ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ထောင်နဲ့ချီပြီး ရွှံနွံပြိုကျမှု၊ ရေကြီးမှုနဲ့ ရောဂါဖြစ်ပွားမှု စတဲ့ အန္တရာယ်တွေ ရင်ဆိုင်နေရသလို မကြာခင်ကျရောက်တော့မယ့် မုတ်သုန်ရာသီကြောင့်လည်း အခြားဘေးအန္တရာယ်တွေ ကြုံတွေ့ရဖို့ရှိကြောင်း UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက သတိပေးပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် UNHCR ဌာနချုပ်ကနေ ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့ထားတဲ့ သတင်းလွှာကို မအင်ကြင်းနိုင်က ပြောပြမှာပါ။
မတ်လ ဒါမှမဟုတ် ဧပြီလမှာ စတင်ပြီး နောက် လပေါင်း အနည်းငယ်ကြာမယ့် မုတ်သုံရာသီကြောင့် ဖြစ်လာမယ့် ဘေးအန္တရာယ်တွေ ရှောင်ရှားနိုင်ဖို့နဲ့ လျော့ပါးသက်သာစေဖို့ ကုလသမဂ္ဂ အကူအညီပေးရေး အေဂျင်စီတွေက အရေးပေါ်ပြင်ဆင်မှုတွေ လုပ်ဆောင်နေပါတယ်။
မြန်မာနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ညှမ်းပန်းနှိပ်စက်မှုတွေကြောင့် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၆၅၀,၀၀၀ ကျော်ဟာ အခုဆိုရင် သဘာဝဘေးအန္တာရာယ်ကပေးလာတဲ့ ထိတ်လန့်ကြောက်မက်ဖွယ်ကောင်းတဲ့ခြိမ်းခြောက်မှုတွေ၊ အခက်အခဲစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ကမ္ဘာမှာ အကြီးဆုံး ဒုက္ခသည်တွေနေရာချထားရေးနေရာဖြစ်လာတဲ့ စခန်းတွေမှာ ရိုဟင်ဂျာအများစုဟာ ညစ်ညမ်းပြီး ဖရိုဖရဲဖြစ်နေတဲ့ နေရာထိုင်ခင်းတွေမှာ ပြည့်ကျပ်ထိုသိပ်နေ ထိုင်နေကြတာပါ။
အနည်းဆုံး ဒုက္ခသည် ၁၀၀,၀၀၀ လောက်ဟာ မြေပြိုကျမှုတွေနဲ့ ရေကြီးမှု စိုးရိမ်ဖွယ်ရာ ဘေးအန္တရာယ်ကျရောက်ဖို့ ရှိနိုင်ကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရ Andrej Mahecic က မနေ့က သောကြာနေ့က ဂျီနီဗာကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။ ဒါအပြင် မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ အကဲဖြတ်မှုအရ ဒုက္ခသည်စခန်းနေရာတွေထဲ သုံးပုံ ပုံ တပုံလောက်ဟာ ရေလွှမ်းမိုးမှုခံရဖို့ရှိကြောင်း သူက ပြောပါတယ်။
"ရေကြီးမှုကြောင့် ဒုက္ခသည်ပေါင်း ၈၅,၀၀၀ ကျော်လောက် သူတို့နေထိုင်တဲ့ ရွက်ဖျင်တဲတွေ ဆုံးရှုံးရဖို့ ရှိနိုင်ပါတယ်။ နောက်ပြီး မတ်စောက် ဆင်ခြေလျောမှာ နေကြတဲ့ နောက်ထပ် ဒုက္ခသည်ပေါင်း ၂၃,၀၀၀ လောက်ဟာလည်း မြေပြိုကျမှုအန္တရာယ်ကြုံရဖို့ရှိနိုင်ပါတယ်။ ဒါအပြင် အိမ်သာတွေ၊ အများသုံးသန့်စင်ခန်းတွေ၊ ပိုက်နဲ့သွယ်တန်းထားတဲ့ ရေအုတ်ကန်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်ပေးတဲ့နေရာတွေ အပါအဝင် ဒုက္ခသည်စခန်းက အရေးပါတဲ့ ဝန်ဆောင်မှုတွေပေးတဲ့နေရာတွေ ရေထဲပါသွားဖို့အန္တရာယ်ရှိနေပါတယ်။"
ကူးစက်လွယ်တဲ့ ကပ်ဘေး ရောဂါ အန္တရာယ်ဖြစ်ပွားမှုကိုလည်း UNHCR က သတိပေးထားပါတယ်။ ဒါပေမယ့်လည်း မိုးသည်းထန်စွာရွာသွန်းမယ့်အခြေအနေကနေ ဒုက္ခသည်တွေကို ကာကွယ်ပေးနိုင်ဖို့ အေဂျင်စီအနေနဲ့ လုပ်ငန်းစဉ် အဆင့်တွေ စတင်ဆောင်ရွက်နေကြောင်း ပြောပါတယ်။ ဒုက္ခသည်တွေအတွက် ပိုမိုကောင်းမွန်တဲ့ နေရာထိုင်ခင်းတွေ၊ တည်ဆောက်ထားတာတွေကို ထိန်းမတ်ထားတဲ့နေရာတွေမှာ သဲအိတ်တွေနဲ့ ခုခံပေးတာ စတာတွေကို UNHCR က ကူညီပံပိုးပေးခဲ့တာပါ။
မြေပြိုကျမှုအန္တရာယ် နည်းပါးအောင် လာမယ့် သတင်းပတ်တွေမှာလည်း မတ်စောက်နေတဲ့ တောင်ကုန်း နေရာတွေမှာ တပြေးညီဖြစ်အောင် လုပ်ဆောင်ဖို့ရှိကြောင်း အေဂျင်စီကပြောပါတယ်။ ဒါအပြင် ဒုက္ခသည်စခန်းတွေထဲက အများဆုံးပြိုကျနိုင်တဲ့ အပိုင်းတွေမှာ နေထိုင်နေတဲ့ မိသားစုတချို့ကိုလည်း လုံခြုံတဲ့နေရာတွေဘက် ပြောင်းရွှေ့ပေးဖို့ရှိကြောင်း UNHCR ကပြောသွားပါတယ်။