသတခုလုံးကိုလည်း ကြည့်လို့ရတယ်။ နောက်ပြီးတော့ အဲဒီမှာ ရောက်တဲ့အခါကျတော့ ပြန်လည်လက်ခံရေးအတွက်ကို အဆင်သင့်ဖြစ်တယ်ဆိုတာကို ကြည့်ရှု့လို့ရတာပေါ့။ မျက်မြင်တွေ့ရတာပေါ့။

မဆုမွန်။ ။အဓိကတော့ ဘယ်လိုပုဂ္ဂိုလ်အဖွဲ့အစည်းတွေ ပါပါသလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။ဘယ်လိုအဖွဲ့အစည်းလဲဆိုတော့ နိုင်ငံခြားသံတမန်တွေ အကုန်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ သံအမတ်တွေအကုန်ပါတယ်။ သူတို့ စာရင်းပေးတာပေါ့နော် လိုက်မယ့်လူတွေပေါ့ နိုင်ငံတော်တော်စုံတယ်။ အခု ၂ သုတ်ကတော့ အဲဒါတွေပေ့ါ။ နောက်ဆုံး တသုတ်မှာတော့ သံတမန်တွေပါတဲ့အပြင်ကို UN ရှိသမျှအဖွဲ့အစည်း ပေါင်းစုံပါမယ်။

မဆုမွန်။ ။ဘယ်တော့လောက်များသွားပါမလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။အဲဒါကတော့ ၁၅ မှာ ၊ ၁၅ ရက်နေ့ကျရင် ကျနော်လိုက်ရပါမယ်။ ကျနော်ကနေ တာဝန်ယူပြီးတော့ သွားရမှာ ၁၅ ရက်နေ့ကျရင်။ UN အဖွဲ့အစည်းတွေ အကုန်ပါမယ်။ တချို့နိုင်ငံ ကျန်တဲ့ နိုင်ငံ သံတမန်တွေ ပါမယ်ပေါ့နော်

မဆုမွန်။ ။ဟုတ်ကဲ့ရှင့် အဲဒီတော့ ဝန်ကြီးတို့ ပြန်လည်လက်ခံနေရာချထားရေး နဲ့ ပတ်သက်ပြီးတော့ နောက်ဆုံးအခြေအနေကရော ဘယ်လိုများရှိပါသလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။ကျနော်တို့ကတော့ အဆင်သင့်ဖြစ်နေပြီ။ ကျနော်တို့ဘက်ကတော့ ပြန်လည်လက်ခံဖို့ နေရာချထားဖို့ ၊ ပြန်လာတဲ့လူတွေကို ကူညီပေးဖို့၊ အလုပ်အကိုင်အခွင့်အလန်းတွေ လုပ်ပေးဖို့ စသဖြင့် ပေါ့ အိမ်တွေ ဆောက်လုပ်ဖို့ ဒါတွေ ကျနော်တို့ကတော့ စီစဉ်ထားပြီးပြီလေ။ လာဖို့ကတော့ ခုနပြောသလို စာရင်းဇယားတွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံခြားရေးက ပိုသိတယ်။ ဒါပေမယ့် အခုအထိက ကျနော်တို့ကိုတော့ မပြောသေးဘူး။ စာရင်းဘယ်လောက်တို့ဆိုတာ မပြောသေးဘူးခင်ဗျ။

မဆုမွန်။ ။ဝန်ကြီးအခု နိုင်ငံတကာက သံတမန်တွေရော ၊ ကုလက တာဝန်ရှိတဲ့လူတွေရော ဒီမြေပြင်မှာသွားပြီးတော့ လေ့လာကြည့်ရှု့ခွင့် ရတဲ့အခါကျတော့ ဝန်ကြီးတို့လည်း ကိုယ်တိုင် ရှင်းပြခွင့်ရတဲ့အတွက်ပေ့ါနော် ဘယ်လိုများ အနေအထားရှိနိုင်ပါသလဲရှင့်။

ဒေါက်တာဝင်းမြတ်အေး။ ။ ကျနော်တို့ကတော့ ဥပဒေနဲ့ အညီလုပ်နေတယ်။ ကျနော်တို့ လုပ်ဖို့အတွက်ကို နဂိုကတည်းက ၂ နိုင်ငံ သဘောတူညီချက် စာချုပ်ချုပ်ပြီးတော့ ၂ ဖက် Working group တွေလည်း ဖွဲ့ပြီးပြီ ။Working groupဆိုတာက လက်တွေ့မြေပြင်မှာ ဆောင်ရွက်မယ့် Physical arrangement တို့ ဒါတွေ သေချာညှိနှိုင်းပြီးပြီ။ ဆိုတော့ ဒါ ကျနော်တို့ကတော့ တရားဝင်လုပ်ထားတာပဲ။ လုပ်ထားတဲ့အတွက်ကြောင့် ကျနော်တို့ရဲ့ လုပ်ဆောင်တဲ့ ကိစ္စတွေဟာ အားလုံးသိဖို့လိုတယ်လေ။ အဲဒါကြောင့် သူတို့က ကြည့်ချင်တယ်၊ သွားချင်တယ်ဆိုရင် ကျနော်တို့က လိုက်ပြရတာ။"

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို မဆုမွန်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG